နွေဦးတော်လှန်ရေး (အောင်ဝေး)
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၂
ငါကျောင်းသားဘဝတုန်းက
အကျဥ်းထောင်ထဲမှာ
"ကျူးဘားတော်လှန်ရေး"ဆိုတဲ့
ကဗျာအရှည်ကြီးတစ်ပုဒ်
ရေးခဲ့ဖူးတယ်။
ငါအခု
အသက်(၇၀)နားနီးနေပြီ။
ပြည်ပြေးတစ်ယောက်ရဲ့
ဘဝမှာ
ငါလွမ်းတစရာ
ငါ့ရဲ့တိုင်းပြည်ကလေးကလည်း
သွေးအိုင်ထဲမှာ။
ထောင်အာဏာပိုင်တွေ
ထောင်မှူးတွေ
ထောင်ဝါဒါတွေ
ငါ့ရဲ့
"ကျူးဘားတော်လှန်ရေး"ကိုဖတ်မိရင်
သူတို့လဲသေသွားနိုင်တယ်။
ငါ့ရဲ့ကဗျာစာလုံးတစ်လုံးဟာ
ဗုံးတစ်လုံးနဲ့ညီတယ်။
နားစောင့်ကောင်းကောင်းနဲ့ရေးတဲ့
ငါ့ကဗျာ
ကာရန်အတောင့်လိုက်
ရစ်သမ်အတောင့်လိုက်။
ကဗျာမှာ
များများမလိုပါဘူး
လက်ဖြောင့်သေနတ်သမားဟာ
ကျည်ဆန်တစ်တောင့်ပဲလိုတယ်။
ငါအခု
အသက်(၇၀)နားချဥ်းလာပါပြီ။
ငါဟာ
တိုင်းပြည်ကိုချစ်နေသေးတယ်ဆိုရင်။
ငါဟာ
ကဗျာဆရာဖြစ်နေသေးတယ်ဆိုရင်။
ငါ နွေဦးတော်လှန်ရေးအကြောင်း
ကဗျာအရှည်ကြီးတစ်ပုဒ်
ရေးရလိမ့်မယ်။
နွေဦးတော်လှန်ရေးကို
ငါ မော်ကွန်းမတင်ခဲ့ဘူးဆိုရင်
ငါဟာ
တိုင်းပြည်မချစ်တော့လို့ပဲ။
နွေဦးတော်လှန်ရေးကို
ငါ ကဗျာမဖွဲ့ခဲ့ဘူးဆိုရင်
ငါဟာ
ကဗျာဆရာမဟုတ်တော့လို့ပဲ။
ငါ ဘာလဲ၊ ဘယ်လဲ
အောင်ဝေးဘယ်နှယောက်ရှိသလဲ။
၂၀၀၇ ရွှေဝါရောင်မှာ
ဆူးလေရှေ့မိန့်ခွန်းပြောတဲ့
အောင်ဝေးနဲ့
၂၀၂၁ နွေဦးမှာ
မမြသွဲ့သွဲ့ခိုင်ကျဆုံးတဲ့နေ့က
မစ်ရှီဂန်မှာ
အံကြိတ်ကြေကွဲတဲ့အောင်ဝေး။
အောင်ဝေးဟာမတူတော့ဘူးလား
အခု ဒီကဗျာရေးနေတဲ့အောင်ဝေးက
အတုလား
အစစ်လား။
သေချာတာတစ်ခုကတော့
အခု ငါရေးတဲ့ကဗျာဟာ
ဦးခေါင်းကိုသေနတ်ကျည်ထိပြီး
သွေးအိုင်ထဲလဲနေလိမ့်မယ်။
အခု ငါရေးနေတဲ့
အောင်ဝေးရဲ့ကဗျာဟာ
ဖက်ဆစ်တပ်စစ်ကြောရေးစခန်းမှာ
အသက်ဆုံးတဲ့အထိ
နှိပ်စက်ညှဥ်းပန်းခံရလိမ့်မယ်။
"နွေဦးတော်လှန်ရေး"လို့
အမည်ပေးထားတဲ့ငါ့ကဗျာ
ဥပဒေမဲ့ပုဒ်မအမျိုးမျိုးတပ်
တရားစွဲ
အကျဥ်းထောင်ထဲထည့်ထားခံရလိမ့်မယ်။
တစ်ပိုင်းတစ်စ ကျဆုံးရတဲ့
ငါ့ကဗျာဟာ
ယူနန်သုသာန်ကအုတ်ဂူလေးထဲ
အေးအေးမသေရပဲ
ဂူဖောက်ခံရဦးတော့မယ်။
ငါ့ကဗျာဟာ
"သားမရတော့ဘူး"ဆိုပြီး
နွေဦးကိုဆက်ထွန်းညှိဖို့
နောင်ဘဝကိုကူးသွားပြီ။
ကျောင်းသားဘဝ
ကျူးဘားတော်လှန်ရေးကိုရေးနေတုန်းက
နရသိန်ညညတွေမှာ
ငါဟာ
ဖီဒယ်နဲ့အတူ
ဂရန်မာကိုရွက်လွှင့်ခဲ့။
ကြိုးတိုက်သံတိုင်ကြားမှာ
ငါဟာ
ရာအူးလ်နဲ့အတူ
ကျူးဘားကမ်းခြေကိုတက်ခဲ့။
မိခင်ရဲ့ခြေအစုံမှာ
လူ(၁၂)ယောက်
သေနတ်(၁၂)လက်နဲ့
စခဲ့တဲ့တော်လှန်ရေး။
ငါဟာ
ရဲဘော်ချေနဲ့အတူ
ဟာဗာနာကိုချီတက်ခဲ့။
ငါဟာ
နီရဲခဲ့တာပေါ့ကွယ်။
အခု ငါရေးနေတဲ့
နွေဦးတော်လှန်ရေးကဗျာမှာ
ချေတို့၊ ဖီဒယ်တို့၊ ရာအူးလ်တို့
မပါပေမဲ့
ကေဇဝင်းတို့၊ ခက်သီတို့ပါတယ်။
ချေဂွေဗားရားကိုဆိုရင်
အားလုံးကချစ်ကြတာပဲ။
ကေဇဝင်းလည်းချစ်တာပဲ
ခက်သီလည်းချစ်တာပဲ။
ငါတို့ဆရာဝန်လေး
တေဇာဆန်းလည်းချစ်မှာပဲ။
ငါတို့ပထန်လေး
ဝေမိုးနိုင်လည်းချစ်မှာပဲ။
ယုတ်စွအဆုံး
စစ်ခွေးရှောင်စခန်းမှာမွေးလာတဲ့
ကလေးတွေကတောင်
အနာဂတ်ကို
ချေနဲ့အတူဖြတ်သန်းဦးမှာပဲ။
ဇာတ်လမ်းကကြမ်းတယ်
မခင်ပန်းကလေးရယ်။
စစ်ခွေးကြီးမင်းအောင်လှိုင်
အာဏာသိမ်းတော့
ငြိမ်းချမ်းရေးသမားတွေ
ခွက်ပျောက်တယ်။
ပြည်သူတွေ
လမ်းပေါ်ရောက်လာတယ်။
ငါရေးမဲ့
နွေဦးတော်လှန်ရေးကဗျာ
ငါ့ကဗျာဟာ
ပြည်သူတွေနဲ့အတူ
လမ်းပေါ်ဆန္ဒပြချီတက်လာတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး
လမ်းပေါ်ထွက်ဆန္ဒပြပွဲဟာ
မန္တလေးကစတယ်
တေဇာဆန်းကစတယ်။
၇၂-နာရီဂျင်း(ချင်း)မိခဲ့လို့
ရန်ကုန်ဟာ
နောက်ကျမှပုန်ကန်ရတယ်။
ပုန်ကန်တော့လည်း
အလံစုံတယ်
အသံစုံတယ်။
ငါ့ရဲ့ကဗျာမှာ
စကားလုံးအားလုံးဟာ မင်းကိုနိုင်ပဲ။
ငါ့ကဗျာထဲက
စကားလုံးတိုင်းမှာ စက်ခေါင်းပါတယ်။
အားလုံးဟာ စပါးတားကပ်စ်ပဲ
အားလုံး ငုယင်ဗန်ထရွိုင်း။
ငါတို့က
သမိုင်းကိုသွေးနဲ့ရေးတယ်
စစ်ခွေးတွေကသေနတ်နဲ့ရေးတယ်။
တပေါင်းလပြည့်နေ့ဟာ
အလောင်းတစ်ရာပြည့်နေ့ဖြစ်သွားတယ်။
ပဲခူးခံတပ်ကျသွားတယ်
ပဲခူးကျမသွားပါဘူး။
လှိုင်သာယာခံတပ်ကျသွားတယ်
လှိုင်သာယာကျမသွား။
သေနတ်ပြောင်းတွေကို
ပြန်ခုခံတော်လှန်ရမယ်ဆိုတဲ့
ဒဿန
လှီုင်သာယာကစတာပဲ။
အနေမတတ်တဲ့
ဒေဝဒတ်နဲ့အပေါင်းပါတွေ
နေပြည်တော်က
အဇာတသတ်ရဲ့သွေးစွန်းလက်
ပြေးပြေးလျက်ကြတယ်။
လမ်းပေါ်ကလူထုတိုက်ပွဲမှာ
ထဘီဟာ
အလံဖြစ်သွားတယ်။
မစင်ကြယ်သူတွေ
မဆင်မြန်းအပ်တဲ့သင်ကန်းဟာ
သောနုတ္ထိုရ်ငကြင်စိုးအတွက်
ကြံရာပါယူနီဖောင်းဖြစ်သွားရဲ့။
ငါ့ကဗျာထဲ
နိုင်/ကျဥ်းကောင်း ကိုမဲကြီး
ကျဆုံးတာလည်းပါရဲ့။
ငါတို့ရဲဘော်မဲကြီးကို
အစ်ကိုရင်း ပြည်ထဲရေးသန်းလှိုင်သတ်တာ။
တစ်နေ့ကျရင်
သန်းလှိုင်တို့စစ်ခွေးတစ်အုပ်
သူတို့အချင်းချင်းပြန်သုတ်သင်ကြလိမ့်မယ်။
ငါရေးမဲ့
နွေဦးတော်လှန်ရေးကဗျာဟာ
မအလဖက်ဆစ်တပ်ကြီး
ဟသ်ာကိုးသောင်းပျက်ကိန်းမပါရင်
ဘယ်ပြည့်စုံလိမ့်မလဲ။
တစ်ခါမဟုတ် နှစ်ခါမက
အမြဲပဲ
မဲလုံးကရယ်ရတယ်။
မင်းအောင်လှိုင်ကလိမ်လို့
ဇော်မဲလုံးကညာရတာလား။
ဇော်မဲလုံးကလိမ်လို့
မင်းအောင်လှိုင်ကညာရတာလား။
ဘယ်သူက ဟစ်တလာ
ဘယ်သူက မာတင်ဘောမန်း။
သမ္မတရူး၊ အာဏာရူးတစ်ယောက်ရဲ့
တင့်ကားမှောက်ခန်းမှာ
ငယ်ရွယ်သူတွေရဲ့အိပ်မက်
သွေးစွန်းသွားတယ်။
နုပျိုသူတွေရဲ့အနာဂတ်
စစ်ဖိနပ်ကတက်နင်းထားတယ်။
လမ်းမပေါ်မှာ
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့
ငါ့ရဲ့ကဗျာဟာ
အကြမ်းမဖက်တဲ့ပြည်သူတွေ
အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရတော့
ခံပြင်းနာကျင်တယ်။
ရန်သူဆန့်ကျင်ခံရခြင်းသည်
ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း
ငါသိတာပေါ့
ဒါပေမဲ့ကြေကွဲတယ်။
တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ရန်သူကပြဋ္ဌာန်းတာပဲ။
နာကျင်ကြေကွဲမှုတွေက
လူထုတိုက်ပွဲကို
လက်နက်ကိုင်တော်လှန်ရေးအဖြစ်
ပြောင်းပစ်လိုက်ပြီ။
ငါတို့ခေါင်းကိုပစ်ခဲ့တဲ့
သူတို့ရဲ့ခေါင်းကို
ငါတို့ပြန်ပစ်ကြ။
နွေဦးတော်လှန်ရေးအမည်ပေး
ငါရေးနေတဲ့ကဗျာမှာ
ခုခံစစ်တို့
တော်လှန်စစ်တို့
ပြောက်ကျားစစ်တို့ဆိုတဲ့
စကားလုံးသစ်တွေတိုးလာပြီ။
ကျူးဘားတော်လှန်ရေးဟာ
ကျူးဘားမြေမှာ
လူ (၁၂)ယောက်
သေနတ် (၁၂)လက်နဲ့စခဲ့။
ငါတို့နွေဦးတော်လှန်ရေးမှာ
လူထုရဲ့ခုခံစစ်ဟာ
ယင်းမာပင်- သပြေအေးရွာက
ဓားတစ်လက်နဲ့စခဲ့။
တူမီးတစ်လက်နဲ့
စစ်ကိုင်း၊ ကလေးတာဟန်းခံတပ်ကစခဲ့။
တော်လှန်စစ်ဟာ
ငါတို့ခေတ်ရဲ့
ပင်မရေစီးဖြစ်လာတယ်။
နီရဲတဲ့မြစ်ရေတွေ
တစ်တိုင်းတစ်ပြည်လုံးအနှံ့
စီးဆင်းသွားတယ်။
ငါတို့မရပ်တန့်တော့ဘူး
နွေဦးဟာ ငါ့ကဗျာထဲမှာ
တပ်ပေါင်းစုအလံထူလာတယ်။
ငါ့ကဗျာထဲကစကားလုံးတချို့
လွတ်မြောက်နယ်မြေရောက်သွားကြတယ်။
သူတို့စစ်သင်တန်းတက်ပြီး
မကြာခင်
မြို့သိမ်းတိုက်ပွဲဆင်ဖို့
ပြန်လာကြလိမ့်မယ်။
ငါ့ကဗျာရဲ့စကားလုံးတချို့ကတော့
ကိုယ့်မြို့ကိုယ့်ရွာကာကွယ်ဖို့
အသေခံတပ်တွေဖွဲ့ကြ။
ငါတို့ဒီတစ်ကြိမ်မှာ
စစ်သံဖနောင့်အောက်မလွတ်မြောက်ရင်
နောင်အကြိမ်ကြိမ်မလွတ်မြောက်တော့ဘူး။
ဘုရင့်နောင်က
ဖောင်ပဲမီးရှို့တာ
ငါတို့က
ကြောက်စိတ်နဲ့အတ္တပါ
မီးရှို့ပစ်ခဲ့ပြီးပြီ။
ငါ့ကဗျာထဲက
စာပိုဒ်အတော်များများ
စီဒမ်၊ စီဒမ်ဆိုပြီး
ရစ်သမ်မိလာတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို
သံဃာတွေစတယ်။
၂၀၂၁ မှာ
စီဒမ်လှုပ်ရှားမှု
ဆရာဝန်တွေကစတယ်။
စီဒမ်တံတားပေါ်
မီးရထားကြီးခုတ်မောင်းဝင်လာတယ်။
မိဘ- ဆရာပူးပေါင်း
ကလေးစီဒမ်ကောင်း။
နွေဦးကိုယုံရင်လိပ်ပြာလုံတယ်
ဝန်ထမ်းပေါင်းစုံ
အကုန်စီဒမ်
ဂဠုန်ဖီဆန်။
ငါ့ကဗျာထဲ
ညီတဲ့ရဲတဲ့ရစ်သမ်ထဲ
ပြည်သူ့ဘက်ပြောင်းလာတဲ့
စစ်သားကောင်း
ရဲသားကောင်းတွေပါလာတယ်။
စစ်ခွေးကြီးမင်းအောင်လှိုင်
ကြိုးစင်မတက်ခင်
ကြိုးဝိုင်းထဲ
ဖင်ထိုင်လဲအောင်
စီဒမ်ကညာဖြောင့်လက်သီးဆိုရင်
ဘယ်ဝိုက်လက်သီးကပီဒက်ပေါ့။
ငါ့ရဲ့
နွေဦးတော်လှန်ရေး
သွေးနဲ့ရေးတဲ့ကဗျာဟာ
ဒိုင်ပွဲရပ်နိုင်ဖို့သေချာနေပြီ။
အောင်ပွဲတစ်ခုငတ်တယ်လို့
တူမီးသေနတ်တစ်လက်ကပြောတယ်။
အင်းစိန်အကျဥ်းထောင်ထဲက
ငါ့သူငယ်ချင်း
ငါ့ရဲဘော်
မင်းထင်၊ မောင်သာချို၊ အူဝဲ
တိုက်ပွဲခေါ်သံကြားနေမလား။
နရသိန်တိုင်းဟာ
သမိုင်းကိုပြောနေကြတယ်။
ငါ ပထမအကြိမ်ထောင်ကျတုန်းက
ကျူးဘားတော်လှန်ရေးကဗျာကြီး
ရခဲ့တယ်။
မဆလခေတ်ပေါ့
အချစ်ကြောင့်ပဲ
လောကအမှောင့်၊ ကြိုးတိုက်ထောင့်မှာ
ကွန်မြူနစ်ဖြစ်ခဲ့တယ်။
အချစ်ကြောင့်ပဲ
ဒီမိုကရေစီကိုလည်းတောင်းခဲ့တယ်။
ကိုယ်တို့ဟာ
တရားသေဝါဒသမားတွေ
မဟုတ်ကြပါဘူး ညိုမီဂုမ္ဘာန်ရယ်။
၈၈ ခုနှစ် အရေးတော်ပုံကြီးချဥ်းလာတော့
ကိုယ်တို့ရင်ခုန်နေပါပြီ။
ငြိမ်ပိလို့ခေါ်တဲ့
နဝတခေတ်မှာ
ငါတို့ငြိမ်ကြည့်မနေခဲ့ကြပါဘူး။
ငါတို့ဟာ
ပြည်သူနဲ့အတူ
ဒီမိုကရေစီတိုက်ပွဲဝင်သူတွေ
ဖြစ်နေကြပါပြီ။
နဝတခေတ်မှာလည်း
မဆလခေတ်လိုပဲ
အကျဥ်းထောင်ထဲမှာ
"ပဥ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း"ဆိုတဲ့
ကဗျာကြီး
ငါရပြန်တယ်။
အကျဥ်းထောင်တွေဟာ
အလင်းရောင်တွေကို
သေအောင်မသတ်နိုင်ပါဘူး။
နရသိန်ထဲကပဲ
ခေတ်ရဲ့အိပ်မက်တွေ
လွတ်မြောက်လာရစမြဲ။
ငါတို့မျိုးဆက်ရဲ့
အတောက်ပဆုံးကြယ်ဟာ
ဆလိုင်းတင်မောင်ဦးဖြစ်တယ်။
ဖက်ဆစ်တွေရဲ့ကြိုးစင်ပေါ်မှာ
ရဲဘော်ဆလိုင်းတင်မောင်ဦး
ကျဆုံးခဲ့လို့လား။
ရှစ်လေးလုံးအရေးတော်ပုံမှာ
ဆလိုင်းတင်မောင်ဦးပါတယ်။
၉၆ တိုက်ပွဲမှာ
ဆလိုင်းတင်မောင်ဦးပါတယ်။
ရွှေဝါရောင်မှာလည်း
ဆလိုင်းတင်မောင်ဦးပါတာပဲ။
အို- ရဲဘော်ဆလိုင်းတင်မောင်ဦး
အနီကူးစက်
သွေးကူးစက်ခဲ့
နွေဦးတော်လှန်ရေးမှာ
သင့်ဝိညာဥ်ဝတ်မှုန်ကူးခဲ့။
ဧရာဝတီမြစ်ရေ
တသွင်သွင်စီးသွားသလို
ခေတ်အဆက်ဆက်
ဆလိုင်းတင်မောင်ဦးသွေးစက်တွေ
စီးဆင်းသွားခဲ့ကြပြီ။
Gen Z ဆိုတာ
အဲဒီသွေးစက်တွေရဲ့
လျှို့ဝှက်အမည်နာမပေပဲ။
ငါက
အဝေးကနေ
အဲဒီကလေးတွေကိုအလေးပြုရ။
အိမ်မပြန်နိုင်သေးတဲ့ဘဝမှာ
ဘီလုံးငှက်ကလေးတွေရဲ့
တော်လှန်ရေးနဲ့ငါကြုံရ။
ငါ့ရင်ထဲက
အနုပညာသူပုန်စိတ်နဲ့
နွေဦးမှာခိုလှုံအိပ်
သပိတ်စုံတော့
ငါ့ကဗျာသူပုန်ထတာပေါ့။
ဒီတော်လှန်ရေးမှာ
Gen Z လေးတွေဟာ
ငါ့ဆရာပဲ။
ငါ သူတို့နောက်ကို
ရဲရဲယုံယုံလိုက်ခဲ့တယ်။
ငါ့ကဗျာဟာ
နောက်လိုက်ကောင်းတစ်ယောက်ရဲ့
တောက်ပတဲ့ကြယ်နီ
မွှေးရီတဲ့နှင်းဆီဖြစ်ရမယ်။
ငါ့ရဲ့လမ်းမှာ
ငါမမှားယွင်းစေရ
ယင်အန်းမှသည်
၃၃- လမ်း လေထန်ကုန်းအထိ။
နိုင်ငံရေးအကျဥ်းသားသုံးထပ်ကွမ်း
ငါဖြတ်သန်းခဲ့
မီးလျှံနဲ့မုန်တိုင်းထဲ
ခရမ်းပြာမြင်းရိုင်း
ဒုန်းစိုင်းခဲ့သပေါ့။
တစ်ခါတစ်ရံတော့လည်း
ခင်ဝမ်းရဲ့
ကြာပန်းတွေအပြည့်နဲ့
ရေကန်ကလေးကိုဖြတ်
ရေတွင်းထဲငုံ့ပြီး
နှင်းရေလို့အော်ခဲ့မိပါရဲ့။
ဘဝက
အရိပ်တစ်ခုငတ်တယ်လို့
သစ်ပင်ကပြောယူရတဲ့
ဘဝပါ နှင်းရယ်။
အခုလည်း
နွေဦးရဲ့တောတောင်နဲ့
လျှိုမြောင်ကြားမှာ
ငါ့ကဗျာဟာဒုန်းစိုင်းနေတုန်းပါပဲ။
ငါ့ကဗျာမြင်းရိုင်းဟာ
တောင်ဇလပ်ပန်းကြွေနဲ့
အိပ်တန်းပျောက်အောက်ချင်းငှက်တွေရဲ့
မျက်ရည်နဲ့သောကမှာ
တရားခံရှာနေတယ်။
ငါ့ကဗျာမြင်းရိုင်းဟာ
စစ်ကိုင်း၊ စစ်ကိုင်း
အနောက်မြောက်လွင်ပြင်မှာ
သမိုင်းနှင်နေတယ်။
အခု
ငါ့မြင်းရဲ့ခရီးရှည်ထဲကို
နုဂျီဝင်ရောက်လာခဲ့ပြီ။
နုဂျီဟာ
မြင်းကုန်းနှီးပေါ်မှာ
တပ်ဦးရဲ့အလံတော်ကို
လွှင့်ထူလိုက်တယ်။
ဖက်ဆစ်အမှောင်ညကောင်းကင်မှာ
နွေဦးရဲ့ကြယ်ရှင်တွေက
ပိုတောက်ပ ပိုထင်ရှားလာကြတယ်။
နေပြည်တော်က
စစ်ခွေးအိုကြီးတွေကတော့
သူတို့ရဲ့အိပ်မပျော်တဲ့ညတာရှည်မှာ
နေဝင်းတစ္ဆေအခြောက်ခံနေရပေါ့။
ဒေါ်အောင်ဆန်းစုကြည်
အဖမ်းခံနေရတယ်
သမ္မတကြီးဦးဝင်းမြင့်
အဖမ်းခံနေရတယ်။
စာပေနဲ့အနုပညာအင်အားစုတွေ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ
စီဒမ်ဝင်သူတွေ
မြို့ပြပြောက်ကျားတွေ
အို- တစ်တိုင်းပြည်လုံးဟာ
အဖမ်းခံနေရပေါ့။
ဖက်ဆစ်ခွေးတပ်ဟာ
ငါ့ကဗျာထဲက
စကားလုံးတချို့ကို
သေနတ်နဲ့မသေမချင်းပစ်သတ်ပြီး
စကားလုံးတချို့ကိုတော့
သေဒဏ်ပေးပစ်တယ်။
ဂျင်မီ၊ ဇေယျာသော်နဲ့
သေဒဏ်ကျသူရဲကောင်းတွေ
သေရွာကပြန်လာတဲ့အခါ
သူတို့ကိုဒီကဗျာပေးဖတ်ရမယ်။
စစ်ခွေးတွေဖိနှိပ်ဖြိုခွဲနေတဲ့ကြားက
လူငယ်တွေကအော်တယ်
"ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်"
"ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်"တဲ့။
ငါ့ကဗျာကလည်းအော်တယ်
"မအလ ကျဆုံးပါစေ"
"မအလ ကျဆုံးပါစေ"
စကြဝဠာတစ်ခုလုံးကြားအောင်
နွေဦးခေါ်သံဟာ
စစ်ခွေးတွေရဲ့
တင့်ကားတွေကိုဖောက်ထွက်သွား။
ဘန်ကာထဲကစစ်သားတွေရဲ့
အကြောက်တရားကို
ဖောက်ထွက်သွား။
ကြောက်ရွံတုန်လှုပ်နေတဲ့
စစ်မိစ္ဆာက
ငါတို့အသံထွက်ရင်
ငါတို့အသံကိုပစ်တယ်။
ကြောက်စိတ်ငင်နေတဲ့
စစ်ဘီလူးက
ငါတို့အလံလွှင့်ရင်
ငါတို့အလံကိုပစ်တယ်။
ငါတို့က
အလံကိုမလိပ်ပဲ
အသံကိုတိတ်ထားလိုက်ကြတယ်။
တိတ်ဆိတ်စွာဆူညံသွားတဲ့
အန်တုခြင်းလမ်းမများပေါ်မှာ
စစ်ခွေးတွေ
ဇီဝိန်ကြွေတဲ့ဇာတ်ခင်းကြပေါ့။
မအလဘက်သား
ဗုဒ်ပေါနဲ့ဘောမတွေဟာ
အစိမ်းရောင်ဖုတ်ပြိတ္တာတွေပဲ။
မအလကိုယ်တိုင်က
မအောင်မြင်နိုင်တဲ့အာဏာသိမ်းမှုရဲ့
ဝံပုလွေနာ။
ငရဲပြည်ကို
မြေအောက်ရထားစီးပြီး
သွားနေတဲ့မိစ္ဆာ။
ဖွတ်ခွေးတွေက
အမြီးဖြတ်ဖို့အဖော်ညှိခံလိုက်ရတဲ့
စစ်ခွေးမင်းအောင်လှိုင်။
ငါ့ရဲ့
နွေဦးတော်လှန်ရေးကဗျာဟာ
လူထုရဲ့ခုခံစစ်က
အနိုင်ရပြီး
အဲဒီခွေးမြီးပြတ်ကျဆုံးခန်းနဲ့
အဆုံးသတ်ရမယ်။
ကြိုးစင်ကတော့
ကြင်စိုးကိုစောင့်လို့နေပါပြီ။
နုဂျီသမ္မတကြီး
ဒူဝါလရှီးလ
D-Day ကြေညာတဲ့နေ့က
ပထမဆုံးပေါက်တဲ့သေနတ်သံဟာ
ငါ့ကဗျာရဲ့
ဖီလိုဆိုဖီရောမန္တိကဖြစ်လာတယ်။
အခု
စစ်ခွေးကြီးသန်းလှိုင်
သူကိုယ်တိုင်
ရဟတ်ယာဥ်စီး လိုက်ရှာနေတဲ့
ပုလဲနယ်ကဗိုလ်နဂါးဆိုတာ
ငါ့ကဗျာရဲ့ပြန်ဂဟပ်ကာရန်ပဲ။
ယင်းမဘင်ဗိုလ်သံမဏိဆိုရင်
ငါ့ကဗျာသံစဥ်ရဲ့
ခွာထောက်ကာရန်။
ခရစ်တော်မွေးနေ့
လေးကေ့ကော်စစ်မျက်နှာမှာ
ကျသွားတဲ့
အောင်ပန်းသားလေး Aစိုင်းကေဟာလည်း
ငါ့ကဗျာရဲ့
ရစ်သမ္မိကတစ်ခုပေါ့။
စစ်ဆာလောင်နေတဲ့ခွေးတွေက
ငြိမ်းချမ်းရေးငတ်မွတ်နေတဲ့
(ဗိုလ်မှူးစောစလုံးတို့ရဲ့)
စစ်ဘေးရှောင်စခန်းကိုမီးရှို့ပစ်ကြတယ်။
ငါ့ကဗျာဟာ
တလုတ်မြို့ရွာ၊ ကင်းမရွာတွေကစပြီး
မီးရှို့ခံခဲ့ရတာပါ။
မင်းတပ်ရေ နိုးထပါတော့
ထန်တလန်ရေ နိုးထပါတော့
နှမ်းခါးရေ နိုးထပါတော့
ဒေါသမကြီးရေ နိုးထပါတော့
ဒီးမော့ဆိုရေ နိုးထပါတော့
မြိုင်နဲ့မြောင်တို့ရေ နိုးထပါတော့။
ဗီယက်နမ်စစ်ပွဲမှာ
ဗီယက်ကောင်းတွေရဲ့
ဆိုင်ဂုံဟာနိုးထလာသလို
ကန္ဒရဝတီက လွိုင်ကော်နိုးထ။
၄၅- ခု ဖက်ဆစ်တော်လှန်ရေး
တောင်ငူနယ်
ခပေါင်းချောင်းဖျားမှာ
ဗန်းမော်တင်အောင်ရဲ့သူရဲကောင်း
ကရင်တိုင်းရင်းသားကြီး တာကောဒီ။
ဧရာဝတီရေ
သံလွင်ရေ
ချင်းတွင်း၊ စစ်တောင်း
ဒုဋ္ဌဝတီ၊ ရွှေလီ၊ ပေါင်းလောင်း
ခပေါင်းရေ တစ်ဖန်နိုးထပါလော့။
တာကောဒီတို့ရဲ့
ပြောက်ကျားစစ်ဟာ
နွေဦးရဲ့သေနဂ်ဗျူဟာဖြစ်တယ်။
ခုခံစစ်ဟာ
လူထုရဲ့ အသံအစစ်ဖြစ်တယ်။
တော်လှန်စစ်ဟာ
မော်ဒန်ဖြစ်တယ်။
နတ်နွယ်ရဲ့
"မြန်မာပြည်မြောက်ပိုင်း"ထဲက
ရွှေနီတို့ညီအစ်ကိုရဲ့
နယ်ချဲ့နဲ့ဖက်ဆစ်ဆန့်ကျင်ရေး
နွေးနေဆဲသွေးတွေ
ငါ့ကဗျာထဲစီးဝင်လာ။
မေခ၊ မလိခဟာ
နွေဦးရဲ့
သောကနဲ့ဗျာပါဒတွေကို
ကွေ့ရှောင်စီးဆင်းမသွားပါဘူး။
ခေတ်တစ်ခေတ်ထဲမှာ
မြစ်တွေအားလုံးဟာ
ပေါင်းဆုံသွားမှာပါပဲ။
သွေးစည်းညီညွတ်မှုဟာ
တပ်ပေါင်းစုရဲ့
အသက်ဓာတ်ဝိညာဥ်။
ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကအစ
တက္ကသိုလ်ပါမောက္ခအဆုံး
အားလုံးဟာချိန်ကိုက်ဗုံးတစ်လုံးဖြစ််တယ်။
နွေဦးက
ကြိုးကျစ်နေပြီ။
နုစီက
ဒေါက်ဖြုတ်ဖို့ပြင်နေပြီ။
စစ်ပွဲက
မင်းတို့အိမ်ရှေ့ရောက်လာပြီတိုးနဲ့ဝိုင်။
ငါတို့ဘယ်တော့မှ
ဒူးမထောက်လက်မမြှောက်ဘူးလို့
မြို့တွေကအော်တယ်။
ဘယ်တော့မှအုပ်ချုပ်လို့မရစေရ
ရွာတွေကကြွေးကြော်တယ်။
စစ်ခွေးတွေက
အဲဒီမြို့တွေရွာတွေပေါ်ကို
လေယာဥ်ထည်လဲနဲ့ဗုံးကြဲတယ်။
သူတို့ဗုံးထဲမှာ
စစ်ပွဲအရှုံးအနိုင်မပါဘူး။
စစ်ပွဲရဲ့အရှုံးအနိုင်နဲ့
အဆုံးအဖြတ်ဟာ
လူထုရဲ့စိတ်ဓာတ်မှာတည်တယ်။
နွေဦးဟာ
စိတ်ဓာတ်ကို
ပရိုမီးသီးယပ်စ်တောင်ထိပ်မှာ
တက်ချိတ်ထားတယ်။
လင်းယုန်ငှက်ရဲ့အတောင်ပံနဲ့
ငါ့ကဗျာက
ဇိအုန်တောင်ပေါ်က
ဝဲဆင်းလာတယ်။
နေပြည်တော်က
ဖက်ဆစ်တရားရုံးထဲ
ငါ့အတောင်ပံတွေ
လျှို့ဝှက်ဝင်ရောက်နိုင်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို
ထောင်ဒဏ်နှစ်ပေါင်း (၁၆၀)ချမတဲ့
မအလကကြံစည်နေတယ်။
ဗုဒ်ပေါကြီးမအလဟာ
ဒုက္ခအဝဝနဲ့
ကွတတဖြစ်နေပါပြီ။
စစ်ခွေးကြီးမအလဟာ
သောကဗရပွနဲ့
အာ့ကျကျဖြစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်က
အကျဥ်းထောင်ထဲ
အနှစ် (၁၆၀)မနေရပဲ။
မအလမင်းအောင်လှိုင်
သူကိုယ်တိုင်သာ
ငရဲကြီးကိုးထပ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဒေါက်ဖိနပ်အောက်မှာ
ဘယ်တော့မှမလွတ်မြောက်ဘဲ
နှစ်ပေါင်း (၆၀၀)နေရတော့မယ်။
မမြနှင်းရည်လွင်ရေ
ငါ့ကဗျာက
ရဲရဲကြီးဟောကိန်းထုတ်လိုက်ပါရဲ့။
နွေဦးတော်လှန်ရေးက
ရဲရဲကြီးဟောကိန်းထုတ်လိုက်ပါရဲ့။ ။
အောင်ဝေး
(ဖေဖော်ဝါရီ ၁၊ ၂၀၂၂)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar