Breaking News

မုံရွာက ဓားပြမှုတွေ မုဒိမ်းမှုတွေနဲ့ ပတ်သက်တဲ့ ထွက်ဆိုချက်တွေ၊ ရုရှားနဲ့ စစ်ရေး ဆက်ဆံမှုအလားအလာ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၂

မုံရွာက ဓားပြမှုတွေ မုဒိမ်းမှုတွေနဲ့ ပတ်သက်တဲ့ ထွက်ဆိုချက်တွေ၊ ရုရှားနဲ့ စစ်ရေး ဆက်ဆံမှုအလားအလာ

မုံရွာမြို့ပေါ်မှာ ဓါးပြမှုတွေ ကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ကောင်စီ တိုင်းရဲတွေနဲ့ အဆက်အစပ်ရှိတဲ့ ရာဇဝတ်ဂိုဏ်းထဲမှာ ဆက်စပ်ပတ်သက်ခဲ့သူတွေကို စစ်မေးထားတဲ့ ဗီဒီယိုဖိုင်ကို မုံရွာ PDF အဖွဲ့တဖွဲ့က ထုတ်ပြန်လိုက်ပြီး အဲဒီ ဖမ်းဆီးထားတဲ့ သူတွေရဲ့ ထွက်ဆိုချက် ဗီဒီယို မှတ်တမ်း အရဆို မုံရွာမြို့ပေါ်မှာ ဖြစ်တဲ့ ဓါးပြမှု မုဒိမ်းမှုတွေ အများအပြားကို စစ်ကိုင်းတိုင်းရဲတွေက ဘယ်သူ့လက်ချက်လဲ ဆိုတာ သိရှိနေတဲ့သဘောမျိုးဖြစ်ပြီး ခွဲတမ်းရတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေ ဖြစ်ပွားနေတာကို နိုင်ငံရေးအရ အသုံးချတာ ငွေကြေး အရ ဆက်ကြေးရနေတာကြောင့် လျစ်လျူရှုထားတဲ့ သဘော အလိုတူအလိုပါလွှတ်ထားတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ တရားဥပဒေစိုးမိုးရေး မပျက်တပျက် အခြေအနေမှာ ရဲတွေအနေနဲ့ အမှုအခင်းတွေကို မဖေါ်ထုတ်နိုင်လည်း အထက်က ဖိအားပေးတာ မရှိတော့သလို သတင်းမီဒီယာတွေလည်း လွတ်လပ်စွာ ရေးသားခွင့်မရှိကြတော့တာကြောင့် ခေတ်ပျက်မှာ မိမိတို့ရဲ့ ပိုင်ဆိုင်မှု လုပ်ငန်းကို မိမိတို့ဘာသာ စောင့်ရှောက်ရမယ့် အခြေအနေမျိုး ဖြစ်စေပါတယ်။ တဖက်မှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊  ရဲတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ ၊ ဖောက်ခွဲမှုတွေကြောင့် ရာဇဝတ်မှုတွေ၊ ဓါးပြမှုတွေ ၊ လုယက်မှုတွေ ၊ ပစ္စည်းအတွက် သတ်ဖြတ်မှုတွေ အထိန်းအကွပ်မရှိ ဖြစ်လာတယ်၊ မတားဆီးနိုင်ဖြစ်ရတယ်လို့ လူအများကို ကောက်ချက်ချ ရှုမြင်စေချင်တဲ့ ဆင်ခြေပေးဝါဒဖြန့်ချိမှုတွေ လမ်းကြောင်းလွှဲမှုတွေနဲ့ ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေထားကြတာလည်း တွေ့ရပါတယ်။

လက်နက်ကိုင် ခုခံတိုက်ခိုက်မှု အများဆုံးဖြစ်ပွားတဲ့ စစ်ကိုင်းတိုင်း ၊ ကုန်သွယ်ရေးအရ အိန္ဒိယ၊ တရုတ်၊ ကချင်ပြည်နယ် စတဲ့ ဒေသတွေက စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ကုန်တွေ ဖလှယ်ရာ မုံရွာမြို့ဟာ စီးပွားရေး လုပ်ငန်းကောင်းမွန်ခဲ့တဲ့ မြို့ဖြစ်လို့ ငွေကြေးအထိုက်အလျောက်ရှိသူတွေ ချောင်လည်သူတွေ၊ ကိုယ်ပိုင်လုပ်ငန်းငယ်ပိုင်ရှင်တွေ အများအပြားရှိကြတဲ့ မြို့ဖြစ်ပါတယ်။ အခုလို ခေတ်မပျက်တပျက်မှာ လုယက်မှု၊ ဓားပြမှု၊ လုယက်သတ်ဖြတ်မှုလို ရာဇဝတ်မှုတွေ များပြားလာတာ အံ့သြစရာမဟုတ်ပေမယ့် အခုလို ဥပဒေစိုးမိုးရေးမှာ အဓိကတာဝန်ရှိတယ်လို့ သတ်မှတ်ထားကြတဲ့ ရဲတွေကိုယ်တိုင် ရာဇဝတ်ဂိုဏ်းတွေကို ဆက်ကြေးယူ ခွင့်ပြုထားကြတဲ့ အဖြစ်က အတော့်ကို ရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်အပျက် တခုလည်းဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရုရှားမှာကျင်းပတဲ့ အရှေ့ဖျားစီးပွားရေး ဖိုရမ်မှာ RIA သတင်းမီဒီယာနဲ့ အင်တာဗျူး ဖြေခဲ့ရာမှာ ရုရှားလက်နက်ကိုင် တပ်ဖွဲ့တွေ အခြေစိုက်စခန်းတွေ လက်ခံဖို့ ရှိ/ မရှိမေးခဲ့ရာမှာ အခြေခံဥပဒေအရတော့ ခွင့်ပြုထားတာ မရှိဘူး၊ သို့ပေမဲ့ နည်းလမ်းရှာရမယ်လို့ ဖြေကြားခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့  လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် ၇ ခုကျော်အတွင်း မည်သည့် နိုင်ငံခြား လက်နက်ကိုင် တပ်ဖွဲ့တွေကိုမှ တရားဝင် လက်ခံခဲ့တာမရှိခဲ့ပဲ အခုလို စစ်ကောင်စီ လက်ထက်ကျမှ ရုရှားရဲ့ စစ်ရေးဆိုင်ရာမှာ လက်ဝေခံ နိုင်ငံတခုအဖြစ် ကျရောက်နိုင်ခြေရှိလာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ယူကရိန်း နိုင်ငံကို ရုရှားတပ်တွေ ကျူးကျော်တာကိုလည်း လူသိရှင်ကြား ထောက်ခံခဲ့သလို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ လက်နက်ဝယ်ယူရရှိဖို့ အတွက်နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ သံတမန်နယ်ပယ်မှာ ဖိအားပေးခံရတဲ့အခြေအနေမှာ ရုရှားက ကူညီကာကွယ်ပေးဖို့ မျှော်လင့်ချက်နဲ့ ရုရှားရဲ့ လက်ဝေခံအဖြစ်ကို ကျေကျေနပ်နပ် ခံယူဖို့ ခြေလှမ်းလှမ်းနေတာ ဖြစ်ပါတယ်။ 

ရုရှားအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ရေး အခြေစိုက်စခန်းတွေ ထားရှိဖို့ ရည်ရွယ်ချက် ရှိ မရှိ မသိနိုင်သေးပေမယ့် အာဏာသိမ်း စစ်ကောင်စီကတော့ မြန်မာ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံရေးအကြပ်အတည်းမှာ အနိုင်ရဖို့ရာ ဒေသန္တရ လုံခြုံရေး ကိစ္စတရပ်ဖြစ်လာစေနိုင်တဲ့ ရုရှားနဲ့ စစ်ရေးဆက်သွယ်မှု ကိစ္စတွေကိုပါ ခြေလှမ်းလှမ်းကြည့်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar