Breaking News

ကိုအောင်မှိုင်း - ကင်ဆာ ကျဆုံးပါစေ


ကိုအောင်မှိုင်း - ကင်ဆာ ကျဆုံးပါစေ

(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၂


ကင်ဆာတဲ့လား

ကင်ဆာ ကျဆုံးပါစေ။

ကစဥ့်ကလျား အတ္ထုပ္ပတ္တိများနဲ့

ဝတ်လစ်စလစ် ရာဇဝင်တွေကြား

အထားအသို ပြောင်းလဲမှုတရားက

ဟောင်းလောင်းလူ့အဖွဲ့အစည်းများတွက်

အမှန်တရားအတုတွေဟာ ကင်ဆာမဟုတ်လား။

 လောကပါလကို ဘယ်သူစောင့်စောင့်

အူမတောင့်မှ သီလစောင့်သူတွေတွက်

လေးဘက်ထောက် လျှောက်ရတဲ့အခါ

သီလစောင့်ဘို့ဆိုတာ ခက်ခဲကြောင်း

ခံစားရမှသိကြတာဟာ ကင်ဆာမဟုတ်လား။

ပန်းတိုင်းပွင့်ပါစေဆိုတိုင်း

ပန်းတိုင်းပွင့်တာတော့ မဟုတ်ဘူး

မေခမေလိခကလဲ သူ့တရားနဲ့သူ

သံလွင်စစ်တောင်းကလဲ သူ့တရားနဲ့သူ

ဧရာဝတီမြစ်ကြီးကလဲ သူ့တရားနဲ့သူ

ခေါင်းကိုသေနတ် မှန်သူတွေတွက်

သူ့တရားနဲ့သူ မဖြစ်ခဲ့လေတော့

မရေရာမှုတွေဟာ ကင်ဆာမဟုတ်လား။

ကြားနေလူတန်းစားများရင်

နိုင်ငံမတိုးတက်ဘူးလို့ ဦးသန့် မိန့်ခဲ့

ရိုက်တဲ့တုတ်ချက် အုပ်ဆက်ပါကြေမွ

သွေးစတွေပေါက်ကွဲ လူမရွေးတဲ့ပွဲ

ခြံစည်းရိုးပေါ်ခွထိုင်ခဲ့သူလဲ ကွဲပြဲ

ကွဲမှပြဲမှအမိတကြ နာတတ်ကြ

တကိုယ်ကောင်းအတ္တဟာ ကင်ဆာမဟုတ်လား။

ဖက်ဆစ်တော်လှန်ရေး

ညီညွတ်ရေးက အရေးကြီးဆုံး

ပြောမဲ့သာပြောရ ပါတ်မတီးနဲပြီး

ထိုးခွဲချင်သူများတဲ့ပွဲမှာ ဘုံရန်သူပျောက်

စစ်ခွေးတွေအိမ်ရှေ့ရောက်တော့မှငို

သူ့ကိုယ်ဆဲကိုယ့်သူဆဲ မဲမဲမြင်ရာကိုင်တုတ်

ငါလက်ထဲကခလုပ် ကီးဘုတ်နဲ့စကရင်

ဘာထင်ထင်ဂရုမစိုက် ငါမှငါတို့တသိုက်

မိုက်လိုက်ကြတာများ ကင်ဆာမဟုတ်လား။

အရိုးအရင်းမြင်ရုံနဲ့

အတိုင်းအရင်းပါပေါင်းထည့်

ခေတ်ပျက်ရင်သူဌေးဖြစ်လွယ်ဆိုဘဲ

ဥက္ကဋ္ဌဆိုသူကလဲ မျက်နှာပြောင်ပြောင်

လွတ်တော်တချိူ့လဲ ကြောင်တောင်တောင်

ဖက်ဒရယ်တချိူ့လဲ ယောင်တောင်တောင်

ဒီမိုတချိူ့လဲ ခပ်ငေါင်ငေါင်

ခေါင်းဆောင်ကြီးတချိူ့လဲ သွေးကကြောင်

မောင်မောင်ခေါ်လေ ထီးရိုးရှည်

ထီးရိုးရှည်လေ သူခိုးများလေပေါ့

နော်မယ်လိုက်ဖ်ဆိုတာများ ကင်ဆာမဟုတ်လား။

ကင်ဆာတဲ့လား

ကင်ဆာကျဆုံးပါစေ။

ကိုအောင်မှိုင်း

သြဂုတ်လ ၁၉ ရက် ၂၀၂၂ခုနှစ်

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar