Breaking News

တနေ့တခြား တန်ဖိုးကျလာတဲ့ မြန်မာငွေ နဲ့ အခက်ခဲဆုံးဘဝတွေ


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၃၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၂


တနေ့တခြား တန်ဖိုးကျလာတဲ့ မြန်မာငွေနဲ့ အခက်ခဲဆုံးဘဝတွေ 

နေ့စဥ် ဒေါ်လာစျေး၊ ရွှေစျေးတွေ မယုံကြည်နိုင်လောက်တဲ့ နှုန်းတွေနဲ့ မြင့်တက်နေတဲ့ သတင်းတွေက ခုရက်ပိုင်းအတွင်း စီးပွားရေး သတင်းတွေမှာ နေရာယူထားသလို ဒီမြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းက ဒီရေတက်သလို ကိုယ့်အိမ်ကိုယ့်ယာကို ရိုက်ခတ်လာပြီ ဖြစ်ပါတယ်။ ဝင်ငွေနည်းပါးသူ တနေ့လုပ်တနေ့ အလျင်မီအောင် သုံးစွဲနေရသူတွေအဖို့တော့ ဒီရေတက်လာတာ အိမ်တင်မက လူတွေပါ နစ်မြုပ်နေပြီလို့ တင်စားရလောက်တဲ့အခြေအနေ မျိုးဖြစ်နေပါတယ်။ 

ဒေါ်လာစျေး၊ ရွှေစျေး တက်တာ ကိုယ်မှ မဝယ်နိုင်တာ ကိုယ်နဲ့ တိုက်ရိုက်မဆိုင်ဘူးပြောကောင်း ပြောဆိုနိုင်ပေမယ့် တနေ့က တက်ခဲ့တဲ့ ဒေါ်လာစျေး ရွှေစျေးရဲ့ ဂယက်က နောက်ရက်အနည်းငယ် အကြာမှာ မနက်ခင်း လက်ဖက်ရည်သောက်တဲ့အခါ၊ အလုပ်သွားတဲ့အခါ စျေးနှုန်းပြောင်းလဲလာတာကို ကြုံရတဲ့အခါ လူတိုင်းကို သက်ရောက်မှုရှိနေတယ်ဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်လာပါတယ်။ 

ခါတိုင်း ဝယ်နေကျ ကျပ် ၂၀၀၀ ကျော်လောက်ရှိတဲ့ ကြက်သွန်နီက တပိသာကို ကျပ် ၃၅၀၀ လောက်ရောက်လာနေပြီး အရင်သီတင်းပတ်တွေက တပိသာ ကျပ် ၄၀၀၀ ဝန်းကျင်ရှိတဲ့ ကြက်သွန်ဖြူက ကျပ် ၇၀၀၀ ရောက်ရှိနေတာ တွေ့ရမှာပါ။ စားအုံးဆီစျေးကလည်း မြင့်တက်လာတာ တပိသာ ကျပ် ၁ သောင်းလောက်နီးနီး ရောက်လာချိန်မှာ အီကြာကွေး၊ ဆမူဆာ၊ အကြော်စုံစတာတွေရဲ့ စျေးနှုန်းတွေလည်း သိသိသာသာ မြင့်တက်လာပါတော့တယ်။ စျေးထဲက အချို့ အကြော်စုံရောင်းတဲ့ ဆိုင်တွေ ရပ်နားလိုက်ပြီး အခြားသော ဆီမသုံးရတဲ့ မုန့်တွေ လုပ်ရောင်းတာတွေ ပြောင်းလဲသွားတာ သတိပြုမိပါတယ်။ 

ပြည်ပက တင်သွင်းနေရတဲ့ နို့ဆီတွေ စျေးတက်တာကလည်း နေ့စဥ် သောက်နေကျ လက်ဖက်ရည် ဈေးနှုန်းကိုမြင့်တက်စေတာ ဖြစ်ပါတယ်။ နေ့စဥ် ပြောင်းလဲနေတဲ့ ဒေါ်လာဈေးအပေါ်မှီတည်နေတဲ့ လောင်စာဆီဈေး မြင့်တက်လာတာကြောင့် အငှားယာဥ် ငှားတဲ့အခါ၊ ကြားကားစီးတဲ့အခါ ယာဥ်စီးခတွေ မြင့်တက်လာနေတာပါ။ နယ်အဝေး ပြေးဆွဲနေတဲ့ အဝေးပြေး ခရီးသည်ယာဥ်တွေလည်း အရင်လောင်စာဆီ ဈေးနိမ့်စဥ်က လက်မှတ်ခထက် ၂ ဆ မက မြင့်တက်ကုန်တာ တွေ့ရမှာဖြစ်ပါတယ်။ အဝေးပြေးယာဥ်တွေအနေနဲ့ လောင်စာဆီဈေး မြင့်တက်တာအပြင် လမ်းခရီး လုံခြုံရေးစစ်ဆေးတဲ့ ဂိတ်တွေမှာ ပေးရတဲ့ ဂိတ်ကြေးတွေ သိသိသာသာ များလာတာ၊ အချို့သော နယ်တွေကို ဖြတ်သန်းသွားလာတဲ့အခါ အသက်အန္တရာယ်ရှိတာတွေကြောင့် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေအနေနဲ့ စွန့်စားရမှုကြောင့်လည်း ယာဥ်စီးခတွေ မကြုံဖူး မကြားဖူးတဲ့ စျေးနှုန်းတွေ ဖြစ်လာနေတာပါ။ ခုနေအခါ ပြည်တွင်း တနေရာနဲ့တနေရာ ခရီးသွားကြသူတွေအများစုဟာ အလည်အပတ် အားလပ်ရက် ဘုရားဖူး အပန်းဖြေ သွားလာမှုမျိုး မရှိသလောက် ဖြစ်နေပြီး ကုန်ရောင်းကုန်ဝယ်၊ မိသားစု အရေးကိစ္စ၊ စစ်ဘေးတိမ်းရှောင်ဖို့ မြို့ကို ယာယီပြောင်းရွှေ့လာသူတွေသာ ရှိကြတော့တဲ့ အခြေအနေဖြစ်ပြီး ခရီးသွားလုပ်ငန်းကို မှီပြီး အသက်မွေးကြတဲ့ တည်းခိုခန်း၊ စားသောက်ဆိုင် အမှတ်တရ ပစ္စည်းရောင်းချတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရသလောက် ဖြစ်လာနေတာပါ။ 

နေ့စဥ် မြင့်တက်နေတဲ့ ဈေးနှုန်းတွေ၊ ရှားပါးသည်ထက် ရှားပါးလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက အောက်ခြေအလွှာက လူအများအပြားကို အကျပ်အတည်းထဲ တွန်းပို့နေသလို ဖြစ်ပြီး အချို့သော စိတ်ပိုင်းဆိုင်ရာ ခွန်အား၊ ခံနိုင်ရည်အားနည်းသူတွေ ဘဝကို အဆုံးစီရင်မယ့် လမ်းကိုရွေးချယ်ကြတဲ့အထိ အခြေအနေက ကျပ်တည်းနေကြတာ ဖြစ်ပါတယ်။ ခုရက်ပိုင်း မိမိတဦးတည်း သတ်သေသူ ရေကန်ထဲ မြစ်ထဲ ခုန်ချသူ၊ မိသားစုဝင် ရင်သွေးကိုပါ တပါတည်းအဆုံးစီရင်သွားတဲ့ အဖြစ်အပျက်တွေ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။ 

တချို့က အခုလို အဖြစ်အပျက်တွေ သတင်းတွေက အလားတူ စိတ်ပိုင်းဆိုင်ရာ အားနည်း ထွက်ပေါက်မရှိ ဖြစ်နေတဲ့ အခြားသူတွေကိုပါ နှိုးဆွသလို ဖြစ်စေတယ်လို့ ဆိုကောင်းဆိုကြပေမယ့် လတ်တလော အဖြစ်အပျက်တွေက ဒေသတခုထဲမဟုတ် ဟိုမြို့ သည်မြို့မှာ သီးခြားစီ ဖြစ်ပျက်ကြတာမျိုး ဖြစ်ပါတယ်။ မိသားစုကို မကျွေးမွေးနိုင် လက်ရှိကုန်စျေးနှုန်းတွေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာတွေကနေ ထွက်ပေါက်လမ်းမမြင်တော့တဲ့ အဆုံး ဘဝကို အရှုံးပေးလိုက်ကြသူတွေ ဖြစ်ပါတယ်။ 

တဖက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အောင်ပွဲရဖို့ မကြာတော့ဘူး၊ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ ရက်၊ အချိန်နီးနေပြီလို့ မျှော်လင့်ချက်တွေ အားပေးမှုတွေ ထောက်ခံမှုတွေနဲ့ စိတ်အားတက်ကြွမှုတွေ ရှိနေချိန်မှာပဲ တဖက်မှာလည်း  စစ်ကောင်စီရဲ့ တလွဲစီမံခန့်ခွဲမှုကြောင့်နဲ့ ကမ္ဘာ့လုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု ကုန်ဈေးနှုန်းမြင့်တက်မှု အခြေအနေတွေက မီးလောင်ရာ လေပင့်သလို ဖြစ်စေပြီး လူထုရဲ့ လူမှုစီးပွားပြဿနာက အဆိုးဆုံးအနေအထား ရောက်နေတာ ဖြစ်ပါတယ်။ ခုသာ ခံသာရှိတဲ့ လူတန်းစားအလွှာက ပါးပါးလေးသာ ရှိပြီးအများစုက နေ့စဥ် စားသောက်နေထိုင် အသက်ရှင်ဖို့ အင်အားရှိသမျှ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ ဒေသက တောင်သူတွေ လယ်ယာ ခြံလုပ်ကိုင်သူတွေ လက်ခစား လုပ်ခစားလုပ်ကိုင်သူတွေအဖို့လည်း အသက်ဘေးအန္တရာယ်၊ နေအိမ်ပျက်စီးဆုံးရှုံးမှု မိမိတို့ လုပ်ကိုင်တတ်တဲ့ စိုက်ပျိုးရေး မလုပ်နိုင်တဲ့အခြေအနေ ရိက္ခာတွေ ဖျက်ဆီးခံရတဲ့ အခြေအနေတွေအောက်မှာ ဘဝရဲ့ အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ အလိုအပ်ဆုံးက တော်လှန်ရေးရဲ့ ပင်မရည်မှန်းချက်လည်း ဖြစ်တဲ့ တရားမျှတမှု၊ တန်းတူညီမျှ အခွင့်အရေး ၊ ပြည်သူတွေ အချင်းချင်းကူညီယိုင်းပင်းမှု တွေအပေါ် အခြေခံပြီး ဒုက္ခရောက်နေသူတွေကို မိမိမှာ ရှိတဲ့အစားအသောက်၊ လုံခြုံရေးအကူအညီ၊ စိတ်အားပြည့်လာအောင် အချင်းချင်း အားပေးနှစ်သိမ့်မှုတွေ ဖြစ်ပါတယ်။ 

ဒီလို စိတ်နေစိတ်ထား လက်တွေ့ကျင့်ကြံမှုတွေကို မလုပ်နိုင်ခဲ့ရင် မကျင့်သုံးနိုင်ခဲ့ရင် တော်လှန်ရေးဟာလည်း တော်လှန်ရေးလို့ အမည်နာမသာလျှင် ကျန်ရစ်ပြီး အနှစ်သာရက နိုင်ငံရေးအာဏာ ကိုင်စွဲမှုတရပ် အဆင့်ကို လျော့ကျသွားမှာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar