Breaking News

တူမောင်ညို - ညောင်နှစ်ပင်ခန်းမ ပြင်ဆင်တာနဲ့ပတ်သက်ပြီး ထင်မြင်တာကို တင်ပြတာပါ


တူမောင်ညို - ညောင်နှစ်ပင်ခန်းမ ပြင်ဆင်တာနဲ့ပတ်သက်ပြီး ထင်မြင်တာကို တင်ပြတာပါ

(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၂


ညောင်နှစ်ပင်ခန်းမကို မင်းအောင်လှိုင်က အားချင်းပြင်ဆင်နေတာ  ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် မဟုတ်ပါဘူး။ NCA စာချုပ်ထဲကနေ ဆက်သွားနေတဲ့ “ပြည်ထောင်စုသဘောတူစာချုပ်” (National  Accord) ဆိုတာအတွက်ပဲ ဖြစ်နိုင်ပါတယ်။ ဒီစာချုပ်ကို  အခုမင်းအောင်လှိုင်နဲ့ ပထမအကျော့ဆွေးနွေးပြီးသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ၁၀ ဖွဲ့လုံးက လက်မှတ်ထိုး/ မထိုးဆိုတာ ပြောဖို့ခက်တယ်။ ဒုတိယအကျော့အဖြစ် ဆွေးနွေးသွားတဲ့ (PNLO – LDU - ALP) တို့ကတော့ သူတို့ရဲ့ အရပ်ရပ်အခြေအနေအရ လက်မှတ်ထိုးကြမယ့်အလားအလာပိုများတယ်လို့ ကျနော် တွက်ဆတယ်။ 

အကြမ်းဖက်သမား မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုအနေနဲ့ “၂၀၀၈အခြေခံဥပဒေ” ကို အခန်း (၁၂) အတိုင်းသာ ပြင်ဆင်ရမှာပါ။ အခြားနည်းလမ်း မရှိပါဘူး။ အခြားနည်းလမ်းနဲ့လည်း ဒီကောင်တွေ မပြင်ပါဘူး။ “အခြေခံဥပဒေကို တပ်မတော်က မပြင်ဆင်ချင်တာ မဟုတ်ဘူး။ ခေတ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို မသွေဖည်စေဖို့ တပ်မတော်ဦးဆောင်ပြီး ပြင်တယ်” ဆိုတဲ့ နာမည်ကောင်းကိုလည်း ယူမယ်၊ ယိုပေါက်ဟာ ပေါက်တွေကိုလည်း ပြင်မယ် - ပိုပြီးချုပ်နိုင်ကိုင်နိုင်မယ့် ပုဒ်မတွေလည်း အသစ်ထပ်ဖြည့်ထည့်မယ် -  လူမျိုးစုတွေ လိုလားတဲ့ “ဖက်ဒရယ်အုပ်ချုပ်ရေး” ဆိုတာအတွက် ပြင်ဆင်ချက်တချို့လည်း ထည့်သွင်းလိမ့်မယ်။ ဒီလိုရည်ရွယ်ချက် ၄ မျိုးနဲ့  ပြင်ဆင်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ 

အဲဒီလို ၂၀၀၈ အခြေခံဥပဒေကို အခန်း (၁၂) ပါပြဋ္ဌာန်းချက်တွေတိုင်း ပြင်ဆင်နိုင်ဖို့အတွက် မဖြစ်မနေပြုလုပ်ရမယ့် ပထမဆုံးလုပ်ငန်း အထွေထွေရွေးကောက်ပွဲပဲ။ နောက်တစ်ခုက ၂၀၀၈အခြေခံဥပဒေထဲက ပြင်ဆင်ခြင်တာတွေကို (ဟန်ပြ သဘော)စုစည်းထားဖို့ လိုတယ်။ ဒါကြောင့် နိုင်ငံရေးပါတီအစုအဖွဲ့တွေရဲ့ ပြင်ဆင်လိုချက်ဆိုတာကို “ဗိုလ်ရာပြည့်ကော်မတီ” က ဆွေးနွေးနေတာဖြစ်တယ်။ “ဦးသုဝေ” မရှိတော့ သူ့နေရာကို (SNDP) “စိုင်းအိုက်ပေါင်း” က ယူနေရတယ်။ 

နောက်တစ်ချက်က NCA စာချုပ်ထဲက “ပြည်ထောင်စုသဘောတူစာချုပ်” ကို အခုလာဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့နဲ့ သဘောတူညီချက်တွေ ရယူထားဖို့၊ “ဖက်ဒရယ်” ကို ဟန်ပြလုပ်နိုင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေထဲက ပြည်ထောင်စုဥပဒေပြုစာရင်း(ဇယား ၁) နဲ့ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း (ဇယား ၂ ) ဆိုတာတွေနဲ့ ဆိုင်တဲ့ သဘောတူညီမှုတွေ ရယူထားဖို့ လိုအပ်တယ်။ 

မင်းအောင်လှိုင်တို့ (စကစ) အခု ၆ လအတွင်းမှာ မီးကုန်ယမ်းကုန်လုပ်မှာ ဒီ ၂ ချက်ပဲ ဖြစ်တယ်လို့ မြင်တယ်။ 


ဒါဟာ အကြမ်းဖက်သမား မင်းအောင်လှိုင်နဲ့ (စကစ) စစ်အုပ်စု ထွက်မယ့် ထွက်ပေါက်ဖြစ်တယ်။ သူတို့ထင်သလို ဖြစ်လာနိုင်ပါ့မလား။ ထင်သလို ဖြစ်မလာတဲ့အခါ ထင်ရာလုပ်နိုင်ဖို့ ဖုံးကွယ်ထားတဲ့ အခြားထွက်ပေါက်တွေလည်း သင်းတို့မှာ ရှိပါလိမ့်အုံးမယ်။ 

မင်းအောင်လှိုင်ကတော့ သူသွားမယ့် “ဖက်ဒရယ်” နဲ့ပတ်သက်ပြီး (RCSS) ဥက္ကဋ္ဌ (ဝဏ္ဏကျော်ထင်ပူပူနွေး) ဗိုလ်ယွက်စစ်နဲ့ ဒုတိယအကျော့တွေ့ဆုံတာမှာ “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးရမည်” လို့ လက်ချာပေးနေတယ် မဟုတ်ပါလား။

 ဗိုလ်နေဝင်းစစ်အုပ်စုကတော့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်(ဆိုရှယ်လစ်အတု) ကို ၁၉၇၄ ခုနှစ်အခြေခံဥပဒေ၊ မဆလ တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်စိုးလိုက်တာ တိုင်းပြည်နဲ့လူထုက LDC ဖြစ်သွားတာပါပဲ။ ဗိုလ်နေဝင်းတို့ စစ်အုပ်စုကတော့ ချမ်းသာကြွယ်ဝချမ်းသာသွားကြပြီး “ဆိုရှယ်လစ်လောကသစ်” ကို ရောက်ကုန်ကြတယ်။ 

မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုကလည်း  “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” ကို ၂၀၀၈ အခြေခံဥပဒေ -အခြားတည်ဆဲဥပဒေတွေနဲ့ တည်ဆောက်မယ်လို့ နှပ်ကြောင်းပေးနေပြန်ပါပြီ။ 

“ဖက်ဒရယ်” ရှေ့က ဆိုတဲ့ စွာကျယ်စွာကျယ်နဲ့ “ဖက်ဒရယ်ဒီမိုကရေစီ”သမားတွေ မင်းအောင်လှိုင်ရဲ့ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု” ဆိုတာကိုတော့ အထွန့်တက်သံ/ ပြန်လှန်ငြင်းခုံသံ မကြားမိပါလား။ 

(NMSP) မွန်ပြည်သစ်ပါတီရဲ့ “အသံ” ကို နားစွင့်နေပါတယ်။ ကျန်တဲ့ကရင် ၂ ဖွဲ့ (KNU/KNLA - PC) နဲ့ (DKBA) တို့ကတော့ သိပ်ထူးခြားလိမ့်မယ်လို့ မထင်မိပါဘူး။ သူတို့ဟာ NCA စာချုပ် လက်မှတ်ရေးထိုးပြီးသူတွေ မဟုတ်ပါလား။ 

(UWSP) နဲ့ (NDAA) တို့လည်း ပိုနေမြဲကျားနေမြဲ မူလအနေအထားကိုပဲ ဆက်ထိန်းသွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအနေအထားဟာ ပြည်တွင်း/ပြည်ပ အကျပ်အတည်းမျိုးစုံဆိုက်နေတဲ့ မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုအဖို့ ကျေနပ်စရာပဲ မဟုတ်ပါလား။ 

မင်းအောင်လှိုင်တို့ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ ဟန်ကိုယ့်ဖို့သာလုပ်နေတာပါ သင်းတို့ကြုံနေတဲ့ လက်ရှိ အကျပ်အတည်းဟာ စစ်အုပ်စု အဆက်ဆက်ကြုံခဲ့ရတဲ့ အကျပ်အတည်းတွေထက် အပုံကြီးအများကြီး ကြီးမားပါတယ်။ 

‘တိုင်းရင်းသားတွေ’ကို အစွမ်းကုန်အချိုသတ်နေပါတယ်။ အထူးသဖြင့် တပ်နဲ့ သေနတ်ကိုင်ထားသူတွေကို ကြေးကြီးကြီးနဲ့ ပေးဝယ်ဖို့လည်း ကြံနေလုပ်နေပါတယ်။ အခြားတစ်ဖက်မှာလည်း စစ်ရေးအရ တိုက်ခိုက်တာ၊ သပ်လျှိုဖြိုခွဲတာတွေ လုပ်ဆောင်နေပြီး  လုပ်ကြံသတ်ဖြတ်တာတွေပါ တွဲဖက်လုပ်ဖို့ စဉ်ဆက်မပြတ် ကြံစည်နေပါတယ်။ 

မင်းအောင်လှိုင်တို့ရဲ့ (စကစ) စစ်အုပ်စုကို တွန်းလှန်ဖြိုချမယ့် တော်လှန်ရေးအတွက် ခေါင်းဆောင်မှု လိုအပ်ပါတယ်။ အဲဒီခေါင်းဆောင်မှုကို အခုချိန်ထိ “လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ”နဲ့“CRPH -  NUG – NUCC နဲ့ မျိုးဆက်သစ်များ” ဘယ်ဘက်ကမှ ပြည့်မီအောင် မဖြည့်စွမ်းနိုင်ကြသေးပါဘူး။ လူမျိုးစုများဆိုရင် ၁၉၄၉ ခုနှစ်ကနေ စတွက်ရင် တော်လှန်ရေး သက်တမ်း နှစ်ပေါင်း ၇၀ ကျော်နေပါပြီ။ ဒီနှစ်ပေါင်း ၇၀ အတွင်းမှာ အခွင့်အလမ်းကောင်းတွေ ရရှိခဲ့ဖူးပါတယ်။ သို့သော်လည်း ပန်းတိုင်ထိ မလှမ်းနိုင်ခဲ့ပါဘူး။ အခုလည်း (၁၉၈၈ ခုနှစ်ကထက် သာလွန်တဲ့) အခွင့်သာချက်တွေ ရရှိနေပြန်ပါတယ်။ 

တိကျခိုင်မာတဲ့ ဘုံလုပ်ငန်းစဉ်နဲ့ အဲဒီဘုံလုပ်ငန်းစဉ်ကို သွက်လက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မယ့် ခေါင်းဆောင်မှု လိုအပ်နေပါတယ်။ တစ်ဖွဲ့ကောင်း တစ်ဦး တစ်ယောက်ကောင်းနဲ့ မဖြစ်နိုင်ပါဘူး။ စုပေါင်းခေါင်းဆောင်ကြရမှာပါ။ စုပေါင်းခေါင်းဆောင်မှု တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တည်ကြည်တဲ့ တာဝန်ယူမှုတွေနဲ့ သွားကြရမှာလို့ယူဆပါတယ်။ 

ဒီလိုအပ်ချက်ကို  လောလောဆယ်မှာ ခေါင်းဆောင်မှုနေရာ ရောက်နေတဲ့ နှစ်ဖက်စလုံး (“လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ”နဲ့“CRPH -  NUG – NUCC နဲ့ မျိုးဆက်သစ်များ”) အတက်ကြွဆုံး ဆောင်ကြရွက်ရမှာပါ။ အပြန်အလှန် ငါတကော ကောပြီး ငါ့မြင်းငါစိုင်းကြမယ် ဆိုရင်တော့ တော်လှန်ရေးဟာ ရေစုန်မျောမှာပါပဲ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar