Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၇ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၇ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၂


ပြည်တွင်းစစ်ဖြစ်နေပြီလား
 
ခုရက်ပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ အခြေအနေဟာ ပြည်တွင်းစစ်ဖြစ်ပွားမယ့် အခြေအနေမျိုးကို သက်ဆင်းနေပြီး ၄ နှစ်ကနေ နှစ် ၂၀ လောက်ထိလည်း ကြာနိုင်တယ်လို့ တချို့သော လေ့လာအကဲခတ်သူတွေ အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ကောက်ချက်ချမှု မဟုတ်ဘဲ အချို့သော Think Tank အဖွဲ့အစည်းတွေရဲ့ ခန့်မှန်း အကဲဖြတ်မှု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ပြောဆိုချက်မှာလည်း သူက အဲဒီလိုကြားသိနေရတယ်ဆိုတာမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေအနေက နိုင်ငံတကာက Think Tank တွေက နိုင်ငံရေး အဖြစ်အပျက်တွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ အဖွဲ့အစည်းတွေက ရရှိတဲ့အချက်အလက်တွေအပေါ်မှာ သုတေသနပြု ခန့်မှန်းတွက်ချက် ကြတာတွေ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း ပြည်တွင်းမှာ ဘယ်လိုတွေ ဖြစ်ပျက်နေသလဲ၊ ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်၊ မျှော်မှန်းတွေးဆမှု၊ ဆုံးဖြတ်ချက် နဲ့ အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေက သုတေသန စာတမ်းတွေက အခြေအနေတွေနဲ့ အတိုင်းအတာတခုထိ ကွာခြားစမြဲဖြစ်ပါတယ်။ 

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြောသလို ပြည်တွင်းစစ်ထဲ သက်ဆင်းနေတယ်ဆိုတာ တစိတ်တပိုင်းမှန်ပေမယ့် နကိုကတည်းက ပြည်တွင်းစစ်မီးက ရှိနှင့်နေပြီးဖြစ်ပါတယ်။  ပြည်တွင်းစစ်မီးက လွတ်လပ်ရေးရပြီးကတည်းက ဘယ်တုန်းကမှ အပြီးတိုင်ငြိမ်းခဲ့တာ မဟုတ်ပါဘူး။ တခါတခါမှာ နေရာဒေသ မတူတဲ့နေရာတွေမှာ မီးတောက်က ပြန်တောက်လောင်လာတာမျိုး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ရည်ညွှန်းတဲ့ ပြည်တွင်းစစ်ဆိုတာက ဆီးရီးယားလို အာဖဂန်လို တနိုင်ငံလုံး အနှံ့အပြား ဖြစ်ပွားတဲ့ ပြည်တွင်းစစ်လို အဆင့်မျိုးကို ရည်ညွှန်းပြောဆိုတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

မြန်မာနိုင်ငံက လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံရေးအယူဝါဒအပေါ် အခြေခံတဲ့ လက်နက်ကိုင်အဖွဲ့၊ လူမျိုးစု အခွင့်အရေးရရှိဖို့အပေါ် အခြေခံတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွက်လာခဲ့ပြီး နှစ် ၇၀ ကျော်သမိုင်းမှာ လူမျိုးစုလက်နက်ကိုင် အဖွဲ့ပေါင်း ဒါဇင်နဲ့ချီရှိခဲ့ကာ ခုလက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၂ ဒါဇင်နီးပါးနဲ့ ဗမာလူမျိုး လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ရှိနေကာ လက်နက်ကိုင် တိုက်ခိုက်မှုတွေက မြန်မာနိုင်ငံမြောက်ဖျားကနေ အနောက်ဘက်၊ အရှေ့ဘက် နယ်စပ်နဲ့တောင်ဖက် အဖျားရောက်သည်အထိ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် တိုက်ခိုက်မှုတွေ တပြိုင်နက်တည်း နေရာတိုင်းမှာ ဖြစ်ပွားတာမဟုတ်ပေမယ့် ဒေသအလိုက် စိုးမိုးထားတဲ့ ထိန်းချုပ်ထားတဲ့ အဖွဲ့တွေရဲ့  နိုင်ငံရေး ရပ်တည်ချက်၊ အမြင်၊ လက်နက်အင်အား လူအင်အား ငွေအင်အားတွေအပေါ် မူတည်ပြီး ဆယ်စုနှစ်များစွာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်လွှမ်းမိုးထားတဲ့ စစ်တပ်ကို တိုက်ခိုက်နေကြတာမျိုး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးလို့ တင်စားခေါ်ဆိုကြတဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု အပြီးမှာတော့ ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ တိုင်းဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အသစ်ထွက်ပေါ်လာပြီး နကိုစစ်အာဏာမသိမ်းမှီ ပြာဖုံးနေတဲ့ ပြည်တွင်းစစ်က လောင်စာတွေထပ်ပြည့်လာပြီး အရှိန်နဲ့ တောက်လောင်လာတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ယူကရိန်း မဟုတ်၊ ဆီးရီးယား မဟုတ်၊ အာဖဂန် မဟုတ်၊ အီရတ် မဟုတ်တာကြောင့် ဝယ်ယူတာမဟုတ်ဘဲ နိုင်ငံတချို့က လက်နက်ထောက်ပံ့မှုတွေ ခုချိန်ထိတော့ မမြင်တွေ့ရသေးပါဘူး။ ယူကရိန်း၊ ဆီးရီးယား တို့လိုဖြစ်ခဲ့ရင်တော့ နိုင်ငံတချို့ရဲ့ ကိုယ်စားပြုစစ်ပွဲနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားရန်သူ၊ နိုင်ငံရေးဝါဒအရ ရန်သူကို တိုက်ခိုက်တဲ့ စစ်ပွဲမျိုး ဖြစ်ကောင်းဖြစ် လာနိုင်ပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံ လက်ရှိအနေအထားက ကိုယ်စားပြုစစ်ပွဲ တိုက်နေတဲ့အနေအထားတော့မဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

နိုင်ငံတကာ ပါဝင်စွက်ဖက်မှုမရှိတဲ့အနေအထားမှာ ပြည်တွင်းစစ် ပိုကျယ်ပြန့်လာမလား၊ တဖြည်းဖြည်း အရှိန်လျော့သွားမလားဆိုတာက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်၊ အင်အား၊ စုစည်းမှု၊ ကွဲပြားမှုတွေပေါ်မှာ တည်မှီနေတာဖြစ်ပါတယ်။ ဗဟိုအင်အားလို့ခေါ်တဲ့ နိုင်ငံရဲ့ အရင်းအမြစ်ကို အများဆုံး ထိန်းချုပ်သုံးစွဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စုစည်းနိုင်မှုအခြေအနေ နဲ့ တဖက်မှာ အခြားသော လက်နက်ကိုင်အဖွဲ့တွေအကြား ဘုံသဘောတူညီမှု ရှိနိုင်တဲ့အခြေအနေ ၂ ခုကို နှိုင်းယှဥ်အကဲဖြတ်ပြီး ဘယ်သူအားသာနိုင်မလဲ ဘောလုံးစကားနဲ့ပြောရင် ပွဲဘယ်လောက်ပြတ်နိုင်မလဲ ဆိုတဲ့ရလဒ် ပေါ်ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ရန်သူဘက်က စုစည်းနိုင်မှု၊ လူအင်အား၊ ငွေကြေးရရှိမှု လူထုထောက်ခံမှု စတာတွေအပေါ်မှာတည်သလို မိမိတို့ဘက်မှာလည်း နိုင်ငံရေးအရ ဘုံသဘောတူညီမှု ဘုံအကျိုးစီးပွားက ဘယ်လောက်ထိ တူညီကြလဲ၊ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဆိုတာမျိုးထက် အယူအဆ၊ ရပ်တည်ချက်၊ အကျိုးစီးပွားပါ တူညီလို့ မိတ်ဆွေဖြစ်တာမျိုးကို တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်ဆိုတာတွေ အထိ နားလည် ရယူနိုင်ကြဖို့ လိုအပ်တာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar