ဆယ်ပေါင်တူ - ကြင်စိုး လူစိတ်ပိုပျောက်လာရခြင်း၏ အကြောင်းရင်း
ဆယ်ပေါင်တူ - ကြင်စိုး လူစိတ်ပိုပျောက်လာရခြင်း၏ အကြောင်းရင်း
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၂
အရင်က စာဖတ်သူကြီးလို့ လူသိများခဲ့တဲ့သူဟာ အခုတော့ ညအချိန် လိုက်ဖ်လွှင့်သမျှ ထပြီးနားထောင်တတ် တဲ့ ‘လိုက်ဖ်’နားထောင်သူကြီး’ ဖြစ်နေပါပြီ၊ ဒါမှလည်း ခေတ်နဲ့မျက်ခြည်မပြတ် ဖြစ်နေတော့မပေါ့။ ဒီအတွက် ည ညဆိုရင် အခုနောက်ပိုင်း အရင်လိုစောစော အိပ်ရာမဝင်ဖြစ်တော့။
တခါတလေကျ ‘လိုက်ဖ်’ နားထောင်ရတာလည်း ရင်တုန်ပန်းတုန် ဖြစ်စရာပါ၊ ဟိုတလောကပဲ ‘Second Aung San Suu Kyi’ ဆိုပြီး စင်္ကာပူလိုက်ဖ်မှာ ကြားလိုက်ရတော့ သူ့မှာသွေးတောင် တက်မတတ် ဖြစ်သွားသေးတယ်၊ ဟုတ်တယ်လေ တစ်ယောက်တည်းနဲ့တောင် သူတို့မှာဒီလောက်ဒုက္ခများနေတာ၊နောက်တစ်ယောက်များ ထပ် ပေါ်လာတာရင်တော့ မလွယ်ကြောပဲဆိုပြီး ဖြစ်သွားတာ၊သေသေချာချာ နားထောင်ကြည့်မှ ‘ဟင်း’ ဆိုပြီး သက်ပြင်းချနိုင်ခဲ့တယ်။အင်းလေ အပျင်းတော့ ပြေတာပေါ့။
ဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ ညဖက်တွေမှာ အပ်ကျတာတောင် ကြားနိုင်တယ်လို့ ဆိုရမလိုပါ။ဒီညလိုတိတ် ဆိတ်တဲ့ အချိန်မှာတော့ အိပ်မပျော်သေးတဲ့ ‘လိုက်ဖ်’နားထောင်သူကြီးရဲ့ နားထဲကို စကားပြောသံလား၊စကား များသံလား မကွဲပြားတဲ့ အသံများဝင်ရောက်လာပါတယ်။မသဲမကွဲအသံများက ပျောက်မသွား၊ တဖြည်း ဖြည်းပိုလို့သာ ကျယ်လောင်လာတယ်။ အပြင်ကကြည့်ရင်သာ သီးသန့်စံအိမ်ကြီးတွေလို့ မြင်ရပေမယ့် အခု လိုကာလ ညညကျ အိမ်ပေါ်မအိပ်ရဲကြပဲ လှိုဏ်ခေါင်းထဲ ဆင်းအိပ်နေကြရတဲ့ အခါမှာတော့၊ ခပ်ဝေးဝေး ကအိမ်တွေဟာ မြေအောက်လှိုဏ်ခေါင်းချင်း ဆက်လုဆက်ခါ ဖြစ်နေလို့ တစ်အိမ်ကအသံ တစ်အိမ်ဆီ မှာ ရိပ်ဖမ်းသံဖမ်း ကြားလေ့ရှိတတ်ပါတယ်။
‘ကြီးကောင်ကြီးမား၊အိုကြီးအိုမ ဒီအသက်အရွယ်ကြီးရောက်မှ ဘယ်လိုဖြစ်ရပြန်တာလဲ ကဲဟာ ’
စိတ်ဆိုးမာန်ဆိုး ဒေါသအတုံးလိုက် အတစ်လိုက်ထွက်နေတာက ကြင်စိုးမိန်းမအသံဖြစ်မယ်။ဆက်ပြီး ကြား လိုက်ရတာက
‘အား....အောင်မလေးဗျ၊ ပြတ်သွားပြီ.....ပြုတ်သွားပြီ.....တတွဲလုံး ပြတ်ကျသွားပြီ’
ကြင်စိုးရဲ့ မချိမဆံ့ အော်သံနဲ့ မရှေးမနှောင်းမှာပဲ လူနာတင်ကားသံတွေ ဆူညံပွက်သွားတာ ကြားရတယ်။ ဘာ များ ဖြစ်တာပါလိမ့်၊ ကဲ ဘာပဲဖြစ်ဖြစ် ဂရုကိုမစိုက်ချင်ဘူး၊ဒီကောင်သေလည်း အေးတာပဲ။ ဟုတ်တယ်၊ ဉာဏ်နီ ဉာဏ်နက် ကလိမ်ကကျစ် ယုတ်ယုတ်မာမာ မဟုတ်တမ်းတရား နည်းမျိုးစုံသုံးပြီး၊ နောက်ကြောင်း အေးနိုင်သမျှအေးအောင် လုပ်ထားခဲ့တာ အခုတော့ ‘ပလုံ’တော့မယ်။ ခိုးထား၊ ဝှက်ထား လုထားသမျှလည်း တနေ့ ပြီးတနေ့ တန်ဖိုးတွေ လျော့လျော့သွားလိုက်တာ၊ တော်ပြီကွာ ဆက်မတွေးချင်တော့ဘူး’ဆိုကာ ကြိုးစားအိပ်လိုက်ပါတော့တယ်။
မနက် အိပ်ရာထတော့ လင်မယားနှစ်ယောက် မနက်စာ ‘မုန့်ဟင်းချို’စားကြပါတယ်။ စိတ်ဝင်စားပြီး ဆိုင်တွေမှာ ဝယ်စားဖို့ စုံစမ်းမေးမြန်း မနေကြပါနဲ့၊ဘာအစားအစာ အသစ်အဆန်းမှ မဟုတ်ပါဘူး၊မုန့်ဟင်းခါးပါပဲ ဒီ နံမည်ကို ခေါ်ရမှာ ကျောချမ်းလို့ ကိုယ့်ဖာသာ ‘မုန့်ဟင်းချို’လို့ ခေါ်ဝေါ် စားသောက်ကြတာပါ။
‘မနေ့က ကြင်စိုးကို ဘာတွေ ပြောလိုက်တာလဲ’ ညကဖြစ်တာ ရှင်ပေးတဲ့အကြံကြောင့်တဲ့။
‘လိုက်ဖ်’နားထောင်သူကြီး’ တချက် တွေသွားတယ်။ သူ ဘာများပြောမိပါလိမ့်ပေါ့။ ဒီကောင်က ဆရာ့ထက်တ ပည့် လက်စောင်းထက်၊ မလုပ်ရဲတာ ဘာမှမရှိသူ ဆိုတော့ အခုနောက်ပိုင်း ကြင်စိုးကို မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီးပဲ ပြောဆိုနေတာပါ။ အကြံဉာဏ်လည်း သိပ်မပေးရဲတော့ပါဘူး။
အင်း တခုတော့ရှိတယ်၊မနေ့က အိမ်အလည်လာရင်း သူလုပ်နေကိုင်နေသမျှအားလုံး အဆင်မပြေဘူးလို့ သူ့ ကို ညည်းပြတော့၊ ပြီးပြီးရော သဘောနဲ့ ဒီလိုဆိုရင်လည်း ‘မင်းလုပ်သမျှတွေကို အခုအတိုင်းဆက်မလုပ်ပဲ ပြောင်းပြန်သာပြောင်းလုပ်ကွာ’ ဆိုပြီး စကားအဖြစ် ပြောမိလိုက်တယ်၊ဒါပါပဲ သိပ်ထွေထွေထူးထူး စကား တော့ မဟုတ်ပါဘူး။
‘ဒါနဲ့ ကြင်စိုး ညက ဘာဖြစ်တာတဲ့တုံး’ ဆိုပြီး မေးလိုက်တယ်။
‘ကြင်စိုးမိန်းမ ပြောတာကတော့ အိပ်ခန်းထဲမှာ သူ့ရဲ့ကပ်ကျေးနဲ့ မတော်တဆထိသွားလို့ ဆိုလားပဲ၊ အသေး စိတ်တော့ မပြောပြဘူး’
ခဏအကြာမှာ ထမင်းစားစားပွဲမှာ တယောက်တည်းကျန်ရစ်ခဲ့တဲ့ စာဖတ်သူကြီးတဖြစ်လဲ ‘လိုက်ဖ်’နား ထောင်သူကြီး’ဟာ တခုနဲ့တခု ဆက်စပ်တွေးမိလိုက်သလိုပါပဲ။သိတဲ့အတိုင်းပဲ သူကလည်း သူ့ခေတ် သူ့အ ခါတုန်းက ခေသူမှ မဟုတ်ပဲလေ။ မနေ့ညက သူနားစွန်နားဖျားကြားရတာနဲ့ အခုမနက် နောက်တိုးသတင်းတွေ ကို ပေါင်းစပ်စဥ်းစားလိုက်တော့ သောက်နေတဲ့ လက်ဖက်ရည်တောင် ‘သီး’မတတ်ဖြစ်သွားတယ်။
မနေ့က သူပြောလိုက်တာရယ်၊ ‘ပြတ်ကျသွားပြီ’ဆိုပြီး ငယ်သံပါအောင်အော်လိုက်တဲ့ ကြင်စိုးရယ်၊ ကြင်စိုး မိန်းမရဲ့ ကပ်ကျေးအကြောင်းရယ် အားလုံးဆက်စပ်မိသွားတာလေ။ ‘ငတုံးငအ ကြင်စိုး၊ငါပြောတာက မင်း စီ မံခန့် ခွဲတာတွေ အဆင်မပြေရင်လည်း ပြောင်းပြန်သာ ပြန်လုပ်ကြည့်လို့ ဆိုတဲ့သဘောပြောတာ အခု တော့ကွာ ဆိုပြီး တခွီးခွီးနဲ့ အရယ်မသတ်နိုင် ဖြစ်နေလေရဲ့။ အဲဒီလို ဖြစ်နေတုန်း အိမ်လုံခြုံရေးအဖွဲ့တွေ ရောက်လာပြီး အိမ်မှာမွေးထားတဲ့ အယ်လ်ဇေးရှင်းတွေ ခြံအပြင်မထွက်စေဖို့ ပြောသံကြားလို့ အကျိုးအကြောင်း မေးကြည့်တော့မှ ပိုဆိုးသွားပါတော့တယ်။
‘ဒီလို အဘရဲ့ ဒီအနီးအနားတွေ့သမျှ ဖမ်းပြီးတော့ ဟိုဟာကိုဖြတ်ယူသွားတယ်။ အတော်ဆိုးတဲ့လူတွေ၊ ဘယ် သူ့ကို အရေးပေါ် အင်္ဂါအစားထိုး ကုသပေးဖို့လဲ မသိပါဘူး’ ဆိုပြီး မကျေမချမ်း ရှင်းပြတာကို ကြားလိုက်ရတဲ့ အခါမှာတော့ ထိန်းမနိုင်သိမ်းမရ ဆက်တိုက်ရယ်မောရင်း စားလက်စအစာတွေ ’ဆို့နင်’ကာ အသက်ရှူရ ခက် လာပြီး သတိလစ်မလို ဖြစ်သွားပါတယ်။
တအိမ်လုံးလည်း ပျာယာခတ်သွားပြီး ဆရာဝန်လည်း အမြန်ရောက်လာပါတယ်။ ဒါပေမဲ့ သူ ပြောလိုက်တဲ့ စကားကို ကြားလိုက်တော့မှ စာဖတ်သူကြီး ဝူးဝူးဝါးဝါး အော်ပြီး လုံးဝ သတိလစ်သွားပါတော့တယ်။ ဆရာဝန် ပြောလိုက်တာက ‘သိပ်မစိုးရိမ်ကြပါနဲ့၊ ဘကြင်စိုးကိုလည်း ကျနော်ပဲ ကုပေးခဲ့တာ အခုလည်းစိတ်ချပါ’တဲ့။
သူ ပြောချင်တာက ကြင်စိုးအစာ’နင်’တုန်းကလည်း သူကုပေးလို့ သက်သာသွားတဲ့ အကြောင်း၊ စာဖတ်သူကြီး သတိရတချက် မရတချက် ကယောင်ကတမ်း ဖြစ်နေတုန်း ထင်လိုက်မိတာက ကြင်စိုးလို အစားထိုးခွဲစိတ် ကု သပေးတာ ခံရတော့မယ်လို့ မှတ်ပြီးအလန့်တကြားနဲ့ သတိလစ်သွားရခြင်းပဲ ဖြစ်ပါတော့တယ်။
ကဲ ဒီတော့ကာ ‘မ’ဆဲ ‘မ’မြဲ ‘မ’နေမြဲ သမားများလည်း ကိုယ့်အဆင့် ဘယ်လောက်အထိတောင် နိမ့်ဆင်းသွား ရပြီဆိုတာကို သိမှသိကြပါလေစ။
ဆယ်ပေါင်တူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar