Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၈ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၈ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၂


၃၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့၊ ၈၈ နဲ့ နွေဦး 

ရှစ်လေးလုံး နှစ်ပတ်လည်နေ့ရဲ့ အဓိကအကျဆုံး အချက်လို့ဆိုလိုက်ရင် အဲဒီနေ့၊ အဲဒီအရေးအခင်းမှာ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် အသက်ပေးခဲ့သူ အသက်ဆုံးရှုံးခဲ့ရသူအားလုံးကို အမှတ်ရဂုဏ်ပြုဖို့ ဆိုတဲ့အချက်နဲ့ အဲဒီအရေးအခင်း အဲဒီအဖြစ်အပျက်ကနေ သမိုင်းသင်ခန်းစာထုတ်နှုတ်ယူနိုင်ဖို့ ဆိုတဲ့အချက်တွေက အရေးကြီးဆုံးလို့ထင်ပါတယ်။ တရားမျှတမှုအတွက် ၈၈ ခုနှစ် အတိတ်သမိုင်းမှာကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ လုပ်ရပ်၊ အမိန့်ပေးခဲ့သူတွေ၊ ပစ်ခတ်သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို တောင်းပန်ဖို့ နောက်တဆင့် အပြစ်ပေးတာတွေ လုပ်နိုင်ဖို့လည်း လက်ရှိအချိန်အထိ ဖြစ်နိုင်ခြေမရှိသေးပါဘူး။ 

ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်ဆိုကြတဲ့ တပါတီအာဏာရှင်စနစ်၊ စစ်တပ်က လွှမ်းမိုးထားတဲ့ တပါတီစနစ်ကို အုပ်ချုပ်သူအဖြစ်ကနေ ဖယ်ရှားဖို့ သေနတ်ပြောင်းဝမှာ ရင်ကော့ပြီး အသက်အသေခံခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆန္ဒပြသူတွေရဲ့  သတ္တိ၊ ပိုင်းဖြတ်မှု ခိုင်မာမှုတွေက သမိုင်းမှာ မှတ်တမ်းတင်ခဲ့ကြပါပြီ။ 

အဲဒီလို ဆန္ဒပြမှုတွေ ၁ လကျော်ကြာ ဖြစ်ပွားပြီးနောက် အရေးအခင်းမှာ အသက်နဲ့ ရင်းပြီး စတေးခဲ့ကြသူတွေ၊ ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုကာ အာဏာသိမ်းတယ်ဆိုတဲ့ လှည့်ကွက်တခုနဲ့ နောက်ကွယ်က စစ်တပ်က စစ်ဝတ်စုံနဲ့ထွက်လာကာ ဘယ်အာဏာသိမ်းမှုနဲ့မှ မတူတဲ့ အာဏာသိမ်းမှု မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့ ကာလမှာ လက်နက်ကိုင် တော်လှန်ဖို့ နယ်စပ်ဒေသတွေ ထွက်သွားကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး တည်ထောင်ခဲ့ကြသူတွေ ဆယ်စုနှစ်နဲ့ချီ လက်နက်ကိုင် တိုက်ခဲ့ကြသူတွေကိုလည်း သမိုင်းမှာ မှတ်တမ်းတင် အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ 

နောက်တဆင့်တက် ပြန်လည်သုံးသပ်စရာကတော့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ အခြားသော အဖွဲ့ အစည်း လူပုဂ္ဂိုလ်တွေ  ရှစ်လေးလုံး အရေးတော်ပုံ အဖြစ်အပျက်ကနေ သမိုင်းသင်ခန်းစာ လုံလောက်အောင် ယူနိုင်ခဲ့ကြရဲ့လားဆိုတဲ့ အချက်ဖြစ်ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံဟာ ဒီမိုကရေစီအရေး နဲ့ လူ့အခွင့်အရေး ကို ကြွေးကြော်ခဲ့ကြတာ ဖြစ်ပြီး စစ်အာဏာရှင်တွေကတော့ နောက်ကွယ်က ဗကပက လှုံ့ဆော်ကြိုးကိုင်မှုကြောင့် ဖြစ်ပွားခဲ့တာလို့ ရှစ်လေးလုံး အရေးတော်ပုံကို သိက္ခာချခဲ့တာ ဖြစ်ပါတယ်။ အရေးတော်ပုံပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ မြေအောက်လှုပ်ရှားသူ နိုင်ငံရေးသမားတွေကို ရှစ်လေးလုံးအဖြစ်အပျက်မတိုင်မီကတည်းက ဒီလိုအရေးအခင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ဖန်တီးသူတွေ အဖြစ် ပုံဖေါ်ခဲ့ပြီး ၈၈ ခုနှစ်မတိုင်ခင် ၇၀ ခုနှစ်ကျော်အရေးအခင်းတွေမှာပါဝင်ခဲ့တဲ့ ဆန္ဒပြကျောင်းသားတွေ ဖမ်းဆီးခံခဲ့ကြရဖူးတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့မြေအောက် အဖွဲ့ဝင်တချို့နဲ့ ချိတ်ဆက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ကာ စွပ်စွဲခဲ့ပါတယ်။ 

ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ဒီလူထုလှုပ်ရှားမှုမှာ နိုင်ငံရေးအရ လမ်းကြောင်းတာ ချိတ်ဆက်လုပ်ဆောင်တာတွေ ရှိခဲ့တာ မှန်သော်လည်း လူထုရဲ့ မကြေနပ်မှု၊ မဆလ တပါတီအာဏာရှင်စနစ်ကြောင့် လူနေမှု စားဝတ်နေရေး ကြပ်တည်းမှုတွေ၊ အရေးအခင်း မပေါ်ထွက်မီ ၊ စက်တင်ဘာ ငွေစက္ကူ ဖျက်သိမ်းမှု၊ မတ်လ ဖုန်းမော်အရေးအခင်းရဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ က မဆလ ပါတီ လှည်းတံပိုးကို ပုခုံးပေါ်မှ ပြုတ်ကျအောင်ခါချဖို့ အင်အားဖြစ်စေခဲ့တာဖြစ်ပါတယ်။ 

ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့လည်း မဆလ စစ်တပ်အာဏာရှင်စနစ် ပြုတ်ကျအောင် ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံ မတိုင်မီလူထုရဲ့ မကျေနပ်မှုတွေနဲ့ ကြပ်တည်းမှုတွေ နဲ့ အရေးတော်ပုံ ပေါက်ပေါက်နိုင်တဲ့အခြေအနေကို အကဲခတ်မိပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ ပါဝင်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ရှစ်လေးလုံး အရေးတော်ပုံအပြီးမှာ စစ်တပ်က အသွင်တမျိုးနဲ့ အာဏာကို ပြန်ထိန်းချုပ်ခဲ့ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ ဆက်လက်အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ အရေးအခင်းကာလမှာ ထွက်ပေါ်လာတဲ့ခေါင်းဆောင်၊ နိုင်ငံရေးသမားဟောင်းတွေနဲ့ တပ်က အငြိမ်းစားဗိုလ်ချုပ်တချို့ပါဝင်တဲ့  အန်အယ်လ်ဒီပါတီ ဖွဲ့စည်းခဲ့ပြီး နှစ်အနည်းငယ်အတွင်း လူထုထောက်ခံမှုအများဆုံးရတဲ့ နိုင်ငံရေးပါတီ ဖြစ်လာသလို စစ်အာဏာရှင် ဆန့်ကျင်ရေးကာလတလျှောက်လုံး မြေပေါ် ပါတီအနေနဲ့ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေး အတွက် မြေပေါ်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီအပေါ် လူထုက မျှော်လင့်ချက်ထားပြီး ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အနေနဲ့တော့ ကျောင်းသားတပ်မတော်လို့ အရပ်သားအခေါ်အဝေါ်နဲ့ခေါ်ဆိုတဲ့ ABSDF အဖွဲ့ကို လည်း မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ 

နောက်ခံကမ္ဘာ့အခြေအနေအရ လက်နက်ကိုင် တော်လှန်ရေးက ထောက်ခံအားပေးမှု မရခဲ့ကြသလို အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲရလဒ်ကိုလည်း စစ်အစိုးရက အခြေခံဥပဒေ မရှိသေးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းခဲ့ရာက နိုင်ငံရေးတိုက်ပွဲက ဆယ်စုနှစ် ၂ ခုတိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲနဲ့ မဲအပြတ်အသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက အစိုးရဖြစ်၊ နောက်ဒုတိယ သက်တမ်းမှာ အန်အယ်လ်ဒီပါတီ အစိုးရဖြစ်ပြီးနောက် နောက်တကြိမ်ရွေးကောက်ပွဲမှာ တကျော့ပြန်  နိုင်ငံရေး စစ်ရေး ပဋိပက္ခဆီပြန်လည်ခဲ့ပြန်တာ ဖြစ်ပါတယ်။ 

ခု ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံဆီက ဘာအတွေ့အကြုံ သင်ခန်းစာတွေ ယူနိုင်မလဲ။ ပါတီနိုင်ငံရေးအနေနဲ့ ဆိုရင်လည်း မြေပေါ်ပါတီ ဖြစ်တဲ့ NLD အနေနဲ့ ရှစ်လေးလုံးအပြီး ပေါ်ထွက်လာတာဖြစ်လို့ အခုချိန်ထိ ဖြတ်သန်းခဲ့တဲ့ သမိုင်းကို ပြန်သုံးသပ်ပြီး ဘာသင်ခန်းစာယူမလဲ။ အလားတူ ၂၀၂၁ ခု အာဏာသိမ်းအပြီး ပေါ်ထွက်လာတဲ့ ယေဘုယျနာမည် PDF လို့ ခေါ်ဆိုကြတဲ့ လူမျိုးစုနဲ့ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ABSDF ရဲ့ ဖြတ်သန်းလျှောက်လှမ်းခဲ့တဲ့ အတွေ့အကြုံတွေဆီက ဘာတွေ သင်ခန်းစာယူမလဲဆိုတာ အရေးကြီးတဲ့ မေးခွန်း အဖိုးတန်ဆုံး အချက်လို့ ထင်မြင်မိပါတယ်။

၈၈နဲ့ ၂၁ နွေဦးတော်လှန်ရေးကို ချိန်ထိုးကြည့်မယ် ဆိုရင် ၈၈ တုန်းက ပေါ်ထွန်းခဲ့တဲ့ လူထု လူတန်းစားအလိုက် အစုအဖွဲ့တွေလိုမျိုး စစ်အာဏာရှင်၏ ဖိနှိပ်မှုအောက်မှာ ငြိမ်ဝပ်ပိပြားသွားခဲ့တာမျိုးနဲ့ ဇာတ်မသိမ်းဘဲ ၂၁ နွေဦးမျိုးဆက် အားလုံးက ဆက်ပြီး စိုက်လိုက်မတ်တပ် တိုက်ပွဲဖော်နေဆဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ 

၈၈ တုန်းက ဝန်ထမ်းသပိတ်တွေက နွေဦး၏ CDM တောက်လျောက်လှုပ်ရှားမှုအဖြစ် ဆက် မချီတက်နိုင်ခဲ့ပါဘူး။ 

၈၈ တုန်းက ကျောင်းသားသပိတ်တွေ ကျောင်းသားလူငယ်အင်အားစုတွေဟာ စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း သွေးခွဲ ဖိနှိပ်ခြင်းအောက်မှာ ထိခိုက် အားနည်းခဲ့ကြပေမယ့် နွေဦးမျိုးဆက်သစ် ကျောင်းသားလူငယ်တွေက သပိတ်တိုက်ပွဲ မြေပေါ်မြေအောက်တိုက်ပွဲတွေမှာ ဆက်လက်ချီတက်နိုင်ခဲ့ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးကို လူတန်းစားအသီးသီး၏ တိုက်ပွဲအဖြစ် ပုံဖော်နိုင်ခဲ့တာမို့ ကျောင်းသားတပ်၊ တိုင်းရင်းသားတပ်ဆိုတာမျိုး အကန့်အသတ်များကို ကျော်လွန်ပြီး လူထုလူတန်းစားပေါင်းစုံ၏ လက်နက်ကိုင် ခုခံတွန်းလှန်စစ်အဖြစ် ပီသမှု ရရှိခဲ့ပါတယ်။

၈၈ တုန်းက ပြည်သူ၏ ထောက်ခံပံ့ပိုး အားပေးမှုက စစ်အုပ်စု၏ ဖြတ်လေးဖြတ်အောက်မှာ ပြတ်တောက်ခဲ့ရပေမယ့် အခု ၂၁ နွေဦး၏ ပြည်သူတွေ၏ ထောက်ပို့မှု အားပေးမှုဟာ အကန့်အသတ်မရှိ တိုက်ပွဲဝင်သူတွေဆီ စီးဆင်းနေတာကို တွေ့ရှိနိင်ပါတယ်။ ပြည်သူတွေက တဦး တဖွဲ့ တမျိုး တဘာသာ တခုတည်းကို ကူထောက်တာထက် တိုက်ပွဲဝင်နေသူ အများဆီကို အများကနေ ထောက်ခံနေတာကလည်း ထူးခြားမှုလို့ ခေါ်နိုင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေအဖြစ် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေ၊ သပိတ်တိုက်ပွဲဝင် အဖွဲ့တွေ၊ မြေပေါ်မြေအောက် လက်နက်ကိုင်တော်လှန်သူတွေအပြင် CSO တွေ NGO တွေထဲက တက်ကြွလှုပ်ရှားသူတွေအားလုံးက မိတ်ဖက်အသွင်စုစည်းနိုင်ပြီး ဘုံရန်သူ တခုတည်းကို တော်လှန်နေကြတာကို မြင်တွေ့နေရပါတယ်။

အဲသည်ချီတက်တဲ့ ခရီးမှာ -  မြန်မာပြည်အတွက် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့ မျော်မှန်းချက်၊ ဒါကို အာမခံတဲ့ အခြေခံဥပဒေ ထူထောင်နိုင်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးတို့ကို ပြတ်သားစွာ အမြင်ရှင်းနေမှုကိုလည်း ဆက်လက်မြင်တွေ့နေရပါတယ်။

ယခင် ၈၈ အရေးတော်ပုံတုန်းက အငြင်းပွားစရာတွေ အများကြီးထဲက အရေးပါတဲ့မေးခွန်း - ဘယ်သူ ဘယ်အဖွဲ့က ခေါင်းဆောင်လဲ၊ ဘယ်သူ့နောက်ကို လိုက်ကြမှာလဲ ဆိုတဲ့ တောင်ပေါ်မြေပြန့် လူတန်းစားအသီးသီး အစုအဖွဲ့အသီးသီးကြားက မေးခွန်းနဲ့ အမျိုးမျိူးသော အဖြေတွေထက် - ၂၁ နွေဦးမှာ လူထု လူတန်းစား နယ်မြေဒေသ အဆင့်ဆင့်အလိုက် ဦးဆောင်မှုတွေကနေ လက်ရှိ NUG NUCC တို့ကို ခေါင်းစီးထား တပ်ဦးသဖွယ် သတ်မှတ်ထားကြတာလည်း ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ ၂၁ နွေဦးကို အချိန်နဲ့အမျှ ဆက်လက် စောင့်ကြည့်သွားကြရဦးမှာ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကို ခု တကယ် သင်ခန်းစာယူနိုင်ကြရဲ့လား၊ ဆိုတာမျိုးလည်း တွေးမိတယ်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar