စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်
မြန်မာ့နွေဦးခရော်နီကယ် - စက်တင်ဘာ ၅ မြင်ကွင်း
မိုးမခ - စက်တင်ဘာ ၆၊ ၂၀၂၂
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ခုရက်ပိုင်း ရုရှားနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အရှေ့ဖျားဒေသ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဗလာဒီဗော့စတော့မြို့ကို ယမန်နေ့က ရောက်ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ စစ်ကောင်စီ ဥက္ကဋ္ဌအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ ရုရှားကို တတိယအကြိမ်မြောက် သွားရောက်တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံအတော်များများက သံတမန်ရေးရာအရ ခပ်ခွာခွာနေကြတဲ့အနေအထားမှာ စစ်ကောင်စီအနေနဲ့ သံတမန်ရေးအရ အသိအမှတ်ပြုကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားမှု တခုအဖြစ် အခုခရီးစဥ်ကို မြင်ကြပါတယ်။ ဒီထက်ပိုပြီး သုံးသပ်ရရင်တော့ ရုရှားနိုင်ငံကို မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတဲ့နိုင်ငံအဖြစ် စစ်ကောင်စီက ပြသလိုပြီး တဖက်မှလက်နက်ဝယ်ယူရေး ၊ တခြားတဖက်မှာ ကုလသမဂ္ဂရဲ့ အမြဲတမ်းလုံခြုံရေးကောင်စီဝင် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက အနောက်အုပ်စုရဲ့ ဖိအားပေးမှုကို မြန်မာစစ်ကောင်စီဘက်က နောက်ခံပေးမှုကို လိုအပ်တာကြောင့်လည်း ရုရှားကို အခုလို ချဥ်းကပ်နေတာလို့ နားလည်ရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံမဟုတ်တာ၊ အရှေ့တောင်အာရှမှာ ရုရှားရဲ့အခြားသော စစ်ရေး လှုပ်ရှားမှု ရည်မှန်းချက်တွေ ကြီးကြီးမားမားမရှိတဲ့အပေါ်မူတည်ပြီး တရုတ်နိုင်ငံကနေ အနည်းငယ် ခွာကာ ရုရှားနိုင်ငံဖက်ကို ပိုချဥ်းကပ်တဲ့ လက္ခဏာတွေ့ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ လက်ထက် စစ်အစိုးရလက်ထက်မှာတုန်းက တရုတ်နိုင်ငံကို ကုလအရေးကိစ္စအတွက်ရော လက်နက်ဝယ်ယူရာ အရင်းအမြစ်အဖြစ်အနေနဲ့ပါ အားကိုးခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်း စစ်တပ်အနေနဲ့ တရုတ်နိုင်ငံကို ကင်းကင်းရှင်းရှင်း နေဖို့မဖြစ်နိုင်တဲ့နိုင်ငံ အဖြစ် သတ်မှတ်ထားပေမယ့် အလွန်နီးကပ်တဲ့ ဆက်ဆံရေးမျိုး မဖြစ်အောင် သတိထားပြီး ခပ်ခွာခွာ ဆက်ဆံလာတာတွေ့ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အပေါ်မှာ သြဇာရှိတာ လက်နက်ရောင်းချတာ သို့မဟုတ် ထောက်ပံ့တာတွေအပေါ်မှာ စစ်တပ်က မကြေလည်တာ လို့ယူဆစရာရှိပါတယ်။ ၂၀၁၀ နဲ့ ၂၀ ခုနှစ်အကြား စစ်တပ်အနေနဲ့ အစိုးရရဲ့ သံတမန် မူဝါဒတွေနဲ့ မတူဘဲ ရုရှားနဲ့ စစ်တပ်အချင်းချင်း ဆက်ဆံရေးကို တိုးမြှင့်ခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းအပြီးမှာတော့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးမျိုးဖြစ်အောင် ကြိုးစားနေတာ တလျှောက်လုံး တွေ့မြင်ရပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲဖြစ်ပွားပြီးနောက် ရုရှားအနေနဲ့ နိုင်ငံတကာမှာ သိက္ခာပိုမိုကျဆင်းလာသည့်တိုင် မြန်မာစစ်ကောင်စီက ယူကရိန်းစစ်ပွဲမှာ ရုရှားကို လူသိရှင်ကြားထောက်ခံမှု ပြုခဲ့တဲ့အပြင် လတ်တလော မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ လောင်စာစျေးကြီးမြင့်မှုမှာပါ ရုရှားထံက ရေနံဝယ်ယူပြီး စျေးနှုန်းသက်သာအောင် လုပ်ဆောင်မှုအဖြစ် ပုံဖေါ်နေတာလည်း ဖြစ်ပါတယ်။
တဖက်မှာတော့ ရုရှားအနေနဲ့ မြန်မာစစ်ကောင်စီကို ဒိလောက်အလေးထား အရေးပေးတာမျိုး မမြင်တွေ့ရပဲ အဆင့်အတန်းချင်း မတူတဲ့ သဘောမျိုး လက်ဝေခံ နိုင်ငံတခုအနေနဲ့သာ ရှုမြင်ထားပုံရပြီး ပြီးခဲ့တဲ့လ ရုရှားနိုင်ငံခြားရေးဝန်ကြီး ခရီးတထောက်နားတဲ့ ခရီးစဥ်ကလွဲရင် စစ်တပ်ချင်း ဆက်ဆံရေးမျိုးကိုသာ ပြသခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရုရှားကို ပိုမိုနီးကပ်အောင် ကြိုးစားမှုဟာ ကမ္ဘာမှာ ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ဆက်ဆံရေးတွေ ဆိုးသည်ထက်ဆိုးလာချိန်ဖြစ်လို့ စစ်ကောင်စီအနေနဲ့ ယခင်စစ်အစိုးရတွေ ထိန်းသိမ်းထားခဲ့တဲ့ ကြားနေ နိုင်ငံခြားရေးမူဝါဒကိုပါ စွန့်လွှတ်ပြီး ပြန်လည်ပုံပေါ်လာတဲ့ အနောက်နဲ့ အရှေ့လို့ဆိုနိုင်တဲ့ စစ်အေးစစ်ပွဲမှာ ရုရှားကို ပြည့်ပြည့်ဝဝ ထောက်ခံတဲ့ မြောက်ကိုးရီးယား၊ ဆီးရီးယား၊ ဘယ်လာရုစ် စတဲ့ အာဏာရှင် နိုင်ငံတနိုင်ငံအဖြစ် ပုံပေါ်လာစေမှာ ဖြစ်ပါတော့တယ်။
ဒီနေ့အဖို့ အခြားသော သတင်းတပုဒ်မှာတော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရင် မြန်မာနိုင်ငံကိုနောက်တခေါက် သွားရောက်မှာမဟုတ်ဘူးလို့ ဆွေးနွေးပွဲတခုမှာ ပြောဆိုလိုက်တဲ့ သတင်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လက လာရောက်ခဲ့စဥ်မှာ ဆွေးနွေးပြောဆိုမှုတွေ နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်နဲ့ ကုလအကြား အဆင်မပြေဖြစ်ခဲ့တဲ့သဘော တွေ့ခဲ့ရပြီး ခရီးစဥ်အပြီး ကုလထုတ်ပြန်ချက်ကို စစ်ကောင်စီဘက်က မကျေနပ်တာကြောင့် နှစ်ဖက်ဆွေးနွေးပြောဆိုမှု အသေးစိတ်စကားတွေကို အများသိအောင် ထုတ်ပြန်ခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီထုတ်ပြန်မှုကို ဖတ်ရှုကြည့်တဲ့အခါ စစ်ကောင်စီရဲ့ သဘောထား သူတို့ ရပ်တည်ချက်တွေကို ပိုမိုအကဲခတ် နိုင်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို လုံးဝငြင်းပယ်ထားတာ မဟုတ်ပေမယ့်လည်း ဘယ်အချိန်မှာ ဘယ်လို အခြေအနေမှာ တွေ့ခွင့်ပေးမယ်ဆိုတာမျိုး တိတိပပ မပြောဆိုခဲ့သလို စစ်ကောင်စီဘက်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖြစ် NUG ကိုထောက်ခံသူ သံတမန် ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုနေရာပေးထားတာ စစ်ကောင်စီကိုယ်စားလှယ်ကို လက်မခံတာကို ခံပြင်းမှု မကျေနပ်မှုဖြစ်တာ ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။
ဒီလအတွင်း ကျင်းပမယ့် ပုံမှန်အစည်းအဝေးမှာ အခုလို ကိုယ်စားပြုမှု အရေးကိစ္စထပ်မံ ဆွေးနွေးဆုံးဖြတ်ရဦးမှာ ဖြစ်လို့ စစ်ကောင်စီက အဲဒီမတိုင်ခင်မှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို လာရောက်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်နိုင်ပါတယ်။
သို့ပေမယ့် ခရီးစဥ်ရဲ့ ရလဒ်က မလှခဲ့ဘဲ သံတမန် နည်းလမ်းအရ လုပ်ရိုးလုပ်စဥ်မဟုတ်တဲ့ ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ ကုလနဲ့ ဆက်ဆံရေးကို ပိုဆိုးရွားသွားအောင် လုပ်ဆောင်လိုက်သလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar