Breaking News

ကောင်းဇေလူ - မြန်မာနိုင်ငံ မပြိုကွဲရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံး သွေးမကွဲဖို့လိုတယ်

ကောင်းဇေလူ - မြန်မာနိုင်ငံ မပြိုကွဲရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံး သွေးမကွဲဖို့လိုတယ်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၂

မြန်မာနိုင်ငံဟာ မျက်မှောက်အခြေအနေတွေအရ ငါးခုံးမတကောင်ကြောင့် တလှေလုံး ပုပ်ခဲ့ရပြီ။ အာဏာရူးတယောက်ကြောင့် ယနေ့တိုင်းပြည်ဟာ အလုံးစုံပျက်သုဉ်းရေး (Utter Devastation) ဆီ ဦးတည်ရွေ့လျောနေပြီ။ အလွန်အကျွံ ငွေကြေးဖေါင်းပွမှု (Hyper-inflation) ဆိုတာကို ပြောမယုံ ကြုံဖူးမှသိဆိုသလို ထိတ်လန့်အံ့သြဖွယ် ကြုံတွေ့နေရပြီ။
 
၂၀၂၂ ဩဂုတ်လ ၃၁ ရက်နေ့ စျေးကွက်အတွင်းမှ သတင်းတွေအရ ဒေါ်လာစျေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ မှ ၅၀၀၀ ကျပ်အကြား စျေးပေါက်နေကြောင်း ကြားသိနေရတယ်။ ရောင်းသူထက် ဝယ်လိုသူက ပိုများနေတဲ့ အခြေအနေဖြစ်နေတယ်။ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ကျပ်နီးပါးဖြစ်နေပြီး အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်း အထိစျေးပေါက်ခဲ့ကြောင်း မီဒီယာသတင်းတွေမှာ ဖေါ်ပြနေတယ်။
 
ဒီဖြစ်စဉ်အရ ကျရှုံးနိုင်ငံ (Failed state) အဖြစ်ကျရောက်တော့မယ့် လက္ခဏာတွေ မြင်နေကြရတယ်။ ဓါတ်ငွေ့နဲ့ လောင်စာဆီ၊ စားသုံးဆီ၊ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်အစရှိတဲ့ အခြေခံလိိုအပ်ချက်တွေ ကသောင်း ကနင်းစဖြစ်နေတာ တွေ့နေရတယ်။ ပြည်သူအများ နေ့စဉ်ဘဝတွေအတွက် စိုးရိမ်သောက ရောက်နေကြရတာ မြင်နေရတယ်။ လုယက် မှု၊ ဖေါက်ထွင်းမှု၊ ဓါးပြတိုက်မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှုတွေက လူတိုင်းရဲ့ ပတ်ဝန်ကျင်မှာ ဖြစ်ပွားနေပေမယ့် အရေးယူမည့်သူမရှိ ဖြစ်နေတယ်။ ဥပဒေမဏ္ဍိုင် ကျိုးပျက်နေတဲ့သဘော ဖြစ်တယ်။

သုံးသပ်ကြည့်မိတဲ့အခါ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ ၂၀၂၂ သြဂုတ်လကုန်ချိန်မှာ (၁) နှစ် (၇) လ ရှိခဲ့ပြီဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီက အရပ်သားအစိုးရသစ်ဖွဲ့ဖို့ လွှတ် တော်အစည်းအဝေးပြင်ဆင်နေခိုက်မှာ အခြေအမြစ်မရှိတဲ့ မဲစာရင်းလိမ်ညာမှု လုပ်ကြံဖန်တီး အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ တကယ်က အငြိမ်းစားယူရတော့မယ့် Public Servant ဖြစ်သူ မင်းအောင်လှိုင်ဟာ မတရား နည်းနဲ့ ရယူပိုင်ဆိုင်ထားခဲ့တဲ့ စည်းစိမ်ဥစ္စာ ရွှေငွေရတနာနဲ့တိုက်တာ အိမ်ခြံမြေတွေ ဆုံးရှုံရမှာကို စိုးရိမ်ထိတ်လန့်ပြီး လောဘဇောကြောင့် လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းခဲ့တာဖြစ်တယ်။ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်တွေဟာလည်း သူ့လိုပဲ အာဏာအလွဲသုံးပြီး ကြီးပွားချမ်းသာလာသူတွေဖြစ်လို့ သေဖေါ်ညှိစရာတောင်မလိုဘဲ အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြတယ်။
 
နိုင်ငံနဲ့ပြည်သူ့မျက်နှာကို ထောက်ထားပြီး အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ စစ်ဗိုလ်ချုပ် တယောက် တလေတောင် ပေါ်ထွက်မလာခဲ့တာကို ကြည့်ရင် ဒီစစ်တပ်ဟာ ပြည်သူကို သစ္စာခံတဲ့ တပ်မဟုတ်တော့ကြောင်း ပေါ်လွင်ခဲ့တယ်။ အာဏာရူး စစ်ဗိုလ်ချုပ်တသိုက်ဟာ အတ္တကို ရှေ့တန်းတင်ပြီး နိုင်ငံနဲ့ပြည်သူကို သစ္စာဖေါက်လိုက်ကြတာဖြစ်တယ်။ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းပါတစုဟာ မြန်မာ့သမိုင်းမှာ သစ္စာဖေါက် အာဏာရူးတွေအဖြစ် သမိုင်းတွင်ကျန်ရစ်တော့မှာဖြစ်တယ်။

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၆ လပြည့်တဲ့ ၂၀၂၁ သြဂုတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရဆိုပြီး  ပြင်ဆင်ဖွဲ့စည်းလိုက်တာ တွေ့ရ တယ်။ အာဏာသိမ်းတုန်းက တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြောခဲ့ပြီး၊ ၆ လပြည့်ချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ငန်းဆောင်တာတွေ အားလုံး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပြီးစီးမယ်လို့ မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့် သွင်းပြောကြားသွားခဲ့တယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းကာလကို တဖြည်းဖြည်းချင်း ဆွဲဆန့်ဖို့ ကြိုးစားတဲ့ သဘောဖြစ်တယ်။ မင်းအောင်လှိုင်ပြောတဲ့ ရွေးကောက်ပွဲအတုအယောင်ကို ပြည်သူတွေက အယုံအကြည် မရှိဘူးလို့ ဝေဖန်သံတွေ ဆိုရှယ်မီဒီယာစာမျက်နှာပေါ်မှာ အဆက်မပြတ် ထွက်ပေါ်နေတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကိုသာ ဆက်လက်အသိအမှတ်ပြုမယ်။ နောက်ထပ် စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအတုကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ပြည်တွင်းပြည်ပက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။
 
ဒါပေမယ့် အကြမ်းဖက် စစ်ခေါင်းဆောင်က ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထပ်တလဲလဲ ပြောနေတုံးပါပဲ။ မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲနဲ့ သမ္မတလုပ်ချင်နေတယ်။ ဒီကိစ္စမှာ ရုရှားနဲ့ တရုတ် နိုင်ငံတို့ရဲ့ ထောက်ခံမှုကို မင်းအောင်လှိုင်က မျှော်လင့်နေပုံရတယ်။ တရုတ်ဘက်က မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပဋိပက္ခ ကို မရပ်နိုင်ငံရင် မြန်မာဟာ ကျရှုံးနိုင်ငံ ဖြစ်သွားလိမ့်မယ်လို့ သုံးသပ်ဖူးတယ်။ မြန်မာသာ ကျရှုံးနိုင်ငံဖြစ်သွားခဲ့ရင် အိမ်နီးချင်း နိုင်ငံတွေအပေါ်လည်း ဆိုးကျိုးသက်ရောက်နိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံအဖွဲ့အစရှိတဲ့  အဖွဲ့အစည်းတွေ၊ အိမ်နီးနားချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ပူးပေါင်းဖြေရှင်းပေးသင့်တယ်လို့ တရုတ်မီဒီယာတွေမှာ အသံကောင်းဟစ် ရေးလေ့ရှိတယ်။
 
မင်းအောင်လှိုင် စစ်အာဏာတည်မြဲရေးကို ကူညီခြင်းအားဖြင့် တရုတ်-မြန်မာ စီပွားရေးစင်္ကြန်အပါအဝင် တရုတ်ရဲ့ မဟာဗျူဟာစီးပွားရေးစီမံကိန်းတွေ အမြန်ပြန်စနိုင်လိမ့်မယ်လို့မျှော်မှန်ထားပုံရတယ်။ ဒါမှသာ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေနဲ့ဆက်စပ်ပြီး စီးပွားရေး ဩဇာချဲ့ထွင်နိုင်မှာဖြစ်တယ်လို့ တရုတ်တို့က မျှော်မှန်းထားပုံပါပဲ။  မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပထဝီုင်ငံရေး အခင်းအကျင်းဟာ တရုတ်ပြည်အတွက် အခွင့်ကောင်းဖြစ်တယ်လို့ တွက်ဆထားပုံလည်းရတယ်။  

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ဒုတိယနေရာမှာ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အစီရင်ခံစာ အရ တရုတ်ဟာ မြန်မာနိုင်ငံမှာ စီမံကိန်း ၄၃၀ ခု လုပ်ကိုင်နေကြောင်း သိရတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀,၉၃၄.၆၁၆  ရှိတယ်လို့ DICA က ဆိုတယ်။ မြန်မာနိုင်ငံ FDI စုစုပေါင်းရဲ့ ၂၅.၂၁% က တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ဆိုထားတယ်။ ဒါကြောင့် တရုတ်က မြန်မာရှိတဲ့ သူ့စီမံကိန်းတွေ မြန်မြန်အကောင်အထည်ဖေါ်ဖို့ လိုလားနေပြီး မင်းအောင်လှိုင် အာဏာတည်မြဲရေးဘက်ကို ထောက်ခံဖို့ဆုံးဖြတ်တာဖြစ်တယ်။ ဒီမိုကရေစီထောက်ခံတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ PDF တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ကို တရုတ်အကျိုးစီးပွား ဖေါ်ဆောင်ရေးမှာ အတားအဆီးသဖွယ် သဘောထားနေတယ်။ တရုတ်ရဲ့ ကိုယ်ကျိုး စီးပွားပဓါနထားမှု အယူအဆဟာ မြန်မာ့နွေဦး တော်လှန်ရေးအတွက် အန္တရာယ်ဖြစ်လာတယ်။ အာဏာသိမ်း စစ်ကောင်စီကို တရုတ်က ကူညီခြင်းနေခြင်းဟာ မြန်မာနိုင်ငံမှာ အကြမ်း ဖက် လုယက်မီးရှို့သတ်ဖြတ်မှုတွေ ပိုမိုဖြစ်ပေါ်လာအောင် အားပေးထောက်ခံသလို ဖြစ်နေတယ်။

ဒီ့အပြင် ကျေးရွာပေါင်းမြောက်မြားစွာကို လေကြာင်းကနေ ဗုံးကျဲတိုက်ခိုက်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်လေတပ်ကို စစ်လက်နက်ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံဟာလည်း တရုတ်နဲ့အတူ နွေဦးတော်လှန်ရေး ဆန့်ကျင်သူလို့သတ်မှတ်ရတော့မယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကိစ္စ မဲခွဲမှုလုပ်တိုင်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်မဲပေးခဲ့တာလည်း တရုတ်နဲ့ ရုရှားပါပဲ။
 
မင််းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဩဂုတ်လ ၂၅ ရက်နေ့အထိ အာဏာသိမ်း ၁၈ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်အလုံးပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က စောင့်ကြည့်မှတ်တမ်းတင် အစီရင်ခံစာကို ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်အလုံးပေါင်း ၂၀,၁၅၃ လုံးနဲ့ အများဆုံး၊ မကွေးတိုင်းက ၅၄၁၈ လုံးနဲ့ ဒုတိယ အများဆုံး၊ ချင်းပြည်နယ်က ၁၄၇၄ လုံးနဲ့ တတိယအများဆုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတာပါ။ အဲဒီဒေသ သုံးခုအပြင် ကချင်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန် စတဲ့ ပြည်နယ်တွေနဲ့ ပဲခူး၊ တနင်္သာရီ၊ မန္တလေးတိုင်းတွေမှာပါ ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေကို လအလိုက် လေ့လာတဲ့အခါ ၂၀၂၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလဟာ နေအိမ်တွေ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး အဲဒီသုံးလအတွင်း နေအိမ်အလုံးပေါင်း ၁၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတယ်။

ဒီကနေ့ မြန်မာပြည်အတွင်း မင်းအောင်လှိုင်တပ်က ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မီးရှို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေခြင်းရဲ့ နောက်ကွယ်မှ တရုတ်နဲ့ ရုရှားတို့ရဲ့ အားပေးထောက်ခံမှု ပါနေတယ်လို့ ဆိုနိုင်တယ်။ တရုတ်က အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံပြီး ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ မဲခေါင်ဒေသနိုင်ငံတွေကို တွန်းအားပေးနေ တဲ့အတွက် အာဆီယံအဖွဲ့ဝင် တွေအကြား သဘောကွဲမှု ဖြစ်နေတယ်။  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပုံရိပ်ကိုကြည့်ရင် အာဆီယံအဖွဲ့အတွင်း မြန်မာ့အရေးအပေါ် သဘောထားကွဲနေ ကြောင်း ပေါ်လွင်နေတယ်။  

တရုတ်နဲ့ အာဆီယံအဖွဲ့လတ်တလော မျက်ခြေပြတ်နေတာက မြန်မာပြည်တွင်းက နွေဦးတော်လှန်ရေး အခြေအနေဖြစ် တယ်။ ဒီအတောအတွင်း နွေဦးတော်လှန်ရေးကို လေ့လာကြည့်ရင် မင်းအောင်လှိုင်အကြမ်းဖက်စစ်တပ်ရဲ့ အခြေအနေ ယိမ်းယိုင်နေတာ တွေ့နိုင်တယ်။ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲပေါင်း အကြိမ် ၆၆၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar က ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားတယ်။

အဲဒီထဲမှာ ကရင်ပြည်နယ်မှာ အာဏာသိမ်း ၁၈ လကျော်အတွင်း တိုက်ပွဲပေါင်း ၃၉၉၃ ကြိမ်နဲ့ အများဆုံးဖြစ်နေပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်တစ်ခုတည်းမှာတင် တိုက်ပွဲပေါင်း ၃၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ISP – Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းက ၆၄၁ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကျန် တိုက်ပွဲတွေက မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းနဲ့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေတာ ဖြစ်တယ်။

၀ါရင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်က မြို့တွေမှာ တိုက်ပွဲအရေအတွက် များတာဟာ သိပ်ပြီး မထူးဆန်းပေမယ့် အရင်က ငြိမ်းချမ်းခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၆၄၁ ကြိမ် ဖြစ်ပွားခဲ့တာကတော့ ထူးခြားတဲ့ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုတယ်။ လက်ရှိ အခြေအနေကို ကြည့်ရင် စစ်ကိုင်းတိုင်း နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ် အနက် ၃၄ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသနအရာရှိ ကိုကျော်ထက်အောင် က RFA သတင်းဌာနကို ပြောတယ်။

NUG ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ရ ရက် ကနေ ဇူလိုင် ၆ ရက် အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရ ရှိတဲ့သူ အရေအတွက် ၈၉၀ အထိ ရှိခဲ့တယ်လို့ ဆိုတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာကာလအတွင်း စစ်ကောင်စီ တပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုတယ်။
 
ဒီအခင်းအကျင်းတွေကိုလေ့လာကြည့်ရင် စစ်ရေးစစ်ရာအရ မင်းအောင်လှိုင်အရေးနိမ့်နေတာ ထင်ရှားတယ်။ နိုင်ငံရေးနဲ့ သံတမန်ရေးရာကဏ္ဍမှာလည်း ခေါင်းမဖေါ်နိုင်လောက်အောင် ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ ဆန့်ကျင်မှုခံနေရပြီဖြစ်တယ်။ နောက်ဆုံး မြင်တွေ့လာရတဲ့ စီးပွားရေးစစ်မျက်နှာမှာလည်း အလဲအကွဲထိုးနှက်ခံနေရတာ မြင်နေရပြီဖြစ်တယ်။ ငွေကြေးအလွန်အကျွံဖေါင်းပွမှု Hyper-inflation ဒဏ်ကို စတင်ခံစားနေရပြီဖြစ်တယ်။ ဒေါ်လာဈေးမြင့်တက်လာမှု အရှိန်အဟုန်ကို တန့်ရပ်အောင် စစ်ကောင်စီ မလုပ်နိုင်တော့တဲ့အတွက် ကျရှုံးနိုင်ငံ ဖြစ်မယ့်ကိန်းဆိုက်နေပါပြီ။  

ဒါကြောင့် နွေဦးတော်လှန်ရေးဘက်တော်သားတွေအနေနဲ့စစ်အနိုင်တိုက်ရေးကို မျက်နှာမူကြရတော့မှာဖြစ်တယ်။ နှစ်ပေါင်း (၇၀) ကျော် အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုချတိုက်ဖျက်ရာမှာ နိုင်ငံရေးဆွေးနွေးပွဲနည်းနာကို ခေတ္တ ဘေးဖယ်ထားရတော့မယ့်အနေအထားဖြစ်တယ်။ အကြောင်းကတော့ မင်းအောင်လှိုင်စစ်အုပ်စုဟာ စားပွဲဝိုင်းနဲ့ မထိုက်တန်သူတွေဖြစ်ကြောင်း ထင်ရှားလာနေလို့ပါပဲ။ မကြာသေးမီက မြန်မာဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်ရဲ့ သုံးသပ်ချက်ကို အလေးဂရုပြုသင့်တယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်ခဲ့တဲ့ မြန်မာဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်ရဲ့အမြင်အရ မြန်မာစစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးလို့ရမယ့်သူတွေ မဟုတ်ဘူးလို့ RFA နဲ့ မေးမြန်းခန်းမှာ ပြောထားတာ သတိပြုမိတယ်။

“ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေနဲ့ကော၊ မြန်မာ လူ့အဖွဲ့အစည်းနဲ့ပါ ကင်းကွာပြီး တစ်သီးတစ်ခြား ဖြစ်နေခဲ့တာပါ။ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ အချင်းချင်းကလွဲရင် အခြား ဘယ်သူ့စကားမှ နားမထောင်တတ်တဲ့ သဘောလည်း ရှိပါတယ်။ သူတို့က တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်ကသာလျှင် မြန်မာနိုင်ငံကို စုစည်းညီညွတ်မှုပေးမယ့် တစ်ခုတည်းသောအဖွဲ့အစည်း institution ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ မပြိုကွဲဖို့ သူတို့မှာ အာဏာရှိနေမှဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုအာဏာရှိနေဖို့လည်း ဘာမဆိုလုပ်ရမယ်လို့ သူတို့ကိုယ်သူတို့ အကြောင်းပြချက်ပေးထားတယ်။ အမှန်က သူတို့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံကို စုစည်းညီညွတ်မှု မပေးဘဲ ပဋိပက္ခတိုက်ခိုက်မှုတွေ ပိုဖြစ်စေတာ ထင်ရှားနေတာတောင် ဒီအယူအဆကို မစွန့်လွှတ်ပါဘူး။ သူတို့က ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ အပြင်က ဖြစ်ဖြစ် တပ်မတော်သားမဟုတ်တဲ့သူတွေရဲ့ အယူအဆကို လုံးဝလက်မခံပါ ဘူး။” လို့ စကော့မာစီရယ် က သုံးသပ်တင်ပြခဲ့တယ်။
 
ဒါကြောင့် Generation-Z တို့ရဲ့ မူလဆုံးဖြတ်ချက်အတိုင်း သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့လမ်းကို ရွေးကြရမှာပါပဲ။ ဒီအချိန်မှာ ဆွေးနွေးရေးလမ်းဖေါ်မှုဟာ စစ်ကောင်စီကို အနားရစေဖို့ အချိန်ဆွဲတာသာဖြစ်တယ်။ တရုတ်-အာဆီယံ အပါအဝင် ပြည်တွင်းနိုင်ငံရေးအချောင်သမားတို့ရဲ့ ဆွေးနွေးရေးလမ်းစဉ်တွေဟာလည်း တရုတ်နောက်လိုက်ပြီး စစ်ကောင်စီအတွက် ထွက်ပေါက်ရှာပေးသူများသာ ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် စစ်အနိုင်တိုက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါလိမ့်မယ်။ လူငယ်အင်အားစုတွေက နောင်လူငယ်မျိုးဆက် အဆက်ဆက်အတွက် သူတို့ဘဝတွေကို စတေးပြီးတိုက်ပွဲဝင်နေကြတာ ကို တိုင်းရင်းသားပြည်သူတရပ်လုံး ၀ိုင်းဝန်း ပံ့ပိုးကြဖို့လိုပါတယ်။ သွေးမကွဲကြဖို့လည်း အထူးလိုပါတယ်။ သွေးကွဲရေး ဖန်တီးနေသူတွေဟာ စစ်ကောင်စီရဲ့ အလိုတော်တွေဖြစ်ကြောင်း သတိပြုကြရမယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ လည်း အရေးအကြီးဆုံးအခြေအနေမှာ သွေးစည်းကြဖို့ ဝါယမစိုက်ကြမှသာ ဂျန်ဇီးတို့ရဲ့နွေဦးတော်လှန်ရေး ရည်မှန်းချက်ကို ကူညီရာရောက်ပါလိမ့်မယ်။ 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar