ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၃)
ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၃)
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၂
အဲဒီခေတ်က အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ရင်းဖွဲ့စည်းပုံတွေဟာ အခုခေတ်လို မဟုတ်ပါဘူး။ တပ်ရင်းတစ်ခုမှာ အရာရှိ ၃၁ ဦးနဲ့ အခြားအဆင့် ၈၂၆ ဦး၊ စုစုပေါင်း ၈၅၇ ဦး ပါဝင်တဲ့ ဖွဲ့စည်းပုံပြည့် တပ်ရင်းကြီးတွေ ဖြစ်ပါတယ်။
တပ်မတစ်ခုရဲ့ နည်းဗျူဟာတစ်ခုမှာ တပ်ရင်းသုံးရင်းစီ ပါဝင်တာကြောင့် နည်းဗျူဟာတစ်ခုရဲ့ ရှေ့ထွက်အင်အားဟာ ၂၅၀၀ လောက်ရှိပါတယ်။ ဒါ့အပြင် ရှေ့တန်းထွက်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ခြောက်လထွက် ခြောက်လ နားစေတဲ့စနစ်ကို ကျင့်သုံးနေတဲ့အချိန် ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်မကြီးတွေဟာ များသောအားဖြင့် အင်အားထောင်နဲ့ချီ စုစည်းပြီး အလုံးအရင်းနဲ့ သမားရိုးကျဆန်ဆန် စခန်းသိမ်း၊ နယ်မြေသိမ်း၊ တိုက်ပွဲကြီးတွေကို ဖော်ဆောင်လေ့ ရှိပေမဲ့ ရန်သူ့ သတင်းကို အတိအကျရရှိတဲ့အခါမျိုးတွေမှာ အကျိုးအမြတ်အပေါ် အခြေခံပြီး ချုံခိုတိုက်ပွဲကြီးတွေကိုလည်း ဖော်ဆောင်တတ်ကြပါတယ်။
ဒုဗိုလ်မှူးကြီး သူရကျော်ကျော်ချိုနဲ့ နဗဟ (၉၉၁)ရဲ့ ခြေလှမ်းအကြွကို စောင့်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ နဗဟ (၉၉၁)ရဲ့ ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ တပ်အချိန်းအပြောင်းလုပ်မယ့် သတင်းကို ကြားဖြတ်နဲ့ မြေပြင်ထောက်လှမ်းရေးသတင်းတွေအပေါ်မှာ အခြေခံပြီး အတိအကျ သိရှိခဲ့ပါတယ်။ ဒါကြောင့် ကွန်လုံအခြေစိုက် ရှေ့တန်းနဗဟရုံးက ထွက်ခွာလာမယ့် အမှတ် (၉၉၁) နည်းဗျူဟာယာဥ်တန်းကို အပိုင်ချုံခိုတိုက်ခိုက်ဖို့အတွက် ရဲဘော်ကြည်မြင့်က တိုက်ပွဲစီမံချက် ရေးဆွဲပြီး တာမိုးညဲဒေသဘက်မှာ စစ်မြှူလှုပ်ရှားနေတဲ့ ပူးပေါင်းတပ်ဖွဲ့တချို့ကို နမ့်ဖက်ကာဘက်ကို အထွက်ပြကာ ရန်သူ့စစ်ကြောင်းတွေက လိုက်လံပိတ်ဆို့အောင် လှည့်စားခဲ့ပါတယ်။
ဒါ့အပြင် နဗဟ(၉၉၁) လက်အောက်ခံ ခမရ(၁၀၉)နဲ့ တပ်ချင်းလဲဖို့ ကားလမ်းအတိုင်း ချီတက်လာတဲ့ ခမရ(၁၀၃)ရဲ့ အတက်ယာဥ်တန်းကိုလည်း ဘာမှအနှောင့်အယှက်မပေးဘဲ အသာတကြည် လွှတ်ပေးလိုက်ပြီး အဲဒီယာဥ်တန်းနဲ့အတူ ပြန်ဆင်းလာမယ့် နဗဟမှူးနဲ့ ခမရ(၁၀၉)ကို အပိုင်တွယ်ဖို့ သတ်ကွင်းပြင်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။
“တိကျချုံခို” တိုက်ပွဲပြုလုပ်မယ့် တာမိုးညဲနဲ့ ကွတ်ခိုင် အကြားမှာရှိတဲ့ မော်ဟန်အနီး ကားလမ်းရဲ့ အနောက်ဘက်ခြမ်း တောင်ကြောပေါ်မှာ ဗကပ တပ်ရင်း(၅၀၁)နဲ့ တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၁)တို့ကို “သတ်အဖွဲ့”အဖြစ်နေရာယူစေခဲ့ပါတယ်။ တပ်ရင်း(၃)ကိုတော့ “ရပ်အဖွဲ့”အဖြစ် တာမိုးညဲဘက်က ထွက်လာမယ့် ရန်သူ့စစ်ကူတပ်ဖွဲ့တွေကို ဟန့်တားစေဖို့နဲ့ တပ်မဟာအထူးတပ်ရင်းကို “ဖြတ်အဖွဲ့”အဖြစ် ကွတ်ခိုင်ဘက်က ထွက်လာမယ့် ရန်သူ့စစ်ကူတပ်ဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်ဖို့ တာဝန်တွေ ခွဲဝေပေးအပ်ခဲ့ပါတယ်။
သတ်ကွင်းကိုလည်း ရန်သူတပ်ဖွဲ့တွေကို ဘယ်လိုမှ ရုန်းမထွက်နိုင်အောင် အင်္ဂလိပ်အက္ခရာ“S” ပုံရှိတဲ့ ကားလမ်းနေရာကို ရွေးချယ်သတ်မှတ်ပြီး ၈၂-မမ လို သွယ်ဝိုက်ပစ်မော်တာတွေ ပစ်ခတ်ရမယ့်နေရာ၊ ၅၇-မမ နဲ့ ၇၅-မမ လို ပြောင်းထိုးပစ်နောက်ပွင့်ရိုင်ဖယ်တွေ ပစ်ခတ်ရမယ့်နေရာတွေနဲ့ အနီးကပ် တဟုန်ထိုး ဝင်ရောက်စီးနင်းတိုက်ခိုက်ရမယ့်နေရာတွေကို အတိအကျသတ်မှတ် နေရာချထားပေးခဲ့ပါတယ်။
လက်နက်ကြီးတွေ တင်ထားတဲ့ တောင်ကုန်းတွေကိုလည်း ရန်သူ မရိပ်မိအောင် ပစ်ကွင်းကာနေတဲ့ သစ်ပင်တွေကို ချက်ချင်းမရှင်းဘဲ တစ်ဝက်လောက်ဖြတ်ထားပြီး ပစ်ခတ်ခါနီးကာမှ အကုန်ဖြတ်ထုတ် ရှင်းလင်းစေခဲ့တယ်လို့ ဆိုပါတယ်။
သတင်းကြိုတင်ရရှိထားတဲ့အတိုင်း ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဗျူဟာရှေ့ပြေး ကွန်မင်ဒိုတပ်စုတွေကို ရှေ့ကတင်ပြီး သတိထားပြီး ဆင်းလာတဲ့ နည်းဗျူဟာ (၉၉၁) စစ်ယာဥ်တန်း သတ်ကွင်းအတွင်း ရောက်တာနဲ့ ထိပ်ပိတ်နဲ့ နောက်ပိတ်ယာဥ်တွေကို ပြောင်းထိုးပစ်ခတ်နိုင်တဲ့ ၅၇-မမ၊ ၇၅-မမ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ကာ ပျက်စီးရပ်တန့်စေပြီး ရှိသမျှလက်နက်ကြီးတွေ၊ ပွိုင့်ဖိုက်နဲ့ စက်လတ်လို စက်သေနတ်မျိုးစုံနဲ့ ခေါင်းမဖော်နိုင်အောင် ပစ်အားနဲ့ထိန်းချုပ်ကာ လက်နက်ကြီးအပစ်ရပ်တာနဲ့ ကားလမ်းဘေးတလျှောက် ရေနုတ်မြောင်းတွေထဲမှာ အသင့်နေရာယူထားကြတဲ့ မုန်တိုင်းတပ်ဖွဲ့တွေက “ကျည်ရောက်လူရောက်” တဟုန်ထိုး “အမြန်ပစ်၊ အမြန် ကောက်၊ အမြန်ဆုတ်” စနစ်နဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြတဲ့အတွက် ရန်သူဘက်က အကျအဆုံး အထိအခိုက်များပြီး ထိထိရောက်ရောက် တုံ့ပြန်ပစ်ခတ်နိုင်ခြင်းမရှိဘဲ မိနစ် ၂၀ အတွင်း တိုက်ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ဒီချုံခိုတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးကျော်ကျော်ချိုနဲ့ စစ်ဦးစီး(တ) ဗိုလ်ကြီးစိန်ဝင်းအောင် အပါအဝင် ခမရ (၁၀၉) စစ်ကြောင်း(၂)မှ အရာရှိအရာခံစစ်သည် ၄၀ကျော် ကျဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ (၉၀၆) ဆက်သွယ်ရေးစက် တစ်လုံး၊ ကာဘိုင် ၁၀လက်၊ ဂျီတူးခြောက်လက်၊ ဂျီသရီး ၁၃ လက်၊ ဂျီဖိုး ခြောက်လက်၊ စက်လတ်နှစ်လက်၊ စတင်းဂန်း သုံးလက်၊ ကျည်မျိုးစုံ ၈,၆၁၃ တောင့်၊ နှစ်လက်မစိန်ပြောင်း တစ်လက်၊ ၄၀-မမ ဗုံးပစ် လောင်ချာ သုံးလက်နဲ့ ဗုံးသီး ၆၈ လုံး၊ ၉၀-မမ ဘဇူကာလောင်ချာ တစ်လက်၊ ၈၁-မမ စိန်ပြောင်း တစ်လက်နဲ့ ဗုံးသီး ၂၀၀ ဆုံးရှုံးခဲ့ရပါတယ်။
ဒီချုံခိုတိုက်ပွဲဟာ လူအနည်းငယ်နဲ့ တိုက်ခိုက်တာမဟုတ်ဘဲ၊ ရာနဲ့ချီတဲ့ တပ်တွေနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း တိကျမှု၊ လှည့်စားမှု၊ ခြေလုံလက်လုံရှိမှု၊ အလစ်အငိုက်ရရှိမှု၊ နေရာရွေးချယ်မှု၊ တိုက်ပွဲ စီမံ ချက်ရှင်းလင်းပြတ်သားမှု၊ လက်နက်ကြီးတွေကို သူ့နေရာနဲ့သူ ပေါင်းစပ်ညှိနှိုင်းအသုံးပြုနိုင်မှု၊ ပါဝင် တိုက်ခိုက်တဲ့တပ်တွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ စစ်ပညာထက်မြက်မှုနဲ့ ဇွဲ လုံ့လ ဝီရိယ ရှိမှုတွေကြောင့်သာ အခုလို အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျား။
အရေးတော်ပုံ အောင်ရမည်
ကိုအောင်မှိုင်း
(မြန်မာ့ပြည်တွင်းစစ်သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ )
စိုးမိုးနိုင်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar