Breaking News

အထွေထွေ အကျပ်အတည်းတွေ အဆိုးဆုံးကို မရောက်သေး၊ မြို့ပေါ်က ဒလန်ရှင်းလင်းရေးတွေရဲ့ ပုံရိပ်



မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၃ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၂


အထွေထွေ အကျပ်အတည်းတွေ အဆိုးဆုံးကို မရောက်သေး၊ မြို့ပေါ်က ဒလန်ရှင်းလင်းရေးတွေရဲ့ ပုံရိပ် 

မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု အထွေထွေ အကျပ်အတည်းတွေက အဆိုးဆုံး အခြေအနေကို မရောက်သေးဘူးလို့ ခန့်မှန်းရပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရဲ့ အခြေအနေသက်ရောက်မှု စတဲ့ ပြဿနာတွေ ပေါင်းဆုံနေတဲ့ မြန်မာနိုင်ငံအဖို့ ခုထက်ဘယ်လောက်ဆိုးရွားဦးမလဲဆိုတာ မေးခွန်းထုတ်ဖို့ လွယ်ပေမယ့် အဖြေက မလွယ်ကူတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုက နိုင်ငံရေး မတည်မငြိမ်မှု၊ မူဝါဒမတည်ငြိမ်မှု၊ ယုံကြည်မှု ကျဆင်းခြင်း၊ နိုင်ငံကြီးတချို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ထွက်ခွာခြင်း၊ အသစ်သောရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မလာတော့တဲ့အကြောင်းတွေနဲ့တင် မြန်မာ့စီးပွားရေးက ကျဆင်းဖို့ အလုပ်အကိုင်အခွင့်အလမ်း လျော့နည်းလာဖို့၊ ကျပ်ငွေတန်ဖိုး ကျဖို့ အကြောင်းအချက်တွေ လုံလောက်နေပြီလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာမှာ ယူကရိန်း-ရုရှားစစ်ပွဲ မတိုင်ခင် လောင်စာဆီတွေ စျေးမမြင့်တက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျ၊ လောင်စာဆီစျေးမြင့်၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု တိုးမြင့်လာ နယ်မြေဒေသတွေ လုံခြုံရေးအခြေအနေ တစတစ ဆိုးရွားလာတာတွေရဲ့ ဂယက်နဲ့ စီးပွားရေး တိုးတက်မှုက သိသိသာသာ ကျဆင်းမယ်၊ ဆင်းရဲမှု မျဥ်းအောက် ရောက်တဲ့ လူဦးရေ သန်းနဲ့ချီတိုးလာမယ်၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်သူ သန်းနဲ့ချီရှိလာမယ် စတဲ့ ခန့်မှန်းတွက်ချက်မှုတွေ ယခင်နှစ်ကတည်းက ပေါ်ထွက်လာပြီး လက်တွေ့ဘဝမှာလည်း တဖြည်းဖြည်း ကျပ်တည်းလာခဲ့တာ ဖြစ်ပါတယ်။ 

၁ နှစ်ကျော်ကြာ ကိုဗစ်ကပ်ဘေးရဲ့ ကန့်သတ်ချက်တွေ ရိုက်ခတ်မှုကြောင့် ထိခိုက်ပြီးသား စီးပွားရေးက နိုင်ငံရေးအကျပ်အတည်း လက်နက်ကိုင်ပဋိပက္ခ စီးပွားရေးပိတ်ဆို့မှုတွေ ထပ်ဆင့်လိုက်တဲ့အခါ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုအရိပ်အယောင်မတိုင်ခင်မှာပင် ဆိုးရွားနေနှင့်ပြီး ဖြစ်ပါတယ်။ အကျိုးဆက်က နိုင်ငံခြားကို အလုပ်သမားအဖြစ် ထွက်ခွာသူလိုသူတွေ ရာနဲ့ထောင်နဲ့မက သောင်းနဲ့ သိန်းနဲ့ချီ ရှိလာနေတာတွေ က ထင်ရှားပါတယ်။ လက်နက်ကိုင် ပဋိပက္ခဧရိယာတွေထဲက လူငယ် လူလတ်ပိုင်းတွေသာမက လက်နက်ကိုင် ပဋိပက္ခ ဧရိယာ မဟုတ်တဲ့ ဒေသကသူတွေပါ ဝင်ငွေရမယ့် အခွင့်အလမ်းရှိတဲ့ ပြည်ပအလုပ်အကိုင်တွေဆီ စုပြုံတိုးပြီး ထွက်ခွာဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။ 

ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်း ယူကရိန်း-ရုရှား စစ်ပွဲစတင်ပြီးနောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကုန်စျေးနှုန်းမြင့်တက်မှု အထူးသဖြင့် လောင်စာဆီဈေးနှုန်းမြင့်တက်မှုက မြန်မာနိုင်ငံကိုလည်း ခြွင်းချက်မပေးပဲ ထပ်မံရိုက်ခတ်လာပါတော့တယ်။ 

လောင်စာဆီ ဈေးမြင့်တက်မှုက သွားလာရေးတင်မကပဲ ကုန်စည်ပို့ဆောင် စရိတ်၊ လျှပ်စစ်မီးထုတ်လုပ်မှုစရိတ်တွေကို မြင့်တက်စေပြီး လူတွေရဲ့ ဝင်ငွေထဲက လောင်စာဆီအတွက် သုံးစွဲရတဲ့ ငွေပမာဏက တက်လာ၊ ငွေတန်ဖိုးကျလာတဲ့ ဂယက်နဲ့ လောင်စာဆီ ဈေးမြင့်တက်မှု ဂယက်နှစ်ခုစုပေါင်း ခံစားကြရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေကို မီးလောင်ရာ လေပင့်သလို ဖြစ်စေတဲ့ အခြားအကြောင်းအချက်ကတော့ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဧရိယာထဲပါဝင်လာပြီး ကုန်စည် ပို့ဆောင်မှု ကန့်သတ်တာ ထိန်းချုပ်တာ၊ ပစ်ခတ်သတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်ကြောင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုစရိတ်တွေ မြင့်တက်လာတာတွေက စားသုံးသူတွေကို ပိုမိုဝန်ပိစေတာ ဖြစ်ပါတယ်။ ဆန်စပါး၊ ရိက္ခာ၊ လောင်စာဆီ၊ ကုန်ပစ္စည်းတွေကို ကန့်သတ်ထိန်းချုပ်မှု၊ လုံခြုံရေး မကောင်းလို့ စွန့်စားရတဲ့ ကုန်သွယ်မှုတွေရဲ့ စရိတ် စတာတွေက မြန်မာနိုင်ငံ လတ်တလော နဲ့ နောက်ကာလတခုအထိ ရင်ဆိုင်ရမယ့် လူမှုစီးပွား ပြဿနာတွေ ဖြစ်နေပါတယ်။ 

အသက်ရှင်ဖို့ အတွက် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ တချိန်တည်းမှာပဲ အသက်ရှင်ဖို့ ရိက္ခာက လိုအပ်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဘဲနဲ့ စီးပွားရေးပြဿနာကို အဖြေမထွက်နိုင်ဘူးလို့ ဆိုကောင်းလည်း ဆိုနိုင်ပါတယ်။ အဆိုကတော့ မှန်သော်လည်း ပြဿနာ ၂ ခုစလုံးက တပြိုင်တည်း ဖြေရှင်းတန်သလောက် ဖြေရှင်းရမယ့် အရေးလည်း ရှိနေတာပါ။ ရေရှည် ဖြစ်ပွားလာတဲ့ နိုင်ငံရေးပြဿနာတွေက နေ့ချင်းညချင်း မရှင်းနိုင်တာမို့ နှစ်နဲ့ အချိန်ယူပြီး အဖြေရှာရမယ့် နိုင်ငံရေးပြဿနာနဲ့ လတ်တလော လူအများအသက်ရှင်သန်ရေး မြန်မြန်ဆန်ဆန် အဖြေရှာ တုံ့ပြန်ဆောင်ရွက်ရမယ့် လတ်တလော ပြဿနာတွေလည်း ရှိတာကို နားလည်ဖို့လည်း လိုအပ်ပါတယ်။ 

ဒီနေရာမှာ ရေတိုပြဿနာ ဦးစားပေးပြဿနာနဲ့ ရေရှည်ပြဿနာ အချိန်ယူအဖြေရှာရမယ့် ပြဿနာတွေကို ခွဲခြား ဖြေရှင်းဖို့ အရေးကြီးပါတယ်။ မူဝါဒတွေ၊ စံနှုန်းတွေ၊ အခြေခံ အယူအဆတွေ အနာဂတ်ပုံဖေါ်မယ့် အခြေခံမူတွေ နဲ့ သက်ဆိုင်တာတွေက ရေရှည်ပြဿနာ ဖြစ်ပြီး လူအများရဲ့ အသက်ရှင်ရပ်တည်ရေး၊ အသက်ရှင်သန်နေထိုင်နိုင်ဖို့ လူမှုစီးပွား အခြေအနေကို ရရှိရေးက လက်ငင်းလုပ်ဆောင်ရမယ့် ရေတိုပြဿနာ အဖြစ်နဲ့ သတ်မှတ်နိုင်ကြဖို့ အရေးကြီးပါတယ်။ 

ဒီလို အနေအထားမှာ မိတ်ဆွေ၊ မဟာမိတ်၊ ခေါင်းဆောင်နဲ့ လူထု၊ ဒီမိုကရေစီ လိုလားသူ ဘက်တူသူအချင်းချင်း အကြားမှာ အေးအတူပူအမျှ စိတ်ထားမျိုး မျှတတဲ့ ခွဲဝေမှု၊ တဦးအပေါ် တဦးကိုယ်ချင်းစာ မျှဝေခံစားမှု စတဲ့ သဘောထားနဲ့ လက်တွေ့ကျင့်သုံးမှုတွေ က မရှိမဖြစ်လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ ခုရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဥ်အောက်က မှားယွင်းသတ်ဖြတ်မှုတွေ ဖြစ်ပါတယ်။ တနေ့က မကွေးတိုင်း ဆောမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ မိသားစုတစုနဲ့ အိမ်နီးချင်းတွေ စုစုပေါင်း ၆ ဦးသေဆုံးရတဲ့ အဖြစ်အပျက်အပြီးမှာပဲ ဒီနေ့မနက်ခင်း မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ ဆိုင်ကယ်နဲ့ သွားလာသူ လင်မယား ၂ ဦးကို ပစ်သတ်လိုက်တဲ့ အဖြစ်အပျက်မှာလည်း စီအိုင်ဒီ ရဲမှူးလို့ ယူဆပြီး မြို့ပြ PDF တွေ လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်မှာ သေဆုံးသွားရတဲ့ လင်မယား ၂ ဦးဟာ သာမန် အရပ်သားတွေ စီအိုင်ဒီနဲ့ ရဲနဲ့ မပတ်သက်သူ လင်မယား ၂ ဦးဖြစ်နေတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဖျာပုံမြို့ပေါ်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စာရေးမနဲ့ အတူ အဖော်ပါသူ အမျိုးသမီးတဦး တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့နောက် အဖော်ပါသူ အမျိုးသမီးက စစ်ကောင်စီထောက်ခံသူမဟုတ်ဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူ တဦးဖြစ်နေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရင်းနှီးသူ သိရှိသူတွေက မှတ်ချက်ရေးသား ပြောဆိုနေကြတာတွေ့ရပါတယ်။ 

နေ့စဥ်လိုလို မြို့တွေမှာ ဒလန်ရှင်းလင်းရေး စစ်ကောင်စီ ဒေါက်တိုင် ရှင်းလင်းရေးဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး၊ စစ်ကောင်စီဘက်ကတော့ အဲဒီလို ဖြစ်စဥ်တွေက PDF တွေရဲ့ ပုံရိပ်ကို ဖျက်ဖို့အတွက် အခွင့်အလမ်းတခုဖြစ်တယ်လို့ သဘောထား ယူဆကောင်း ယူဆလာနိုင်ပါတယ်။ ဒီလို ဒလန်ရှင်းလင်းရေး စစ်ကောင်စီဒေါက်တိုင်တွေကို သတ်ဖြတ်ရှင်းလင်းမှုတွေလုပ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေး မထူထောင်နိုင်ဘူးလို့ PDF တွေဘက်က ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်က လက်တွေ့ကျသလား မြို့တွေ ရွာတွေကို ထိန်းချုပ်နိုင်ဖို့က စစ်ရေးအရ နယ်မြေကို ထိန်းချုပ်နိုင်တဲ့အချက်က ပိုအဓိကကျတယ်ဆိုတဲ့ အယူအဆနဲ့ ဆန့်ကျင်မနေဘူးလားဆိုတာ ပြန်သုံးသပ်သင့်ပြီလို့ ထင်ပါတယ်။ 

နို့မဟုတ်ခဲ့ရင် လက်နက်ကိုင် အဖွဲ့ဝင်တွေ မဟုတ်တဲ့ စစ်ကောင်စီ ထောက်ခံသူတွေကို သတ်ဖြတ်မှု၊  တချို့သော မိမိတို့ ဒီမိုကရေစီဘက်တော်သားတွေကို မှားယွင်းသတ်ဖြတ်မှုတွေနဲ့ တော်လှန်ရေး ဆိုတဲ့ ပုံရိပ်ကို ကျဆင်းစေမှာ ဖြစ်ပြီး နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေ အကြားမှာလည်း NUG ရဲ့ ပုံရိပ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ပုံရိပ်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar