လှကျော်ဇော - တို့များဆီက ကမ်းပါးနီ ...
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၂
"နောက်တခေါက်လာရင် အင်္ဂလိပ်မြန်မာ အဘိဓာန်စာအုပ် ယူခဲ့ပါ"
"ကျွန်မသားက လူဆိုး သူခိုးမဟုတ်ဘူး။ ကျွန်မက သူ့အတွက် ဂုဏ်ယူတယ်"
ထောင်တာဝန်ခံများက "စနေ၊ တနဂ်နွေ တရက်ရက်ကို ရည်စူးပြီးလုပ်လိုက်ပေါ့" လို့ ပြောလိုက်။
ဒါတွေကတော့ လျှို့ဝှက်သေဒဏ်ပေး အသတ်ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်မိခင်ကြီးရဲ့ ပြောစကားများပါ။ အခုတလောလည်း နွေဦးတော်လှန်ရေးအစပိုင်း ငြိမ်းချမ်းစွာဆန္ဒပြမှုများအတွင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများရဲ့ မိခင်ကြီးများရဲ့ပြောဆိုချက်တွေ ကြားနေရပါတယ်။ သားတယောက် လုံး ဆုံးပါးထားကြရတဲ့သောကမီးကို ရင်မှာပိုက်ပြီး တည်ငြိမ်ရင့်ကျက်စွာပြောဆိုနေတဲ့ အဲဒီမိခင်ကြီးများရဲ့တွေ့ဆုံမေးမြန်းခန်းတွေကို ကျွန်မ တခါမှဆုံးအောင်နားမထောင်နိုင်ပါဘူး။ တဆက်တည်းမှာပဲ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ တီးတိုးတမ်းတပြောဆိုဘူးတဲ့ ရင်တွင်းမှတ်ချက်စကားများကိုလည်း သတိရလိုက်မိပါတယ်။ တို့များဆီမှာလဲ ဒါမျိုးတွေရှိပါတယ်။
(ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲအတွင်းမှာရော မြို့ပြတိုက်ပွဲများနဲ့ သပိတ်တိုက်ပွဲများအတွင်းမှာပါ ဂုဏ်ရောင်ပြောင်စွာ အသက်ပေးသွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်း ကြယ်ပွင့်ပေါင်းများစွာ ဗမာပြည်မှာ ထွန်းတောက်ခဲ့ပါတယ်။ အားလုံးဟာ စစ်အာဏာ ရှင်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ရင်း ပြည်သူ့အကျိုးအတွက် မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့အသက်ကို ပေးလှူသွားခဲ့ကြသူ ဂုဏ်ပြုရမယ့် အာဇာနည်များပါ။ ပြောချင်တာက စစ်ကောင်စီ အာဏာသိမ်းအပြီး ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေးအတွင်းမှာ ဒီလိုအာဇာနည်တွေဟာ ဗမာပြည် မြေယံမှာ များစွာ များစွာ ပေါ်ထွန်းလာခဲ့တယ်ဆိုတာပါ။ ကျွန်မတို့ ဗမာပြည်ဟာ အာဇာနည်သူရဲကောင်းတွေ နေခဲ့တဲ့ တိုင်းပြည်ဆိုတာကို ပိုမိုလေးနက်မိပါတယ်။)
++++
၁၉၇၄-၇၅-၇၆ မဆလဆန့်ကျင်ရေးလူထုအုံကြွမှုများအပြီး မဆလအစိုးရနဲ့စစ်တပ်ရဲ့ ရက်ရက်စက်စက်ဖြိုခွဲမှုကြောင့် မြို့ပေါ်နေမရတော့တဲ့၊ အဖမ်းလည်း မခံချင်တော့တဲ့ကျောင်းသား၊ အလုပ်သမားနဲ့မြို့ပေါ်ရှိ လူတန်း စားပေါင်းစုံလှုပ်ရှားခဲ့သူများဟာ ဗမာပြည်ကွန်မြူနစ်ပါတီရှိတဲ့ အရှေ့မြောက်ဒေသ (လွတ်မြောက်ဒေသ) ကို ရောက်ရှိလာပါတယ်။ ထောင်ကျသွားသူများကလည်း ထောင်ကလွတ်တော့ လမ်းအမျိုးမျိုးရှာပြီး တောထဲရောက်လာကြပါတယ်။
အဲဒီအုပ်တွေ ပါတီ ဗဟိုရဲ့ဌာနအသီးသီးကိုရောက်လာတော့ ပါတီအဆင့် အသီးသီးကခေါင်းဆောင်များကရော၊ အရင်ရောက်နှင့်ပြီး ရဲ ဘော်များကရော ဝမ်းသာအားရကြိုဆိုကြရုံမက၊ ရှေ့တော်လှန်ရေးခရီးလျှောက်လှမ်းဖို့ လိုအပ်တဲ့နိုင်ငံရေးအရ တည်ဆောက်မှုအတွက် ဝိုင်းဝန်းကူညီကြပါတယ်။ အဲဒီလိုတည်ဆောက်ပေးမှုလုပ်ငန်း စဉ်များထဲမှာပါဝင်တဲ့ အလွန်အရေးကြီးတဲ့သင်တန်းကတော့ ပါတီကထုတ်ဝေထားတဲ့ စာစောင်စာတန်းတွေကို လေ့လာဖို့ပေးပြီး ပြန်လည်ဆွေးနွေးမှုတွေပါပဲ။ ပါတီရဲ့လုပ်ငန်းစဉ်တွေနဲ့ယဉ်ပါးအောင်လုပ်ပေးတာပါ။ ဒါ့အပြင် ပါတီဗဟိုစာကြည့်တိုက်မှာရှိတဲ့ တခြားနိုင်ငံများရဲ့တော်လှန်ရေးတွင်းက အဖြစ်အပျက်တွေကို အခြေခံရေးထားတဲ့ စာအုပ်စာတမ်းများကိုလည်း လေ့လာဖတ်ရှုနိုင်သူများက ဖတ်ပြီး ဒါတွေကို အခြေခံထားဆွေးနွေးပွဲလေးတွေလည်းလုပ်ရပါတယ်။
ဒီမှာတင် အလွန်လူကြိုက်များတဲ့ စာအုပ်တအုပ်ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ တရုတ်တော်လှန်ရေးကြီးပြီးခါနီးကာလ နိုင်ငံရေးအကျဉ်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချုံကင်းမြို့အနီးကတောင်ခြေမှာရှိတဲ့နာမည်ကျော် အကျဉ်းထောင်ကြီးအတွင်းကအဖြစ် အပျက်များကို မှတ်တမ်းတင်ရေးသားထားတဲ့ "ကမ်းပါးနီ (Red cliff)" ဆိုတဲ့ စာအုပ်ပါ။ မူရင်းစာအုပ်က တရုတ်ဘာသာနဲ့ပါ။ ဗဟိုစာကြည့်တိုက်မှာက တရုတ်ဘာသာနဲ့ရော၊ အင်္ဂလိပ်ဘာသာပြန်ရောရှိပါတယ်။ (တချို့ မြေအောက်အဆက်နဲ့လာကြတဲ့ ရဲဘော်များက တော့ မြို့ပေါ်ကတည်းက အဲဒီစာအုပ်ဘာသာပြန် တစိတ်တပိုင်းတွေကို လေ့လာရေးစာစောင်များအဖြစ်ဖတ်ဖူးကြသတဲ့။) ကူမင်တန်အစိုးရကဖမ်းမိထားတဲ့ တရုတ်ကွန်မြူနစ် မြေအောက်ရဲဘော်များသာမက အစိုးရကိုဆန့်ကျင်တဲ့ မျိုးချစ်ပြည်ချစ် ပညာရေးဝန်ထမ်းတွေ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ကျောင်းသားလှုပ်ရှားမှုများ၊ အလုပ် သမားလှုပ်ရှားမှုများအတွင်းပါဝင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေ၊အလုပ်သမားတွေ စသဖြင့် နိုင်ငံရေးမှုအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ သူများရဲ့အကြောင်းချင်းရာ အမျိုးမျိုးကို တော်လှန်ရေးအောင်မြင်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများဆီက အချက်အလက်များကို သုတေသနပြုစုပြီးရေးထားတဲ့စာအုပ်ပါ။ အဲဒီအကျဉ်း ထောင်ကြီးကိုလည်း ပြတိုက်အဖြစ် လုပ်ဆောင်ထားပါတယ်။
အဲဒီစာအုပ်ကိုဖတ်ရစဉ်က ဖြစ်စေ၊ နောက်ပိုင်း ရုပ်ရှင်အဖြစ်ကြည့်ခဲ့ရစဉ်ကဖြစ်စေ၊ အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ၊ စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်များ စတဲ့ နေရာများရောက်ရင် "တို့များဆီမှာလည်း ဒါမျိုးဖြစ်ရပ်တွေ ရှိပါတယ်။ တော်လှန်ရေးကြီးအောင်မြင်ပြီးရင်တော့ သူတို့ဆီမှာလိုပဲ သုတေသနလုပ်ပြီး တကယ့်ဖြစ်ရပ်ပေါ်အခြေခံပြီး ရုပ်ရှင်ရိုက်ပစ်မယ်။ စာအုပ် ရေးပစ်မယ်" လို့ ကြုံးဝါးခဲ့ဖူးပါတယ်။ ။
အခုကတော့ (၂၁) ရာစု နည်းပညာတွေအစွမ်းကုန် တိုးတက်လာတဲ့ခေတ်ကြီးမှာ ဘာမှစောင့်စရာ၊ သုတေသနလုပ်စရာ မလိုတော့ပါဘူး။ သတင်းများဟာ အချိန်နဲ့တပြေးညီ သိနေရတာပါ။ စကစအတွက်တော့ လိမ်လည်လှည့်ဖျားစရာ ကြာလေ ကျဉ်းမြောင်းလေ နည်းပါးလေဖြစ်လာပြီး ပြည်သူများဘက်ကတော့၊ အားတက်စရာ၊ အားရစရာတွေ အောင်မြင်ဖို့အလားအလာတွေကတော့ ကြာလေများလေ ဖြစ်လာနေပြီး ရေကုန်ရေခန်းဆက် တိုက်ကြဖို့ သန္နိဋ္ဌာန်က ပိုမိုခိုင်မာအားကောင်းလေဖြစ်နေပါတယ်။ ပြည်သူ့တော်လှန်ရေးမုချအောင်ပွဲခံမှာပါ။
အဲဒီကမ်းပါးနီ စာအုပ်အကြောင်းလည်းပြောပြချင်ပါသေးတယ်။ (ဒီစာအုပ်ဟာ တော်လှန်ရေးသမားများကို တော်လှန်ရေးတရပ်ဟာဘယ်လောက်ရှည်ကြာ ခက်ခဲပါစေ၊ တနေ့မုချအောင်မြင်မယ်ဆိုတဲ့ ယုံကြည်စိတ်ကိုခိုင်ခိုင်မာမာသွင်းပေးနိုင်ခဲ့လို့ပါ။) တရုတ်ပြည်ဟာ အခုအထိ ဒီစာအုပ်ကို ပါတီဝင်များ လူငယ်ဝင်များအတွက် လေ့လာရေးစာစောင်အဖြစ် သတ်မှတ်ထားတာပါ။ အခုလို ငြိမ်းချမ်းသာယာတဲ့ဘဝကြီးရအောင် အရင်မျိုး ဆက် တော်လှန်ရေးသမားများက ဘယ်လိုစွန့်လွှတ်တိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာကို မမေ့မလျှော့ကြဖို့နဲ့ ဒီရရှိထားတဲ့ အောင်သီးအောင်နှံတွေကို ဆက်လက်ထိန်းသိမ်းကာကွယ်ကြဖို့အတွက် နိုင်ငံရေးအရ ပညာပေးရေးအစီအစဉ်အဖြစ် လုပ် ဆောင်ထားတာပါ။ အဲဒီစာအုပ်ထဲပါတဲ့ အကျဉ်းထောင်ကြီးကိုလည်း ပြတိုက်အဖြစ်ဖွင့်လှစ်ထားပြီး (ကျဆုံးသွားတဲ့အာဇာနည်များသာမက ညှဉ်းပန်းနှိပ်စက်ခဲ့ကြတဲ့ ထောင်မှူးထောင်ဝန်ထမ်းများရဲ့) သမိုင်းဝင်ဓာတ်ပုံများ၊ စာရွက်စာတမ်းများ၊ ရသမျှအချက်အလက်အထောက်အထားများကို ပြသထားပါတယ်။ သမိုင်းများကို အပြည့်အဝပြောကြားမိတ်ဆက်ပေးတဲ့ ပြတိုက်လမ်းညွှန်များလည်းရှိပါတယ်။
အခါကြီးရက်ကြီး (နိုင်ငံတော်တည်ထောင်တဲ့ အောက်တိုဘာ (၁) ရက်၊ ပါတီနေ့ (ဇူလိုင် (၁) ရက်) များမှာ ကျောင်းသူကျောင်းသားများလာလေ့လာတာသော်လည်းကောင်း၊ ပါတီဝင် (သို့မဟုတ်) လူငယ်၀င်သိမ်းသွင်းပွဲ၊ ကျမ်းသစ်စာကျိန်ဆိုပွဲတွေလုပ်တာတွေသော်လည်းကောင်း သတင်းတွေမှာတွေ့ရတတ်ပါတယ်။
အဲဒီစာအုပ်ထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ ကျန်းကျယ် (အမကြီးကျန်း) အကြောင်းကတော့ တော်လှန်ရေးကြီးများအတွင်းယောက်ျားများနဲ့တန်းတူ တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်း အံ့မခန်းရဲစွမ်းသတ္တိနဲ့ ရန် သူတွေကိုနည်းသဏ္ဍန်ပေါင်းစုံနဲ့ နောက်ဆုံးထွက် သက်အထိ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်သွားတဲ့ အမျိုးသမီး အာဇာနည်တယောက်အကြောင်းပါ။
ဇာတ်ဝင်ခန်းများထဲက ကျန်းကျယ်ရဲ့စိတ်ဓာတ်ကို ဖော်ပြတဲ့အခန်းများကတော့ နယ်မြို့တမြို့ကို မြေအောက်တာဝန်နဲ့ သွားရောက်စဉ်၊မြို့အဝင် မှာ ခင်ပွန်းသည်ရဲ့ ခေါင်းပြတ်ကိုချိတ်ဆွဲပြထားတာမြင်တွေ့ရပေမယ့် အတူပါရဲဘော်များရဲ့လုံခြုံရေးအတွက်ရော၊ မိမိတာဝန် အတွက်ရော လိုအပ်မှုအရ ဘာခံစားချက်မှ မဖော်ပြနိုင်ဘဲ မြို့အဝင် ကင်းဂါတ်ကို အေးအေးဆေးဆေးဖြတ်ကျော်လာခဲ့ပုံ။ (ခင်ပွန်းသည်ဟာ တောတွင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ပါ။ ကူမင်တန်တပ်ကဖမ်းမိပြီး ကွန်မြူနစ်တွေမှန်းသိလို့ ခေါင်းဖြတ်သတ်ပြီး ခေါင်းတွေကို မြို့အဝင်သစ်ပင်တွေမှာ ချိတ်ဆွဲထားတာပါ။)
"သစ္စာဖောက်လက်ချက်နဲ့ မိမိအဖမ်းခံရတော့မယ်လို့သိရတဲ့အချိန်မှာ ကျန်မိမိလူများလွတ်အောင် အချိန်ဆွဲတာ၊ အဖမ်းခံရပြီး တကိုယ်လုံးကျိုးကျေနေအောင် အနှိပ်စက်ခံရပေမယ့် ဘာအကြောင်းမှ ဖော်ပြောမသွားတာ၊ နှိပ်စက်ပုံတွေကတော့ စုံပါတယ်။ တရုတ်ပဒေ သရာဇ်ခေတ်တွေကရှိခဲ့တဲ့ နှိပ်စက်နည်းများ၊ ဥပမာ လက် ချောင်းထိပ်နဲ့ လက်သည်းကြား ဝါးချွန်ထိုးစိုက်တာဆိုတာမျိုးတွေအထိ ပါပါတယ်။ (အဲဒီအခန်းတွေဟာ ရင်ထဲနာလာအောင်ခံစားရပါတယ်။
ကျန်းကျယ်က "ငါဟာ ငါ့အထက်ဆင့်ကလူတွေ ဘယ်သူတွေဖြစ်တယ်။ ဘယ်မှာနေတယ်ဆိုတာလည်း သိတယ်။ ငါ့အောက်အဆင့်ကလူတွေကိုရော၊ ဘယ်မှာနေတယ်ဆိုတာရော ငါသိပါတယ်။ ဒါပေမဲ့ဒါတွေဟာ ငါတို့ပါတီရဲ့လျှို့ဝှက်ရေးတွေ၊ မင်းတို့ကိုပြောပြဖို့မဟုတ်ဘူး" လို့ ဆိုခဲ့သတဲ့။ ဒါ့အပြင် စစ်ဆေးမေးမြန်းသူများက အကြမ်းနည်းနဲ့မရတော့ "ကဲ မင်းအဝတ်အစားတွေဆွဲချွတ်ပစ်မယ်" လို့ခြိမ်းခြောက်တော့ "ရပါတယ်။ ငါ့မှာရှိတာတွေဟာ မင်းတို့အမေ၊ မင်းတို့နှမ၊ မင်းတို့သမီးတွေမှာ ရှိတာတွေအတိုင်းပဲ" လို့ပြောခဲ့သတဲ့။) ထောင်တွင်းနေရစဉ်မှာလည်း အတူနေအမျိုးသမီးတွေရဲ့နိုင်ငံရေးရေချိန်ကိုမြှင့်တင်ပေးပြီး (အဲဒီကာလ ကူမင်တန်က စေ့ စပ်ဆွေးနွေးရေးစကားဝိုင်းဆိုတာတွေ၊ ငြိမ်းချမ်းရေးဆိုတာတွေနဲ့ အမျိုးမျိုးလှည့်ဖြားနေမှုများအပေါ်) ဘယ် လိုကြည့်မြင်သင့်သလဲပြသနာတွေကိုစဉ်းစားတဲ့အခါ ဘက်စုံထည့်တွက်ချက်စဉ်းစားတတ်အောင်လည်း သင်ကြားပေးပါတယ်။ ဒီလိုနည်းနဲ့ သာမန်တက်ကြွသူအမျိုးသမီးများ(တချို့ဆိုတောတွင်းက ခင်ပွန်းသည်များနဲ့ အတူဖမ်းမိလာသူများ) ကို အလွန်ခိုင်မာကြံ့ခိုင်တဲ့တော်လှန်ရေးသမားများဖြစ်လာအောင် တည်ဆောက်ပေးခဲ့ပါတယ်။ ထောင်တွင်းမှာ နိုင်ငံရေးတိုက်ပွဲများဖော်ဆောင်နိုင်ဖို့ ထောင်တွင်း ကလာပ်စည်းများကိုဖွဲ့စည်းတာတွေ၊ တခြားအမျိုးသားအဆောင်တွေက နိုင်ငံရေးအကျဉ်းသားများနဲ့ မရရတဲ့နည်းနဲ့ဆက်သွယ်ဆောင်ရွက်တာတွေလည်း တွေ့ရပါတယ်။ အထွဋ်အထိပ်ခန်းကတော့ နောက်ဆုံးလျှို့ဝှက်သေဒဏ်ပေးခံရတဲ့ အခန်းပါ။
၁၉၄၉ အောက်တိုဘာ (၁) ရက်နေ့ ပီကင်းမှာ ဥက္ကဋ္ဌမော်က တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်လိုက်ပြီးလို့ကြေညာတဲ့အချိန်မှာ အဲဒီအကျဉ်းထောင်ရှိတဲ့ စစ်ချွမ်ပြည်နယ်ဟာ မလွတ်မြောက်သေးပါဘူး။ ဒီတော့ ထိုင်ဝမ်ကိုဆုတ်ပြေးဖို့ပြင်ဆင်နေတဲ့ ကူမင်တန်အစိုးရက "တို့တတွေ ယာယီဆုတ်ပေးတာသာဖြစ်တယ်။ မကြာခင်ပြန်လာမှာ။ ဒီတော့ ဒီ (နိုင်ငံရေး) အကျဉ်းသမားတွေထဲက ခေါင်းမာတဲ့လူတွေရှင်းပစ်" လို့ လျှို့ဝှက်အမိန့်ပေးတဲ့အတွက် ထောင်တွေထဲမှာ ညအချိန်မှာ နိုင်ငံရေးအကျဉ်းသမားတွေကို ထောင်ပြောင်းမယ်လို့ အ ကြောင်းပြပြီး အသုတ်လိုက် ထုတ်ထုတ်သတ်ပါတယ်။ ပြီးတော့ ငရဲမီးကန်ကြီးတွေထဲချပြီး အလောင်းကိုဖျောက်ဖျက်ပစ်ပါတယ်။
ကျန်းကျယ်ကိုလည်း ဒီလိုပဲလာခေါ်ထုတ်ပါတယ်။ မိမိကိုသတ်တော့မယ်ဆိုတာသိတဲ့အချိန်မှာ ကျန်းကျယ်က ငိုယိုနေကြတဲ့ ကျန်အခန်းဖော်များကို "အားလုံးကြံ့ကြံ့ခိုင်ရပ်တည်ပြီး တယောက်တည်းကျန်လည်း ဘယ်တော့မှအလျှော့မပေးဘဲ နောက်ဆုံးအောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားကြပါ။ ကျွန်မတို့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် အသက်ပေးစွန့်ရတော့မယ်ဆိုရင် မျက်နှာတချက်မပျက် နှလုံးတချက်မခုန်ပဲ ရဲရဲရင့်ရင့် ရင်ဆိုင်သွားရအောင်။ ချန်ကေရှိတ် ဖောက်ပြန်ရေးသမားတွေက သေခါနီးရုန်းကန်တဲ့အနေနဲ့ လူသတ်ပွဲကြီးတွေကို လက်ရဲ ဇက်ရဲလုပ်လာကြပြီ။ ဒီလိုနည်းနဲ့ ကျွန်မတို့ရဲ့နောက်ဆုံးအောင်ပွဲကို တားဆီးနိုင်လိမ့်မယ်လို့ သူတို့အိမ်မက်မက်နေကြတယ်။ ဒါပေမဲ့ အောင်ပွဲဟာ ကျွန်မတို့အတွက်ပါ" တဲ့။
ဒါတွေကတော့ သူတို့ဆီက ကမ်းပါးနီ အကြောင်းတစေ့တစောင်းပါ။ နိုင်ငံရေးအကျဉ်းသမားအကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ စာရေးဆရာကြီး မြသန်းတင့်ကတော့ ဒီကမ်းပါးနီစာအုပ်ကိုဘာသာပြန်ချင်တယ်လို့ ပြောဘူးပါတယ်။ မပြန်ဖြစ်ခဲ့ပါဘူး။ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်ကတော့ "ဘာလဲဟဲ့ လူ့ငရဲ" ဆိုတဲ့ သူရဲ့ ကမ်းပါးနီကို ရေး သားမှတ်တမ်းတင်သွားနိုင်ခဲ့ပါတယ်။
နောင်မှာလည်း ဗမာပြည်သူတွေ စစ်အာဏာရှင်စနစ်ကမလွတ်မြောက်မချင်း ဗမာပြည်သူတရပ်လုံးက ဒီလိုမျိုးစာအုပ်တွေဆက်ရေးသားနေပါလိမ့်ဦးမယ်။ ဒီလိုမျိုးစာအုပ်တွေဟာ တော်လှန်ရေးမျိုးဆက်တွေကို အဆက်မပြတ်အားအင်တွေဖြည့်ဆည်းပေးနေရုံမက၊ တဖက်က ဖောက်ပြန်သူအဆက်ဆက်ကိုလည်း အိပ် မက်ဆိုးတွေနဲ့ အဆက်မပြတ် ခြိမ်းခြောက်နေပါလိမ့်မယ်။
အခုပဲကြည့်ပါ။ကျဆုံးသွားတဲ့ အာဇာနည်များရဲ့ ကျန်ရစ်သူများဆီက သတင်းစကားများက ဘယ်လောက် အားမာန်တွေပြည့်ဝနေပါသလဲ။ သိပ်သေချာပါတယ်။ ဒီစစ်အာဏာရှင်စနစ်ဟာ မုချကျဆုံးမှာ။ ပြည်သူတွေ မုချလွတ်မြောက်မှာ။
လှကျော်ဇော
၃၀-၈-၂၀၂၂
မှတ်ချက်
ကမ်းပါးနီစာအုပ်ကို နီဝင်းထွန်းက တရုတ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုပြီး မိုးလုံးမှိုင်းစာပေက၂၀၁၆ ကထုတ်ဝေထားပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar