Breaking News

သင်းရည်လွင် - ပြန်မစီးတဲ့မြစ်၊နွေရာသီ မီးသတိပြုစာသား နဲ့ အထူးပြုလုပ်ချက် နေ့စွဲများ

ပြန်မစီးတဲ့မြစ်၊ နွေရာသီ မီးသတိပြုစာသားနဲ့ 
အထူးပြုလုပ်ချက်နေ့စွဲများ
သင်းရည်လွင်
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၂

အချိန်နာရီတွေ တီဗွီထဲထည့်မလွှင့်တော့ဘူး၊ ကိုယ်တို့မြစ်က ဘယ်ကိုစီးရမယ် ဇာတာထဲမထည့်တော့ပါဘူး၊
ကျွန်တော်တို့လမ်းဟာ ခုတ်ထွင်ရင်း မျှော်နေမယ့် တောအုပ် ထူလာတယ်၊ တနေရာမှာ လဲကျနေသူတွေ၊ တနေရာမှာ မျက်စိ ပျောက်နေသူတွေ၊
အခြား အိပ်မက်တွေ နဲ့ ပျောက်ဆုံးသွားသူတွေ၊
ကြယ်တွေအကြောင်းပြောသူတွေ တကယ့် ကြယ်စစ်စစ်တွေကို မမှတ်မိကြ၊
ကျွန်တော်တို့ တိတိကျကျ ဘဝမရှိသူများ ဖြစ်သည်။
ခုချိန်ထိ ကိုယ့်သစ်ပင်ကို ကိုယ်တိုင်မစိုက်နိုင်သော လူ ဖြစ်သည်။
ကျိုးကြောင်းမဆီလျှော်သော စာသားများကို အလှခြယ်နေသော ရပ်ကွက်အစုတ်လေးတခုဖြစ်သည်။ မှတ်စုစာအုပ်တခုထဲတွင် ထည့်မှတ်ထားရန်ပင် ကျွန်တော် ပျင်းရိနေသည်။
ဒီအကြောင်းကို  စီစီတီဗွီ တွင်မပါဝင်ပါ။
အသေအချာသိမ်းဆည်းရင်း ခြကိုက်ခံရသော နေ့ရက်များဖြစ်သည်။ မြစ်ကမ်းတဖက်တွင်  မိုးများပြီး ကျန်တဖက်ကမ်းတွင် ဒုက္ခများ သည်းသည့်းလှုပ် ရွာနေသည်။  ကျွန်တော်တို့ ပြေးလမ်းပေါ် အပြေးတွေများလာပြီ။ ပိုပြီး များလာပြီ။ မြို့နှင့်အလှမ်းကွာလာပြီ။ တောရွာလေးလည်း မွေးနေ့တွေမသိတော့ဘူး။ စားသုံးသူဟာ ဖြစ်သလိုတန်းစီပြီး အစာအိမ်ကို ဝှက်ဖဲတချပ်လို ပစ်ချလိုက်တယ်။ အသက်တွေ အပေါင်ထားမိသော မနက်ဖန်တွေ၊ အိမ်က ကြောင်ကလေး ပြန်မလာတာလို ကျွန်တော် မလွမ်းဘူးဆိုဖြစ်ပါ့မလား။ အပျော်မယ်တယောက်လို အတိတ်က အရိပ်တွေပြန်ပြောရင် အကောင်းအတိုင်းမရသလိုပါပဲ။
အကောင်းဆုံးတွေ  အကောင်းအတိုင်း ဆုံးရှုံးရသော ဝါကျများ။
ပြန်ယူ မသီးပွင့်ချင်တော့ပါ။
သေခြင်းတရားကို မျက်ဝါးထင်ထင်တွေ့ရှိသူဟာ ရှင်သန်ခြင်းကို စျေးတင်ရန် စိတ်မကူးခဲ့ပါ။
ဘဝဟာ သူ့အတိုင်းရွေ့လျက်ရှိနေသည်။
ဒီနွေရောက်ရင် ကျွန်တော်ရှင်သန်ရန် ဉယျာဉ်တခုရှိမလား။
ကျွန့်တော့်အသံမှာ အသက်မပါခဲ့။
အားလုံး အရုပ်တွေ ဖြစ်သွားသည်၊
နွေတခုရဲ့ အထူးပြုလုပ်ချက်ဖြစ်သည်။
သင်းရည်လွင်
2872022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar