သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၂ )
သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၂ )
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၂
လက်တွေ့မှာ အတိတ်ကောက်ကြောင်းသက်သက်ကို ကြည့်ပြီး တရုတ်-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေကို ကောက်ချက်ချဖို့ကတော့ ခက်ပါလိမ့်မယ်။ ယုံကြည်မှုရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ရုရှားကို အမှတ်ပြည့်မပေးမှာက သံသယဝင်စရာ မရှိနိုင်ပေမယ့်၊ အနောက်အုပ်စုနိုင်ငံများမှာလို ကဏ္ဍစုံအတွက် ခိုင်မာကျစ်လျစ်တဲ့ မဟာမိတ်နိုင်ငံတွေ တရုတ်မှာ မရှိလေတော့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်တွေ့မြင်နေကြရပါဦးမယ်။
လက်ရှိမှာတော့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ပါဝင်တဲ့ BRICS၊ ရုရှားအပါအဝင် အဖွဲ့ဝင် ၈ နိုင်ငံပါတဲ့ ‘ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း’ (SCO)တို့လို အဖွဲ့မျိုးနဲ့ ခရီးဆက်နေတာ ကို တွေ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာ အီရန်ကလည်း ‘SCO’ရဲ့ နောက်တိုးအဖွဲ့ဝင် ဖြစ်လာတော့မယ်လို့ ကြားသိထားရပါတယ်။ လက်ရှိ ဆွေးနွေးဖက်နိုင်ငံအဆင့်မှာ အာဆီယံထဲက ကမ္ဘောဒီးယား ပါဝင်ပါတယ်။ ဒါဆိုရင် နောက်ထပ် ဘယ်အာဆီယံနိုင်ငံက အဲဒီအဝန်းအဝိုင်းထဲ ချဥ်းကပ်နိုင်ဖို့ အိပ်မက်နေမယ်ဆိုတာ မှန်းဆကြည့်ချင်စရာပါပဲ။ ’ရန်သူရဲ့ရန်သူ’ ဖြစ်နေမှုကို အကြောင်းပြုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြတာတွေကလည်း နိုင်ငံတကာ မျက်နှာစာမှာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။
ရုရှားဘက်က မျှော်လင့်ခဲ့သလို ယူကရိန်းကျူးကျော်စစ် အချိန်တိုအတွင်း မပြီးဆုံးနိုင်ခဲ့ခြင်းဟာ တရုတ်အတွက် အကျဥ်းအကျပ်ထဲ ရောက်သွားစေခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမတိုင်မီ ‘ပီကင်း ဆောင်းရာသီအိုလံပစ်’ အတွင်း ‘ပူတင်’ရောက်ရှိစဥ် ထုတ်ပြန်ခဲ့တဲ့ နှစ်နိုင်ငံအကြား ‘အကန့်အသတ်မဲ့ ချစ်ကြည်ရေး’ဆိုတဲ့ ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်ဟာ အကန့်အသတ်နဲ့ ဖြစ်လာတာကို နောက်ပိုင်းမှာ တွေ့မြင်ရပါတယ်။
တရုတ်နိုင်ငံက ရုရှားကို ဝေဖန်ပြစ်တင်ခြင်း မရှိတာက ထင်ရှားပါတယ်။ တားမြစ်ပိတ်ဆို့မှုတွေ မပြုလုပ်သလို အတိုင်းအတာတခုအထိ ကျောထောက်နောက်ခံပေးမှုတွေလည်း ရှိနေမှာပါ။ ဒါပေမဲ့ ဇွန်လဆန်းက သတင်းမီဒီယာမှာ ပေါက်ကြားခဲ့တဲ့ ပူတင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ‘လက်ဗရော့ဗ်’ကို တရုတ်နိုင်ငံဘက်က ကူညီပံ့ပိုးမှု မျှော်လင့်သလောက် မရရှိတာနဲ့ ပတ်သက်ပြီး ကြိမ်းမောင်းခဲ့တာက တရုတ်ရဲ့ အကန့်အသတ်နဲ့ ထောက်ခံမှုကို ပြသနေပါတယ်။
ရုရှားဘက်ကို ပိုယိမ်းတာ ဖုံးကွယ်မရပေမယ့် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ‘Fan Xianrong’က တ ရုတ်နိုင်ငံဟာ မိတ်ဆွေနိုင်ငံဖြစ်ပြီး ယူကရိန်းပြည်သူတွေရဲ့ ရွေးချယ်မှုလမ်းကြောင်းကို လေးစားကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ’Qin Gang’ကလည်း ‘ဝါရှင်တန်ပိုစ့်’ သတင်းစာမှာ ‘တကယ်လို့များ ဒီလိုဖြစ်ပျက်မယ်ဆိုတာကို ကြိုသိခဲ့ရင် တရုတ်အနေနဲ့ တားဆီးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့မှာ ဖြစ်တယ်’လို့ ရေးသားခဲ့ဖူးပါတယ်။
အစစ်အမှန် စကားများလား၊ သကာရည်ဖုံးထားတဲ့ စကားလုံးများလား ဆိုတာကိုတော့ ကာယကံရှင်များကသာ သိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပြတ်ပြတ်သားသား မရပ်တည်ပေးတာဟာ ရုရှားဘက်က ကြားချင်တဲ့အရာတော့ မဟုတ်နိုင်ပါဘူး၊ ရုရှားနဲ့ပတ်သက်ရင် တရုတ်ဘက်က သတိကြီးကြီးထား တုံ့ပြန်နေတာကိုလည်း ပေါ်လွင်စေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်တုန်းက ‘ခရိုင်းမီးယား’ကို ရုရှားတို့ ယူကရိန်းထံမှ သိမ်းပိုက်ခဲ့စဥ်တုန်းကလည်း အသိအမှတ်ပြုခဲ့ခြင်း မရှိပါဘူး။
တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်ပေမယ့် ကုလသမဂ္ဂက စုစည်းတင်ပြထားတဲ့ ‘The World Economic Situation and Prospect (2022)’ အစီရင်ခံစာမှာ အလယ်အလတ် ဝင်ငွေအုပ်စုရဲ့ အပေါ်လွှာလို့ သတ်မှတ်ခြင်းခံရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတခုအဖြစ်သာ ဆက်ရှိနေပါသေးတယ်။ တရုတ်ဝန်ကြီးချုပ် ’လီခဲ့ချန်’(Li Keqiang)က ၂၀၁၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်၊ စတုတ္ထမြောက် အစည်းအဝေးမှာ အလယ်အလတ် ဝင်ငွေအုပ်စုထဲမှာပဲ ဆက်ရှိမနေဖို့ လာမယ့် ၅ နှစ်အတွင်း ကြိုးစားကြရမယ်လို့ ဆိုခဲ့တာကို အမှတ်ရမိပါတယ်။ အခုတော့ အဲဒီ ၅ နှစ်ကျော်လွန်ခဲ့ပေမယ့် ရည်မှန်းချက် မပြည့်မီသေးပါဘူး။
တကယ်တော့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ဆိုတဲ့ ဝန်ဟာမသေးလှပါဘူး၊ ဒီလိုနိုင်ငံတခုကို စဥ်ဆက်မပြတ် တိုးတက်မှုလမ်းကြောင်းပေါ် ရောက်နေဖို့ဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါ။ တရုတ်နိုင်ငံအတွက် ရုရှားနိုင်ငံဟာ ရေနံတင်ပို့မှု ဒုတိယအများဆုံး၊ သဘာဝဓာတ်ငွေ့ တတိယတင်ပို့မှု အများဆုံး ဖြစ်နေတာကလည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို အထိအခိုက်မခံနိုင်တဲ့ အချက်တချက်လို့ ပြောနိုင်ပါတယ်။ ‘Eastern Siberia Pacific Ocean Pipeline’ကနေတဆင့် တရုတ်နိုင်ငံ ‘ဒါ့ရှင်း’ (Daqing) အထိ ရေနံတင်ပို့တဲ့ စီမံကိန်း၊ ရု ရှား GAZPROMနဲ့ တရုတ် CNPCတို့အကြား ‘ Power of Siberia’ ဓာတ်ငွေ့ပိုက်လိုင်းကို သုံးပြီး တရုတ်နိုင်ငံထဲ တိုက်ရိုက် ပို့ဆောင်မယ့် စီမံကိန်းတွေဟာ နှစ်နိုင်ငံရဲ့ နှစ်ရှည်ပရောဂျက်များ ဖြစ်ပါတယ်။
အခု တရုတ်ကနေ ဥရောပကို ရထားလမ်းကြောင်းနဲ့ ကုန်စည်တင်ပို့နေမှုတွေကလည်း ရုရှားနိုင်ငံထဲက ဖြတ်သွားနေရတာပါ။ ဥပမာ တရုတ်နိုင်ငံ ’ချုံကင်း’(Chongqing)-ဂျာမနီ ‘ဒူးစ်ဘာဂ့်’ (Duisburg) ကုန်ရထားဆိုရင် ရုရှားကို ဖြတ်သွားသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ‘တရုတ်- ဥရောပ’ ကုန်ရထားခရီးစဥ်သစ်အနေနဲ့ တရုတ်နိုင်ငံ ‘ချန်ဒူး’(Chengdu)-ရုရှား ’စိန့်ပီတာဘတ်စ်’ (St. Petersburg) လမ်းကြောင်းကို စတင်ခဲ့ပါတယ်။
ကြားဘူတာနဲ့ ခရီးလမ်းဆုံး ကွာခြားတဲ့ လမ်းကြောင်းတွေရှိပေမယ့် ရုရှားပိုင်နက်ကို အများအားဖြင့် ဖြတ်ကြပါတယ်။ ၂၀၂၂ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ အသစ်စတင်လိုက်တဲ့ ရုရှားကို ရှောင်သွားတဲ့ ‘ရှန်း’( Xi’an) - ဂျာမနီ ’မဲန်းဟိုင်း’ (Mannheim)ခရီးစဥ်လည်း အခုတော့ တွေ့နေရပါပြီ။
ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ်က ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ခဲ့ရာမှ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၇၄ ဒသမ ၉ ဘီလီယံတန်ဖိုးအထိ ရှိလာခဲ့တဲ့အတွက် အဖုအထစ်မရှိ အဆင်ပြေပြေ ဆက်ရှိချင်နေဦးမှာပါ။ ဒီအချက်အလက်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ကုန်သွယ်စီးပွားရေးရှုထောင့်က အမြင်ပဲ ရှိပါသေးတယ်။
တရုတ်နိုင်ငံလို့ ဆိုတာနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်လေ့ရှိတယ်ဆိုတဲ့ အမြင်ကို ယေဘုယျ လက်ခံလေ့ရှိကြပါတယ်။ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်က မလွတ်မြောက်သေးသရွေ့ တရုတ်တို့ရဲ့ လုပ်ဆောင်ဆုံးဖြတ်ချက်တွေဟာ ဒီအမြင်ကို ထင်ဟပ်နေဦးမှာလား ဆိုပြီး တွေးထင်စရာပါ။ ၂၀၂၀-၂၁ ခုနှစ်အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များရဲ့ ကုန်ကျစရိတ် ဘတ်ဂျက်မှာ အမေရိကန် ပြီးရင် တရုတ်က ဒုတိယ လိုက်လာပါတယ်။ သူ့နောက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ဂျာမနီ၊ ယူကေ၊ ပြင်သစ်တို့ အစဥ်အလိုက် ရှိပါတယ်။ နိုင်ငံရဲ့ ကြွယ်ဝလာမှုကို ကမ္ဘာကြီးအတွက် လိုအပ်တဲ့နေရာမှာ သုံးစွဲပေးလာတာကတော့ အပြုသဘောဆောင်ပါတယ်။
ရုရှားသတင်းဌာန TASS ရဲ့ ရေးသားမှုမှာ ‘ပူတင်’က ရုရှား-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးအကြောင်း ‘၇ ကြိမ် မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်’အတွင်းက စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ‘ပမာဏ သိပ်မများသေးပေမယ့် ဒီ ၂၀၂၂ ခုနှစ် ပထမ ၆ လမှာ ၂ ဒသမ ၆ ဆ ပိုများလာပြီး ကောင်းမွန်တဲ့ ကုန်သွယ်လက္ခဏာပုံစံ ဖြစ်ကြောင်း’ ပြောခဲ့တာပါ။ ပိတ်ဆို့ဒဏ်ခံနေရတဲ့ ရုရှားအတွက် ကုန်သွယ်ဘက် ကြီးကြီး သေးသေး တိုးချဲ့လုပ်ကိုင်လိုတဲ့ သဘောရှိတဲ့ပုံပါပဲ။
ဒီနေ့ တရုတ်ကုမ္ပဏီများ၊ နိုင်ငံပိုင်ကော်ပိုရေးရှင်းများဟာ မြန်မာနိုင်ငံ လိုအပ်ချက်နေရာ အများစုမှာ ဝင်ရောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အနေအထားမှာ ရှိပါတယ်။ စစ်ကောင်စီအနေက ရုရှားနဲ့ ရွှေလမ်းငွေလမ်း ဖွင့်လာချင်တဲ့ သဘောပြနေတာကို တရုတ်ဘက်က မျက်စိဒေါက်ထောက် ကြည့်နေပါလိမ့်မယ်။ ဘယ်ကဏ္ဍကပဲ ဖြစ်ဖြစ် စျေးကွက်ဖဲ့ပေးလိုက်ရသမျှ တရုတ်အတွက် ဆုံးရှုံးမှုလို့ ဆိုနိုင်ပါတယ်။ ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးထားမှုကို ရုရှားသာမဟုတ်၊ ဘယ်နိုင်ငံကပဲ အစားထိုးလာလာ တရုတ်ဘက်က မကြည်မလင်ဖြစ်မှာ သေချာပါတယ်။ လက်ရှိအခြေအနေမှာကတော့ ရုရှားက စစ်ကောင်စီ ဆန္ဒရှိသလို စွမ်းစွမ်းတမံ ပံ့ပိုးလုပ်ဆောင်ပေးနိုင်တဲ့ အနေအထား ရှိဟန်မတူပါဘူး။
တကယ်တမ်းက ဆိုဗီယက်ယူနီယံခေတ်က နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် ချစ်ကြည်ရေးခရီးစဥ်တွေ ရှိခဲ့တာနဲ့ နောက်ပိုင်းကာလ (၁၉၉၅-၂၀၂၁)အတွင်း ရုရှားဆီက စစ်လက်နက် ဒေါ်လာ ၁,၇၆၇ သန်း ဖိုးဝယ်ယူခဲ့တာတွေ ပါဝင်တဲ့ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးတို့ကို ချန်လှပ်စဥ်းစားကြည့်ရင် ရုရှား-မြန်မာ ဆက်ဆံရေးအကြောင်းက မည်မည်ရရ ဖြစ်မကျန်ခဲ့ဘူးလို့တောင် ပြောလို့ရပါလိမ့်မယ်။ ထပ်ကွန့်ပြီးတော့ ပြောရရင် အကယ်၍ ရုရှားကသာ လုံခြုံရေးကောင်စီမှာ အမြဲတမ်းဗီတိုပိုင်ရှင် မဟုတ်ခဲ့ပါက အခုနေမှာ စကားဝိုင်းထဲ ထည့်တောင် ပြောဖို့မလိုတဲ့ အနေအထားလို့လည်း ဆိုနိုင်ပါတယ်။
လောလောလတ်လတ် ‘နျူးကလီယားစွမ်းအင်’ဆိုင်ရာ သဘောတူညီချက် ဆိုတာကလည်း ရုရှား-မြန်မာ ဆက်ဆံရေးမှာ ထူးခြားဖြစ်စဥ်တရပ် မဟုတ်ပါဘူး၊ အလွန်တရာ ထူးခြားတိုးတက်မှုတခုအဖြစ်နဲ့ စစ်ကောင်စီကသာ ဝါဒဖြန့်ဖို့ ကြိုးစားနေခြင်းပါ။ လက်မှတ်ရေးထိုးတဲ့ ‘Rosatom’ရဲ့ ထုတ်ပြန်ချက်အရ ဥပဒေမူဘောင်များ၊ ‘small modular reactor’ တည်ဆောက်ဖို့ ဖြစ်နိုင်ခြေနဲ့ လေ့ကျင့်ပညာပေးရေး ကိစ္စများပါဝင်သော လမ်းပြမြေပုံကို လက်မှတ်ထိုးကြခြင်းသာ ဖြစ်ပါတယ်။
‘small modular reactor’အတွက် သုံးတဲ့ ယူရေနီယမ်ဟာ (20%-U235) ကို လောင်စာအဖြစ် သုံးလေ့ရှိကြပါတယ်။ နျူးကလီယားလက်နက်အတွက်ဆိုရင် (90%-U235)အထက် ယူရေနီယမ်ကို ပိုင်ဆိုင်ရပါမယ်။ ဒီအတွက် နျူးကလီယားလက်နက်ရယူနိုင်ဖို့က အဝေးကြီးပါ။ အာဆီယံတွင်း နျူးကလီယား လက်နက်ကင်းမဲ့ဇုန်-ဘန်ကောက်စာချူပ် (၁၉၉၅) ကိုလည်း မြန်မာက လက်မှတ်ရေးထိုးထားပါသေးတယ်။ မြောက်ကိုရီးယားနဲ့အပြိုင် နောက်အိမ်နီးချင်းနိုင်ငံတခုကို နောက်မျိုးဆက်တွေအတွက် တရုတ်ခေါင်းဆောင်များက ချန်ထားလိုမယ်လို့လည်း မထင်ပါဘူး။ ဒါဟာ လွယ်လင့်တကူ ပိုင်ဆိုင်နိုင်တဲ့ လက်နက်မျိုး မဟုတ်ဘူးဆိုတာ ရှေ့က အခြားနိုင်ငံများရဲ့ ပုံသက်သေများလည်း ရှိထားပါတယ်။
နိုင်ငံတကာရဲ့ ပစ်ပယ်မှုခံထားရတဲ့ စစ်ကောင်စီအနေနဲ့ ဒီဗီတိုအာဏာရှင် နှစ်နိုင်ငံကို အားကိုးတကြီး ‘ဆရာ’ တင်လိုနေတာကတော့ သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်ကျဥ်းထဲကျပ်ထဲ ရောက်နေပြီး ဘက်ပေါင်းစုံမှာ အထိနာနေတဲ့ ‘ရုရှား’နဲ့မှ နီးကပ်လိုခြင်းကတော့ ဆန်းစစ်စရာ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားကို ပါးနပ်လိမ္မာစွာနဲ့ အတိုးအဆုတ် အလျှော့အတင်း ကစားဖို့ ကြံရွယ်နေသလား ဆိုတာကတော့ မေးခွန်းထုတ်ဖို့ မလိုအောင် အရည်အချင်းနည်းပါးသူများပါ။
လာမယ့် အောက်တိုဘာလ ၁၆ ရက်မှာ ကျင်းပမယ့် ၂၀ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ကွန်ဂရက်မှာ သမ္မတ ‘ရှီကျင့်ဖျင်’က တတိယ ၅ နှစ်သက်တမ်း ရွေးချယ်ခံရဖို့ သေချာသလောက် ရှိနေချိန်မှာ ‘ပူတင်’ရဲ့ နိုင်ငံရေးအလားအလာကတော့ အခုအချိန်မှာ မရေမရာလို့တောင် ဆိုနိုင်ပါတယ်။
’အကွက်ချ၍ အရှည် ကြည့်တတ်မှု’ကို ပြိုင်ဆိုင်ကြမယ်ဆိုရင်တော့ အမှတ်တံဆိပ်တခု ထူထောင်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံက ရုရှားနိုင်ငံထက် သာပါတယ်။ အခုတော့ စစ်ကောင်စီရဲ့ အနေအထားကို စောင့်ကြည့်နေတဲ့ တရုတ်နိုင်ငံအတွက် ပိုစဥ်းစားစရာတွေ ဖြစ်လာမှာပါ။
လုပ်ရည်ကိုင်ရည်ရှိပြီး ပညာဉာဏ်ပါရမီနဲ့ ပြည့်စုံသူများကို ‘ရွှံ့ကိုကိုင်ရင်တောင် ရွှေဖြစ်စေတဲ့သူ’လို့ သာသာ ထိုးထိုး ချီးမွမ်းစကား ဆိုလေ့ရှိကြပါတယ်။
အခုမြင်နေရတာကတော့ အထက်ကဆိုလိုရင်းနဲ့ ပြောင်းပြန် ‘ရွှေကိုကိုင်ရင်တောင်.........ဖြစ်တယ်’ဆိုပြီး ‘ရွှံ့’ထက် ဆိုးဝါးတဲ့ စကားလုံးကို အစားထိုးရမယ့်ပုံပါ။ ဘာပဲဖြစ်ဖြစ် တဘက်က ဒီလိုဉာဏ်ရည်ဉာဏ်သွေး ရှိသူအုပ်စုနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ခွင့် ရနေတာကိုက နွေဦးတော်လှန်ရေးအတွက် အားတက်စရာတခုလို့ပဲ ဆိုကြရမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar