Breaking News

ကိုအောင်မှိုင်း - ဆန်ရေ



ကိုအောင်မှိုင်း - ဆန်ရေ

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၂


ဆန်ရေတွေက

စုန်ရေတွေကို အားဖြည့်တဲ့ပွဲ

စစ်တံတိုင်းတွေကို ဖြိုချတဲ့ပွဲ

ဘီလူးသရဲတွေကို နယ်နှင်တဲ့ပွဲ

တအိမ်လုံးတိုက်တဲ့ပွဲ

တရွာလုံးတိုက်တဲ့ပွဲ

တပြည်လုံးတိုက်တဲ့ပွဲ

လွတ်မြောက်ရေးတိုက်ပွဲ ချိမ့်ချိမ့်သဲ

ပြည်သူ့အောင်ပွဲ လက်တကမ်းဆင်နွဲ။

ထာဝရမိတ်ဆွေမရှိ

ထာဝရရန်သူသာရှိ

ခေတ်ပျက်ကြီးထဲ

ပလီပလာစကားထက်

မြင်းခွါတချက်ပေါက်

မီးဟုန်းဟုန်းတောက် သပိတ်မှောက်

တောက်ခေါက်သံတွေနဲ့ စစ်ထိုး

ရန် ငါစည်းတိုး မိုးကိုဒူးနဲ့တိုက်

မိုက်လိုက်ကြစို့ ပြည်သူအပေါင်းတို့

တုတ်နဲ့သေနတ် ဓားနဲ့သေနတ်

သေနတ်နဲ့သေနတ် ဘာဂရုစိုက်စရာလိုတော့

လူလိမ်မာတွေများနေရင် အောင်ပွဲကြန့်ကြာဆိုဘဲ။

ကြွေကျနေတဲ့ ကြယ်တွေကြောင့်


ကောင်းကင်ကြီး လက်နေတယ်။

မြေခနေတဲ့ ပန်းတွေကြောင့်

ကောင်းကင်ကြီး လက်နေတယ်။

ကြယ်ကြွေညတွေ အသင်္ချေမှာ

မြွေမသေတုတ်မကျိုးပြောရင် ရန်သူဘဲ

တုတ်ကျိုးရင်ကျိုးပါစေ မြွေသေဖို့ လိုတယ်။

အနိုင်ရမှုတွေမှာ တန်ဖိုးတွေရှိတယ်

ဆုံးရှုံးမှုတွေမှာလဲ တန်ဖိုးတွေရှိတယ်

ပေးဆပ်မှုတွေမှာလဲ တန်ဖိုးတွေရှိတယ်

အနစ်နာခံမှုတွေမှာလဲ တန်ဖိုးတွေရှိတယ်

တော်လှန်တန်ဖိုးကတော့ တုနိုင်းရာမရှိဘဲ။

တော်လှန်ရေးမှာ ငါကျဆုံးရလဲ

ကြီးမြတ်ခြင်းတွက် မှတ်တိုင်တခု

တန်ဖိုးတွေပေါ် တန်ဖိုးဆင့်လို့

တော်လှန်ရေးကို အားဖြစ်စေမယ်

တော်လှန်ရေးကို တင့်တယ်ဖြစ်စေမယ်

တော်လှန်ရေးကို ပြီးပြည့်စုံစေမယ်။

မြစ်တစင်းရဲ့ ရေလှိုင်းခတ်သံဟာ

တရားမျှတခြင်း လွတ်လပ်ခြင်း

ညီမျှခြင်းဆိုတဲ့ လောကပါလဖြစ်ရင်

ဆန်ရေ ဆိုတာ

တိုက်ပွဲဝင်ခြင်းဖြစ်သလို အောင်ပွဲလဲဖြစ်တယ်။


ကိုအောင်မှိုင်း

( စက်တင်ဘာလ ၁၂ရက် ၂၀၂၂ခုနှစ် )



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar