Breaking News

မ လ ရ - မေးခွန်းမှာ ရှင်သန်ဖို့

မေးခွန်းမှာ ရှင်သန်ဖို့  
မ လ ရ
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၂

ဟောဒီလို လမ်းဆုံလမ်းခွမှာမှ ဘာဖြစ်လို့ ရပ်နေရသလဲလို့ ငါသွားမေးမိ
သူရဲကောင်းရဲ့လက်ဟာ မြင်းဇက်ကြိုးကိုလွှတ်ထားပြီး မြင်းလည်ဆံကို အသာဆုပ်လို့
ဒီလို ရုပ်တုမျိုးဟာ ဘယ်မှာ ရှိဖူးလို့လဲ လူရောမြင်းပါ စုတ်ပြတ်သတ်လို့
ငါတို့ ခရီးက ဒီမှာ ရပ်ရမှာတော့ မဟုတ်ဘူးတဲ့ အဲ့ဒီနေရာမှာ စကားက ပြတ်သွား
ဖလင်ကို ရစ်တဲ့ ဘီးက ညပ်သွားလို့ ရုပ်ငြိမ်ဖြစ်သွားတဲ့ ပိတ်ကားပေါ်က မြင်ကွင်းအတိုင်းပါပဲ
သူလာခဲ့ရာ လမ်းဟာ ကြမ်းတမ်းပုံလည်းရ ရှည်လျားပုံလည်း ရရဲ့
ဒါပေမဲ့ ဒီအထိပဲ။ သူ ချီတက်လာနိုင်တဲ့ အတိုင်းအတာဟာ ဒီအထိပဲ
ဟောဒီလိုလမ်းဆုံလမ်းခွမှာမှ ဘာဖြစ်လို့ ရပ်နေရသလဲလို့ သွားမမေးလေနဲ့
အဲ့ဒီလူနဲ့ သူစီးလာတဲ့မြင်းဟာ ဒီမှာ ကျောက်ရုပ်ဖြစ်သွားခဲ့ပြီလေ
မတိုင်ခင်လေး သူ မြင်းပေါ်က ဆင်းလိုက်တယ် မြင်းဇက်ကြိုးကို လွှတ်ပြီး
သူ့လက်က မြင်းလည်ဆံကို ညင်ညင်သာသာပွတ်လို့
ဒီလူက ရက်စက်ခြင်းကိုရော ကြင်နာမှုသင်ခန်းစာကိုပါ ကြေညက်ခဲ့ပုံရတယ်
ခင်ဗျား ရပ်ကြည့် စူးစမ်း သင်ယူနေတာ အချိန်အတော်လင့်သွားပြီမှတ်တယ်
ရစရာရှိတာ ယူပြီးလို့ ခရီးကို ဆက်ချင်ရင် ဒီကနေ ဆက်သွားဖို့ပါပဲ မိတ်ဆွေ
ဟောဒီလို လမ်းဆုံလမ်းခွမှာမှ ဘာဖြစ်လို့ရပ်နေရသလဲလို့ ကိုယ့်ကိုယ်ကိုယ် မမေးမိပါစေနဲ့တော့။
ဩဂုတ် ၂၇၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar