Breaking News

မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ ၊ ငွေရှိရင်တောင်မှ ဆေးဝါးရိက္ခာ ဝယ်မရတဲ့ ပဋိပက္ခဒေသတွေ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၂


မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ ၊ ငွေရှိရင်တောင်မှ ဆေးဝါးရိက္ခာ ဝယ်မရတဲ့ ပဋိပက္ခဒေသတွေ

ခုရက်ပိုင်း ရိုက်ခတ်နေတဲ့ မြန်မာငွေတန်ဖိုးကျတဲ့ ဂယက်၊ ဒေါ်လာစျေး၊ ရွှေစျေး နေ့အလိုက် ခုန်တက်သွားတဲ့ စျေးနှုန်းတွေကြောင့် တခြားသော ကုန်ပစ္စည်းတွေကိုပါ ဂယက်ရိုက်ခတ် လာနေပြီး နေ့စဥ်စားသုံးနေကြရတဲ့ ဆီ၊ ဆေးဝါး၊ ခရီးသွားလာတဲ့ စရိတ်စကတွေကို ရိုက်ခတ်လာနေပြီဖြစ်ပါတယ်။ ဒေါ်လာစျေးနေ့အလိုက်တက်တာ ကိုယ့်နဲ့ တိုက်ရိုက်မဆိုင်ဘူးလို့ ယူဆချင်ပေမယ့် နေ့စဥ် ဝယ်ယူစားသောက်မှုမှာ အခြားသောအသုံးအဆောင်တွေမှာ ဂယက်ရိုက်ခတ်လာနေတာမို့ လျစ်လျူရှုလို့ မရတဲ့အခြေအနေ ဖြစ်ပါတယ်။ 

နေ့စဥ်ထုတ် ပုဂ္ဂလိကသတင်းစာ စျေးနှုန်းကို နောက်လာမယ့် သီတင်းပတ်မှာ တစောင် ကျပ်၁၀၀ ဝန်းကျင် ထပ်တက်ဦးမယ့်အကြောင်း သတင်းစာတိုက်က အသိပေးကြေညာထားပါတယ်။ ပြည်ပက တင်သွင်းရတဲ့ စက္ကူစျေးတွေ မြင့်တက်လာတာကြောင့် သတင်းစာစျေးနှုန်းတွေ အပတ်စဥ်ထုတ်ဂျာနယ် စျေးနှုန်းတွေ မြှင့်တင်ရတော့တာ ဖြစ်ပါတယ်။ 

နေ့စဥ် စျေးထဲဝယ်ယူရတဲ့ ဆမူဆာ ၊ အီကြာကွေးလို အကြော်စုံလို နေ့စဥ်စားသောက်ရတဲ့ ပစ္စည်းတွေ ခုရက်တွင်း ထပ်မံ စျေးမြင့်တက်လာတာ သတိထားမိပါတယ်။ တခု ကျပ် ၂၀၀ နဲ့ ရောင်းချတဲ့ ဆမူဆာက အရွယ်အစားကို ၄ ပုံ ၁ပုံ သေးလိုက်ပါတယ်။ ကုန်ကြမ်းဖြစ်တဲ့ ကြက်သွန်နီ၊ အာလူး၊ ဆီစျေး တက်သွားတာကြောင့် အရွယ်အစားကို သေးလိုက်ပြီး စျေးနှုန်းမပြောင်းပဲ အရွယ်အစားသေးလိုက်တာ ဖြစ်ပါတယ်။ အီကြာကွေးလည်း စျေးနှုန်းမပြောင်းဘဲ အရွယ်အစား သေးလိုက်တဲ့ ဆိုင်လည်း ရှိသလို စျေးနှုန်းပြောင်းပြီး အရွယ်အစားကို ဒီအရွယ်အစားအတိုင်းရောင်းတာ လည်းရှိပါတယ်။ အချို့ အကြော်စုံရောင်းတဲ့ ဆိုင်တွေ ကောက်ညှင်းထုပ် ၊ ကောက်ညှင်းပေါင်း ပြောင်းရောင်းကြပါတယ်။ လူတွေအဖို့ ဝင်ငွေက နကိုအတိုင်းရှိနေပြီး ဝယ်ယူရတဲ့ စားသောက်ကုန် ပစ္စည်းက ရတာနည်းသွားတော့ ချွေတာတဲ့ နည်းလမ်းကို ရွေးချယ်ကြရပါတယ်။  မနက်ခင်း အဆာပြေ စားသောက်စရာ မုန့်နဲ့ လက်ဖက်ရည် စျေးနှုန်းတွေ တက်သွားတာကြောင့် အသုံးစရိတ်ကို ချွေတာကြရပြီး လောက်ငှအောင် သုံးဖို့အတွက် မိသားစုတိုင်း လက်ရှိကုန်စျေးနှုန်းနဲ့ ဝင်ငွေကို ကိုက်အောင် ညှိယူကြရပါတယ်။ ဒါပေမယ့် တရက်ကို ၁၀နာရီနဲ့ အထက်လုပ်ကြရတဲ့ အထည်ချုပ်လို၊ ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ အလုပ်သမားတွေ အဖို့ အခုထက်တိုင် နေ့စား အနိမ့်ဆုံးလုပ်အားခက ၄၈၀၀ ကျပ်က နေ အပြောင်းအလဲ မရှိသေးတာတွေ့ရပြီး အဆိုးရွားဆုံး ခံစားကြရမှာ စက်ရုံတွေက နေ့စားအလုပ်သမားတွေ ဖြစ်ပါလိမ့်မယ်။ ပြင်ပမှာ ကုန်စျေးနှုန်းတွေ သိသိသာသာ မြင့်တက်နေပေမယ့် လုပ်ခလစာတွေ မြန်မြန်ဆန်ဆန် မြှင့်တင်ပေးတာ ပြောင်းလဲပေးတာ မတွေ့ရသေးပါဘူး။ 

အလုပ်သမားတွေအဖို့ ခုလို ဥပဒေ စိုးမိုးမှုမရှိ ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွဲလေ့ရှိတဲ့ စစ်အစိုးရအောက်မှာ အလုပ်သမားအခွင့်အရေး တောင်းဆိုတာတွေကို အရင်နှစ်ကာလတွေလို အင်အားနဲ့ မလုပ်ရဲကြတော့ပါ။ အလုပ်သမားအရေး လှုပ်ရှားသူ အချို့ ဖမ်းဆီးခံရတာတွေ ရှိသလို အချို့ အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတွေလည်း ပြည်ပကို တိမ်းရှောင်ကုန်ကြတာ ဖြစ်လို့ ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှု တောင်းဆိုမှုက အားပျော့လာတာ ဖြစ်ပါတယ်။ 

လျှပ်စစ်မီး ရရှိချိန် နည်းပါးလာတာ သွင်းကုန် ပို့ကုန် နဲ့ပတ်သက်တဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်က စည်းမျဥ်းအမျိုးမျိုးထုတ်ကာ ထိန်းချုပ်လာတာတွေက ပြည်တွင်းက လက်ခစား စက်ရုံလုပ်ငန်းတွေ ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ထိခိုက်စေပြီး အချို့စက်ရုံတွေလည်း ပိတ်သိမ်းသွားတာတွေ ကြောင့် အလုပ်သမားအခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိရေးတောင်းဆိုရာမှာ ဥပဒေတွေ စိုးမိုးမှုနည်းလာတာ ၊ စက်ရုံ အလုပ်ရုံပိတ်လိုက်ရင် အလုပ်လက်မဲ့ ဖြစ်မယ့်အရေး စတာတွေကိုပါ ချင့်ချိန်ပြီး လုပ်ဆောင်နေကြရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ 

ဒါတွေကတော့ ပြည်တွင်းက လုပ်အားကို ရောင်းချပြီး အသက်မွေးကြရတဲ့ အလုပ်သမားတွေ ရဲ့ ကုန်စျေးနှုန်း ကြီးမြင့်လာတဲ့ ဂယက်ရဲ့ ဒဏ် ခံစားရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ မြို့ပေါ်က အလုပ်သမားတွေ အောက်ခြေလူတန်းစားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ မတူတဲ့ ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီနေ့သတင်းတပုဒ်ထဲမှာ နောင်ချိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြသူတွေရဲ့ ကလေးငယ်တွေ တုပ်ကွေးဖြစ်ပွားနေပြီး ကုသစရာဆေးဝါးမရှိတဲ့ အခက်အခဲမျိုး ရင်ဆိုင်နေကြရတဲ့ သတင်းဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ မိမိတို့နေထိုင်ရာ ကျေးရွာတွေကနေ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေ အဖို့ စားရေးသောက်ရေးအတွက် အကူအညီအပေါ် လုံးလုံးလျားလျား မှီခိုနေကြရသလို အခုလို ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ဆေးဝါးမရှိတဲ့ ပြဿနာနဲ့ပါထပ်ဆင့်ကြုံကြရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ သို့မဟုတ် PDF တွေထံ ဆေးဝါးမရောက်ရှိအောင် တမြို့နဲ့ တမြို့ ဆေးဝါးပို့ဆောင်တာတွေကိုပါ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ကန့်သတ်ဖြတ်တောက်မှုတွေရဲ့ အကျိုးဆက်ကို အရပ်သားတွေ ကလေးငယ်တွေ အားလုံး ခံစားနေကြရတာ ဖြစ်ပါတယ်။ 

နောင်ချိုက စစ်ရှောင်စခန်းတွေလို အဖြစ်အပျက်မျိုးတွေ ချင်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းက နေရာအများအပြားမှာ ကြုံတွေ့နေရပြီး ဖြစ်ပါတယ်။ စစ်ဘေးကြောင့် သေနတ်၊ မိုင်း၊ လက်နက်ကြီး ကျည်သင့် လို့ သေဆုံးရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရပြီး  သေဆုံးရတာတွေက သတင်းတွေထဲပါလေ့ရှိပြီး ရေတွက်လို့ရတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပေမယ့် စစ်ပွဲရဲ့ အကျိုးဆက် အခုလို အသက်ဆုံးရှုံးရမှုတွေက မှတ်တမ်းတင်ထားတာမျိုး မရှိသလို ရေတွက်ဖို့ ခက်ခဲတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar