သီအိုဇော် - ‘ဗလာဒီဗော့စတော့ခ်’ရောက် ‘ဂျင်း’ကုန်သည်ချုပ်မှူးကြီး
သီအိုဇော် - ‘ဗလာဒီဗော့စတော့ခ်’ရောက် ‘ဂျင်း’ကုန်သည်ချုပ်မှူးကြီး
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၂
ကြိုလို့သာ စကားပလ္လင်ခံထားရပါတော့မယ်။ အချက်အလက်များ စုဆောင်းပြီး ရုရှားနဲ့ ဆက်နွှယ်တဲ့ တည်တည်တံ့တံ့ ဆောင်းပါးတပုဒ်ကို အမှန်တကယ် ပြင်ဆင်ရေးသားနေတာပါ။ ဒါပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်အကြောင်း နေ့စဥ်ထုတ်သတင်းစာ မျက်နှာဖုံးတွေမှာ ဝေဝေဆာဆာ တွေ့ရပြီးတဲ့နောက်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရေးမှာဖြစ်ပေမယ့် အသော့အထေ့မပါပဲ ရေးလို့မရအောင် ဖြစ်ခဲ့တာမို့ သည်းခံစေလိုပါတယ်။ ခေါင်းစဥ်ကိုတောင် လိုက်ဖက်အောင် ပြောင်းလဲခဲ့ရတဲ့ အဖြစ်ပါ။
အခု စက်တင်ဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၇ ကြိမ်မြောက် အရှေ့ ဖျား စီးပွားရေးဖိုရမ်’ (7th Eastern Economic Forum 2022 )ကို ‘ဗလာဒီဗော့စတော့ခ်မြို့ ’ (Vladivostok)မှာ ကျင်းပတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရုရှားနိုင်ငံကို ဖက်ဒရယ်ဒေသ (The Federal Subjects of Russia ) ၈၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီနယ်မြေများက တခုနဲ့တခုမတူညီကြပါဘူး၊ Republika, Kray, Oblast, Avtonomnaya oblast, Avtonomnyy okrug, Gorod federal’nogo znacheniya ဆိုပြီး ၆ မျိုး ခွဲခြားထားပါတယ်။ ရီပတ်ဘလစ် အဆင့်ရှိတဲ့ ဒေသ၊ အုပ်ချုပ်ရေးဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစရှိသဖြင့် အဆင့် ၆ မျိုး ကွဲပြားတာပါ။
‘ဗလာဒီဗော့စတော့ခ်’ဟာ မြို့အဆင့်သာ ဖြစ်ပြီး ‘Primorsky kray’ ဆိုတဲ့ အုပ်ချုပ်ရေးဒေသရဲ့ အုပ်ချုပ်ရေး ဗဟိုမြို့ကြီးတခုပါ။ အဲဒီအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်ကို လေဆိပ်မှာ လာရောက် ကြိုဆိုတယ် ဆိုတဲ့ ‘ဗလာဒီဗော့စတော့ခ်’ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဆိုတဲ့ ရာထူးမျိုး လုံးဝမရှိပါဘူး။
‘Primorsky kray’ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး အဆင့်လို့ ပြောနိုင်သူက Mr. Oleg Kozhemyako ဆိုသူသာ ဖြစ်ပါတယ်။ သူကလည်း လာမကြိုသလို၊ သူ့လက်ထောက်ကိုလည်း မစေလွှတ်ပါဘူး။ ‘ဗလာဒီဗော့စတော့ခ်’ မြို့ တော်စည်ပင်က တာဝန်ရှိသူများကသာ လေဆိပ်ကို ရောက်လာတာပါ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ‘ဗလာဒီဗော့စတော့ခ်’ကို ပြည်နယ်အဆင့် ကိုယ့်ဘာသာ တိုးမြှင့်ပေးပြီး မြန်မာ သတင်းစာတွေထဲ ‘ဗလာဒီဗော့စတော့ခ်’ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက လာရောက်ကြိုဆိုတယ် ဆိုပြီး ခပ်တည်တည် ‘ဂျင်း’ထည့်လိုက်ပါတယ်။ ဒါကို ပထမ’ဂျင်း’လို့ ခေါ်ရမှာပါ၊ ဘာကြောင့်လဲဆိုတော့ နောက်ထပ် ‘ဂျင်း’ရှိနေသေးလို့ပါ။
‘ဗလာဒီဗော့စတော့ခ်’ဟာ လူဦးရေ ၆ သိန်းကျော်သာ ရှိတဲ့မြို့ဖြစ်ပြီး (လှိုင်သာယာ လူဦးရေထက်တောင် နည်းပါသေးတယ်) မြို့တော်ဝန်ပဲပြောပြော၊ စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးလို့ပဲ ဆိုဆို အဲဒီလိုရာထူးမျိုးတော့ ရှိပါတယ်။ အသက် ၃၈ နှစ်အရွယ် Mr. Konstantin Shestakov က ဒီရာထူးပိုင်ရှင်ပါ၊ ဘာပဲဖြစ်ဖြစ် ခရီးဝေးကလာရသူ၊ ‘ပူတင်’ကို မတွေ့ရမချင်း ဇွဲမလျှော့တတ်သူ တယောက်ကို သူလို စည်ပင်ဥက္ကဋ္ဌက သွား ကြိုသင့်ပါတယ်။ ဒါပေမဲ့ သူကမသွား၊ သူ့လက်ထောက်ကပဲ သွားကြိုပါတယ်။
ဒု-မြို့တော်ဝန် လေဆိပ်မှာကြိုဆိုတဲ့ ဓာတ်ပုံကို မြန်မာသတင်းစာ ရှေ့ဆုံးစာမျက်နှာများမှာ ‘ဗလာဒီဗော့ စတော့ခ်’ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr Stegniy Daria က ကြိုဆိုနှုတ်ဆက်စဥ် ဆိုပြီး အရပ်မြင့်မြင့် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသူ ရုရှားအမျိုးသားတယောက်နဲ့ လက်စွဲနှုတ်ဆက်နေပုံကို ဂုဏ်ယူစွာ ဖေါ်ပြထားခဲ့ပါတယ်။
ပြဿနာက ဒီမှာစပါတယ်၊’ဗလာဒီဗော့စတော့ခ်’ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးအစား ဒု-မြို့တော်ဝန် ဖြစ်ရမှာကိုတော့ အထက်မှာ ပြောခဲ့ပြီးသားပါ။ တကယ်က ‘Daria Stegniy’ ဖြစ်ရပါမယ်ဆိုရင် ရှေ့နောက် စာလုံး လေးလွဲတာကို သိပ်ရေးကြီးခွန်းကျယ် လုပ်မနေပါနဲ့လို့ ဆိုကြလေမလား။ ဒီလိုပါ ‘Daria က အမျိုးသမီးများရဲ့ ပထမနာမည်ဖြစ်ပြီး ‘Stegniy’က အတွေ့ရများတဲ့ ရုရှားမိသားစုမျိုးရိုးနာမည်ပါ။ ဟုတ်ပါတယ် ‘ဗလာဒီဗော့စ တော့ခ်’ ဒု-မြို့တော်ဝန်ဟာ ‘Daria Stegniy’ လို့ခေါ်တဲ့ ခပ်ငယ်ငယ် အမျိုးသမီးပါ။ ‘Mr’ တပ်လို့မရပါဘူး၊
သူဟာ ဓာတ်ပုံထဲက တဦးတည်းသော အမျိုးသမီးလည်း ဖြစ်ပါတယ်။ ဆင်ဖြူတော်ရှင် ပြည်တန်ပတ္တမြား ပိုင်ရှင်ကို ကြိုဆိုနှုတ်ဆက်သူဟာ အမျိုးသမီးငယ်ထက်စာရင် လူကြီးတယောက်သာ ဖြစ်သင့်တယ်၊ဒါမှသာ သတင်းစာ ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြဖို့ ဂုဏ်တင့်မယ်၊ မြန်မာပြည်က လူတွေလည်း သတိထားမိကြမှာ မဟုတ်ပါဘူးဆိုပြီး ရွှေဥာဏ်တော်စူးရောက်ကာ ‘ဂျင်း’ထပ်ထည့်လိုက်တာ ဖြစ်ပါလိမ့်မယ်။
လာကြိုတဲ့အထဲမှာ ဒု-မြို့တော်ဝန်က ရာထူးအကြီးဆုံးဖြစ်လို့ သူမရဲ့နာမည်ကို ယူသုံးလိုက်တဲ့ပုံပါပဲ။ Mr တပ် ပြီး ဘယ်သူဘယ်ဝါ မသိသူတဦးပုံနဲ့ ရောထည့်လိုက်တာလို့ ယူဆရပါတယ်။ အဲဒီပုဂ္ဂိုလ်က ‘Daria Stegniy’ ထက် ရာထူးပိုမြင့်ရင် ဒီလိုပုံမှားရိုက် ‘ဂျင်း’ထည့်မှာ မဟုတ်ဘူးလို့ ယူဆရပါမယ်။
နိုင်ငံတော်ခရီးစဥ်မှာ သွေးရိုးသားရိုးဆိုရင် ဒီလိုလွဲစရာကို မရှိနိုင်ပါဘူး။ ရုရှားသွားတိုင်း တနည်းမဟုတ် တနည်းနဲ့ ပြည်သူကို ‘ဂျင်း’ထည့်တတ်တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ‘ဂျင်း’ကုန်သည်အကြောင်း ဒီမှာ တခန်းရပ်ပြီး ‘ဖိုရမ်’အကြောင်း ဆက်လိုက်ပါဦးမယ်။
‘(၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်’
စစ်အေးတိုက်ပွဲကာလကို ထိုစဥ်က ကမ္ဘာမှာ အဓိကဩဇာလွှမ်းမိုးမှုရှိကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီ ယက်ယူနီယံ နှစ်နိုင်ငံကို အကြောင်းပြုပြီး ‘A Bipolar World’လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြဖူးပါတယ်။ ကမ္ဘာ့အရေး အခင်းတွေမှာ ဒီနှစ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ အဆုံးအဖြတ်ကသာ အခရာကျခဲ့ပါတယ်။ ‘A Multipolar World’ လို့ ဆိုလိုက်ရင်တော့ ဩဇာပါဝါဟာ ဒီလို နှစ်နိုင်ငံတည်းပေါ်မှာပဲ မမူတည်တော့ပဲ ကမ္ဘာ့နိုင်ငံများ လက်ဝယ် ရောက်ရှိသွားသလို ရှိတာကြောင့် ပိုလို့နားထောင်ကောင်းလာပါတယ်။ ဒီ ‘(၇)ကြိမ်မြောက် အရှေ့ဖျား စီး ပွားရေးဖိုရမ်’ ရဲ့ အဓိကဆောင်ပုဒ်က ‘ On The Path towards a Multipolar World’ လို့ဆိုထား ပါတယ်။
ဒီပွဲကို နိုင်ငံပေါင်း ၄၀ ခန့်က တက်ရောက်သူပေါင်း ၄,၀၀၀ ကျော်ရှိမယ်လို့ စီစဥ်သူများက ခန့်မှန်းထားပါတယ်။ ‘စီးပွားရေး’ကို ခေါင်းစဉ်တပ်ထားတဲ့ နိုင်ငံတကာကွန်းဖရင့်တခု ဖြစ်ပေမယ့် မာစတာကဒ်၊ ဗီဇာကဒ် သုံးစွဲပြီး ရုရှားရူဘယ်ပိုက်ဆံ ထုတ်လို့ရမှာ မဟုတ်ဘူးလို့ တက်ရောက်သူ လမ်းညွှန်စာအုပ်ထဲမှာ သတိကြိုပေးထားတာကလည်း သဘောကျစရာပါ။ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေး နှစ်မျိုးနဲ့ပဲ ရုရှားရူဘယ်ပိုက်ဆံကို လွတ်လပ်စွာ လဲလှယ်နိုင်မယ်လို့လည်း ဆိုထားပါတယ်။ ဒီလိုဆိုရင် Air Bus လေယာဥ်စင်းလုံးနဲ့ လာတက်ကြသူတွေ လက်ထဲအမေရိကန်ဒေါ်လာ ဘယ်လောက် ပါခဲ့ကြမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မြန်မာကျပ်ငွေတွေ သယ်ဆောင်မသွားမှာတော့ သေချာပါတယ်။
ယူကရိန်းကျူးကျော်စစ် အကျိုးဆက်ကြောင့် အနောက်အုပ်စုနဲ့ အဆင်မချောတဲ့ ရုရှားနိုင်ငံအတွက် ‘အရှေ့ မျှော်လမ်းစဥ်’ကို ပိုပြီးသိသာထင်ရှားစေတဲ့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ရုရှားနဲ့ အာရှပစိဖိတ်နိုင်ငံများ၊ အာဆီယံနိုင်များကြား ဆက်ဆံရေးကို အသားပေးထားတဲ့ ဖိုရမ်တခုပါ။
ရုရှားရဲ့ စီးပွားရေးနဲ့ ပို့ကုန်အလားအလာများအတွက် မျှော်မှန်းချက်များထားရှိပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးစျေးကွက်တို့ကို အဓိကထားတဲ့ ကွန်းဖရင့်လို့ ယေဘုဘျဆိုနိုင်ပေမယ့် ‘အရှေ့ဖျား နဲ့ အာတိတ်ဒေသမှာ ကျန်းမာတဲ့ လူ့အဖွဲ့အစည်း ဖန်တီးရေး’ (Creating a Healthy Society in the Far East and Arctic)၊ ‘ကိုဗစ်လွန်ကာလ ကမ္ဘာ့ပညာရေး အလားအလာ’ (Prospects for Global Education in a Post-Pandemic World)စတဲ့ ဆွေးနွေးပွဲမျိုးတွေလည်းပါဝင်ပါတယ်။ ချုံ့ပြောရရင်တော့ ရုရှားနဲ့ ဘက်စုံ၊ ကဏ္ဍစုံ နယ်ပယ် အသီးသီးမှာ တွဲဖက်ဆောင်ရွက်နိုင်ကြဖို့ ဈေးကွက်မြှင့်တင်ရေးဆန်ဆန် ပြုလုပ်ခြင်းမျိုး ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးတို့ စကားပြောဖို့ အစီအစဥ်လည်း ရှိပါတယ်။
ယူကရိန်းကျူးကျော်စစ်ကာလ ဖြစ်တဲ့အတွက် နိုင်ငံတကာမျက်နှာစာမှာ သတိနဲ့ ထိတွေ့ဆက်ဆံနေကြချိန်မှာ တရားဝင်မှု/မဝင်မှု ကိစ္စခဏအသာထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကအစ ဝန်ကြီး၊ ဝန်ကလေးများ အဆုံး အုံနဲ့ကျင်းနဲ့ သွားတက်ကြတာက ရုရှားအပေါ် မှီခိုအားထားနေရတာကို ပိုသိသာစေပါတယ်။ ရုရှားသမ္မတ ‘ပူတင်’ တက်ရောက်မယ်ဆိုတော့ ဓာတ်ပုံအခွင့်အရေးကိုလည်း မျှော်ကိုးတာ ပါပါလိမ့်မယ်။ အနိမ့်ဆုံးအနေနဲ့တော့ ဆယ်လ်ဖီတုတ်ချောင်းနဲ့ ရသလောက် ရိုက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ထင်ရပါတယ်။ ‘ဂျင်း’ကုန်သည် ဝင်နှောက်တဲ့အတွက် မူလရေးဖို့ စိတ်ကူးထားလေးတွေ နောက်ဆောင်းပါးမှသာ ဆက်ရေးဖြစ်ပါတော့မယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar