Breaking News

အေးငြိမ်း ● ညာတာ ပါတေး (၁)

အေးငြိမ်း ● ညာတာ ပါတေး (၁)
(မိုးမခ) မေ ၂၁၊ ၂၀၁၉

(၁) လူနှစ်မျိုး
ဤလောကတွင် ကိုယ်ကျင့်သိက္ခာအရခွဲလိုက်လျှင် လူနှစ်မျိုးသာရ၏။ တမျိုးမှာ ရိုးသားဖြောင့်မတ်သူ ဖြစ်၍ နောက်တမျိုးမှာ လိမ်လည်ကောက်ကျစ်သူ ဖြစ်၏။

ဤဒွန္နယာကြီးတွင် ပထမတမျိုးဖြစ်သော ရိုးသားဖြောင့်မတ်သူထက် ဒုတိယတမျိုးဖြစ်သော ကလိမ်ကကျစ်သမားက ပိုများ သည်ကို တွေ့နိုင်၏။ သို့သော် ကလိမ်ကကျစ်သမားများတွင် ချို (ဂျို) ပါတာမဟုတ်၍ မည်သူက ရိုးသားဖြောင့်မတ် သူဖြစ်ပြီး မည်သူကတော့ ကလိမ်ကကျစ်သမားဆိုသည်ကိုသိရန် ခက်ခဲလေသည်။ တနည်းအားဖြင့်လည်း ကလိမ်ကကျစ်သမားများ မှာ မိမိ၏လိမ်ညာမှုပေါ်မည်စိုး၍ နည်းမျိုးစုံဖြင့် ဖုံးဖိထားတတ်ကြရာ တော်ရုံအပြင်ဘန်းကြည့်ရုံမျှဖြင့် သိဘို့မလွယ်လှချေ။

လူတို့သည် မိမိတို့၏ စားဝတ်နေရေးအတွက် နည်းမျိုးစုံဖြင့် အလုပ်လုပ်နေကြရကုန်၏။ အလုပ်လုပ်ခြင်း၏ အဆုံးစွန်၊ အန္တိမ ရည်မှန်းချက်ကား ပိုက်ဆံရဘို့ ဖြစ်၏။ ပိုက်ဆံမရသော၊ မိမိအိတ်ထဲမှ စိတ်ထုတ် အကုန်အကျခံကာလုပ်သော ပရဟိတလုပ် ငန်း များလည်း ရှိပါသည်။ သို့သော် ပရဟိတလုပ်ငန်းကို မိမိတု့ိ၏စားဝတ်နေရေးအတွက် လုပ်ရသောအလုပ်မှ သီးသန့်ခွဲထား သင့်၏။ မဟုတ်က လိုင်းပူးကာ အရှုပ်တော်ပုံကြီး ပေါ်လာလိမ့်မည်။

ပိုက်ဆံရှာခြင်းကို အရှင်းဆုံးအဓိပ္ပာယ်ဖွင့်ရလျှင် သူ့အိတ်ထဲကပိုက်ဆံ ကိုယ့်အိတ်ထဲကို ရောက်လာအောင် လုပ်ခြင်းဖြစ်၏။ ဤသို့လုပ်ရာတွင် လူတို့သည် သမ္မာအာဇီဝနည်းဖြင့် ရိုးရိုးသားသား လုပ်ကြသည်လည်းရှိ၏။ ကလိမ်ကကျစ်နည်းဖြင့် ရမယ်ဆို ဘနဖူးတောင် သိုက်တူးသူများလည်းရှိ၏။

ကလိမ်ကကျစ်နည်းဖြင့် ပိုက်ဆံရှာကြရာတွင် လူတို့၏မသိနားမလည်မှုကို အခွင့်ကောင်းယူကာ လုပ်စားနေသူများလည်း မနည်းလှ ပါပေ။ ခံရသူများမှာ အသိဉာဏ်ဗဟုသုတနည်းသူ၊ အလွန်ရိုးအသူ (များသောအားဖြင့် ကျေးလက်မှ တောသူ တောင်သားများ) ဖြစ်၏။ ၎င်းတို့မှာ မိမိတု့ိက ဘာမှမသိ၍ လူလည်ကြီးများ ပြောသမျှ အဟုတ်ကြီးထင်ကာ ထိုလူလည်ကြီး များကိုသာလျှင် ကျေးဇူးရှင်ကြီးများအဖြစ် အားကိုးအားထားပြုကြရကုန်၏။ မိမိပိုက်ဆံကို လိမ်ညာယူသွားသည့်တိုင် ကျေးဇူးတတင် ရှိနေကြရပေလေသေး၏။

(ဤတွင် စကားစပ်မိ၍ ပြောရလျှင် နေ့ခင်းက "ကိုအောင်မျိုးသူလွင်" ရေးထားသည့် "အောင်မျိုးရှေးစကား" ဆိုသည့် ပို့စ်ကို ဖတ်ရ၏။ မသိသေးတာတွေ အတော်များများ သိလိုက်ရသဖြင့် အတော်သဘောကျမိသလို ကျေးဇူးလည်း တင်ပါသည်။ ကိုအောင်မျိုးသူလွင်က သီပေါမင်းနှင့်စုဖုရားလတ်တို့သည် တိုင်းပြည်အတွက် ဘာတခုမှကောင်းတာမလုပ်ခဲ့သလို တိုင်း ပြည်ဘဏ္ဍာများကိုလည်း ပျော်ပါးသောက်စားကာဖြင့် ဖြုန်းတီးခဲ့၏။ တိုင်းပြည်အတွက် ဘာတခုမှသုံးစားလို့မရသော ဘုရင် ဖျင်းနှင့် သူ့လင် တခြားမိန်းမများနှင့် မယူရေးကိစ္စများဖြင့်သာ အချိန်ကုန်နေသည့် စုဖုရားလတ်လို မိဖုရားမျိုးကိုတောင် အင်္ဂလိပ်များဖမ်းသွားသည့်အခါ ငါတို့အရှင်ပါတော်မူပြီဆိုကာ မျက်ရည်လည်ရွဲနှင့် ငိုကြွေးတမ်းတနေကြပေသေး၏ . . ဟု သုံးသပ်ပြထားလေရာ ကျွနု်ပ်မှာ အတော်သဘောကျမိလေ၏။ ဤသည်နှင့်ဆက်စပ်၍ တွေးစရာအတော်များများ ရခဲ့သော် လည်း ရေးလိုရင်း ရည်ရွယ်ချက်မှ ဘေးချော်သွားမည်စိုး၍ ဤနေရာတွင် မဖော်ပြတော့ပါ။ နောက်မှ ပို့စ်သပ်သပ်ရေးပါမည်။

မူရင်း post link:
https://www.facebook.com/Aungmyothulwinartist/posts/2341860015862222)

ကျွန်တော်ဆိုလိုချင်သည်မှာ ကျွနု်ပ်တို့ မြန်မာလူမျိုးများသည်ကား သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတရားများဖြင့် အလွန်ပြည့်ဝ လှပါပေသည်။ သည်ဘက်ပါးကိုရိုက်လျှင် ဟိုဘက်ပါးကို ထိုးပေးလိုက်ပါဟု ခရစ်တော်ကဆုံးမခဲ့သည်ကို အပြည့်အဝလိုက်နာ ကြသူများဖြစ်သည်ဟု ဆိုလိုချင်ခြင်းဖြစ်သတည်း။ (သည်စကားကို ခရစ်တော်ပြောတာ ထင်ပါသည်။ မှားလျှင် ပြင်ပေး ကြ ပါ။)

(၂) ပညာသာမတတ်ပါက ကိုယ့်ကိုချလို့ ချမှန်းမသိ။ သူများလုပ်သမျှ မျက်လုံးအပြူးသားနှင့် ငေးကြည့်နေရမည်ဆိုခြင်း အကြောင်း
ရွှေပြည်ကြီးမှ တောသားငမွဲကလေးများမှာ စင်ကာပူသို့ သွားရဘို့အရေး မရှိရှိတာလေး ရောင်းချပေါင်နှံကာ မြို့ကြီးသား လူလည်များ တောင်းသလောက်ပေးလျက် ၎င်းတို့ကိုပင် ကျေးဇူးတင်နေကြရပေလေသေး၏။ အနို့ ထို မြို့ကြီးသားများသာ လုပ်မပေးပါက မည်ကဲ့သို့ စင်ကာပူကို သွားပါမည်နည်း။ မည်ကဲ့သို့ အလုပ်ရှာပါမည်နည်း။ မည်ကဲ့သို့ သင်တန်းတက်ရ ပါမည်နည်း။

သို့သော်လည်းပေါ့လေ။ ကျေးဇူးတင်ခံရအောင် လုပ်ပေးလျှင်တော့ ကျေးဇူးတင်ရပေမပေါ့။ အနှီ ဖိုးမျက်နှာမွဲကလေးများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ အရာရာကို အသားကုန်ဗျင်းတာကိုတော့ တရားလှသည်ဟု ကျွနု်ပ် နည်းနည်း ကလေးမှ မထင်ပါ။

စင်ကာပူမှ အလုပ်ရှင်များကိုလည်း သိပ်တော့ အထင်မကြီးပါနှင့်။ သူမသာ ကိုယ်အသုဘသာ ဖြစ်လေသည်။ ရလျှင်ရသလို သူတို့လည်း ဗျင်းကြတာသာ ဖြစ်၏။ (အားလုံးကို မဆိုလိုပါ။ ဆိုးသူများရှိသလို ကောင်းသူများလည်း ရှိပါသည်။ ဝိုင်းဗျင်း မှာကြောက်လို့ ပြန်ဖာထားရတာဗျို့။ ဤကား စကားချပ်)

ပြီးခဲ့သည့်အပတ်က ကျွန်တော် Keppel Shipyard သို့သွားကာ သူတို့ဆာဗေးအတွက် မြန်မာဘာသာပြန်လုပ်ပေးရသည်။ ထိုဆာဗေးတွင် အလုပ်သမားများပြောကြသည်မှာ ကုမ္ပဏီက ပီပီအီးကို ပထမတကြိမ်သာထုတ်ပေးသည်။ ထိုပီပီအီး မကောင်းတော့၍ ပြန်လဲလျှင် ပိုက်ဆံဖြတ်သည် ဆို၏။ ၎င်းတို့ဖြတ်သည့်ပိုက်ဆံမှ အပြင်ဆိုင်များထက် ပိုဈေးကြီးသဖြင့် အလုပ်သမားများမှာ ရုံးမှ မထုတ်တော့ဘဲ အပြင်ဆိုင်များ၌သာ ဝယ်သုံးကြသည်ဟု ဆို၏။ ဤသည်မှာ အလွန်ဆိုးဝါးလှသည့် အခြေအနေဖြစ်ပါသည်။

ယခုကျွန်တော်ပြောလိုသည့်အကြောင်းမှာ ဝပ်ပါမစ်သမားများရသည့် လခအကြောင်း ဖြစ်ပါသည်။

သိသိကြီးနဲ့ပြောတာလား၊ မသိလို့ဘဲပြောတာလားဆိုတာ ကျွနု်ပ်မသိပါ။ မြန်မာပြည်မှ အဓိကထွက်ကုန်များကို စင်ကာပူသို့ တင်ပို့တော့မည်ဆိုတော့ အေးဂျင့်များက မှာလိုက်၏။ မင်းကတရက်ကို ၂၁ ကျပ်ရမယ်။ မင်းကတော့ ၁၈ ကျပ်ပဲရမယ်။

၎င်းတို့ဤကဲ့သို့ လက်လွတ်စပယ်ပြောသည်မှာ တရားမဝင်ပါ။ အမှန်တကယ် ရသင့်ရထိုက်သော လခမှာ IPA letter (In-Principle Approval) ထဲ၌ ဖော်ပြထားသည့် လခသာ ဖြစ်ရပါမည်။ (ပူးတွဲပါပုံ (၁) တွင် ကြည့်ပါ)

ဤသည်ကို အေးဂျင့်က IPA letter ကိုပြလျှက် ကျကျနနရှင်းပြရမည်။ IPA letter ဟူသည် စင်ကာပူအစိုးရက တရားဝင် ထုတ်ပေးထားသည့် စာရွက်စာတမ်းဖြစ်၏။ ထိုစာရွက်ထဲတွင် အခြေခံလခ၊ ပုံသေခံစားခွင့်၊ ဖြတ်တောက်စရိတ်များ၊ ထုတ်၍ ရရှိရမည့်လခ စသည်တို့ကို ဖော်ပြထား၏။ ဤတွင်ပါသည့် လခဆိုသည်မှာ ကိုယ်တောင်းတာ မဟုတ်။ ကုမ္ပဏီက ငါတို့ ဟောသည်အလုပ်သမားကို ဟောသလောက်ပေးပါမယ် ဟု MOM ကို ကြေငြာထားခြင်းဖြစ်၏။ ဤကဲ့သို့ ကြေငြာထားပြီးမှ ကိုယ့်သဘောနှင့်ကိုယ် ပြင်ချင်တိုင်းပြင်၊ ပြောင်းချင်တိုင်းပြောင်းလို့မရ။ ဤသည်မှာ စည်းကမ်းသတ်မှတ်ချက် ဖြစ်၏။

အမှန်ဆို IPA letter ထဲ၌ အပြည့်အစုံရေးသား ဖော်ပြထားပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ အကုန်လုံး အင်္ဂလိပ်လို ချည်း ဖြစ်နေတော့ တလုံးမှမဖတ်တတ်ခြင်း ဖြစ်သည်။ ဘာတွေရေးထားတယ်ဆိုတာ မသိ။ နားမလည်။ မသိလို့လည်း သိသူကို မေးရ ကောင်းမှန်းလည်းမသိ။ မေးရကောင်းမှန်းသိသည့်တိုင် ဘယ်သူ့ဆီ သွားမေးပါမည်နည်း။ အကုန် သူမသာ ကိုယ်အသုဘချည်း ဖြစ်လေသည်။

ယခုမှ စင်ကာပူကိုလာမည့် အနှီ ငနဲအသစ်ကျပ်ချွတ်ကလေးများမှာ IPA letter ကို လာပေးလို့သာ ယူထားလိုက်ရသည်။ ဘာတွေ ရေးထားမှန်းသိသူ အတော်ရှားလေသည်။

ကျွနု်ပ်က ၎င်းတို့၏ IPA letter ကိုတောင်းကြည့်လျှက် -

ခင်ဗျားလခက တလကို ၁၆ဝဝ လို့ ဖော်ပြထားတယ်။ အဲဒီအတွက် တနာရီကို ၈ ကျပ်နဲ့ ပြား ၄ဝ ရမယ်။ တရက်ဆို ၆၇ ကျပ် ရ ရမယ်။ နေ့တိုင်းသာ အလုပ်ဆင်းရမယ်ဆို တလကို လခ ၂၉ဝဝ ကျော်ရမယ် ဟု ကျွနု်ပ်ကတွက်ပြလိုက်သောအခါ -

ထိုငနဲကလေးများမှာ "ဟိုလူကြီးတွေ သံသရာဘေးကိုကြောက်လို့ သူတို့ခိုးထားတွေ အကုန်ပြန်ပေးမတဲ့" . . ဟူသောပြက် လုံးကို ကြားလိုက်ရဘိသကဲ့သို့ ခွက်ထိုးခွက်လှန် ရယ်ကြလေ၏။ (အလွန်ရယ်ခြင်းနှင့် ခွက်များမှောက်ကုန်ခြင်း မည်ကဲ့သို့ ဆက်စပ်နေသည်ကိုမူ ကျွန်ုပ် စဉ်းစားလို့မရပါ။ သိသူများ ရှယ်ကြပါကုန်။)

သူတို့အရယ်ရပ်တော့မှ ကျွန်ုပ်က သူတို့ကို ဒါ - ဟာသမဟုတ်ကြောင်း။ အေးဂျင့်တွေ လျှာအရိုးမရှိတိုင်း လျှောက်ပြော တာသည် တရားမဝင်ကြောင်း။ ယခုကဲ့သို့ စင်ကာပူအစိုးရက စာနှင့်ထုတ်ပြန်ကြေငြာခြင်းသည်သာ တရားဝင်ဖြစ်ကြောင်း ပြောပြရ၏။ သို့သော် ဘာဖြစ်လို့ သာမန်လခနှင့်မပြဘဲ လခ ၁၆ဝဝ ဟု ပြရသည်ဆိုခြင်းကိုမူ ကျွနု်ပ်နားမလည်ကြောင်း၊ ဤသည်မှာ မတော်တဆ မှားယွင်းမှုမဟုတ်ဘဲ ဤသည့်နောက်ကွယ်တွင် တခုခုရှိနိုင်ကြောင်းများကိုလည်း ရှင်းပြပါသည်။ ထိုအခါကျမှ အနှီသကောင့်သားကလေးများမှာ မျက်လုံးကလေးများ ပေကလပ်၊ ပေကလပ်ဖြင့် နားမလည်နိုင်သလို အကြောင်သား ငေးကြည့်နေကြပါတော့၏။

ဟိုတယောက်ကတော့ - ဆရာတွက်ပြတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို တနေ့ ၂၁ ကျပ်ပဲရမယ်လို့ အေးဂျင့် က ပြောလိုက်တယ်ဟု စိတ်ပျက်အားငယ်စွာ ပြောပြပါသည်။

(၃) တနာရီလုပ်အားခနှင့် တရက်စာလုပ်အားခ
စင်ကာပူအစိုးရသည် အရာရာကို ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ကိုင်နေသည်ကို သံသယရှိစရာမလိုပါ။ သို့သော် သိန်းဂဏန်းနှင့်ချီသော တနိုင်ငံလုံးမှ အလုပ်ရှင်များ မည်ကဲ့သို့ အလီဘာဘာနေကြသည်ကို လုံးစေ့ပါဠ်စေ့ သိနိုင်ဘို့ရာ မလွယ်ပါ။ ဤသည်ကို အခွင့်ကောင်းယူလျှက် (ဖမ်းမိကာမှ မိစေ) လုပ်စားနေကြသူများ အတော်များပါသည်။ ဤအထဲတွင် လခကို အလီဘာဘာခြင်း၊ အိုဗာတိုင်ကို အလီဘာဘာခြင်း၊ ဆေးခွင့်၊ လုပ်သက်ခွင့်၊ ဆေးကုသစရိတ်၊ မတော်တဆမှု လျော်ကြေးများကို အလီဘာဘာခြင်းများ ပါ၏။

ယခု ကျွနု်ပ်က လခကို မည်ကဲ့သို့ အလီဘာဘာလုပ်ခြင်းအကြောင်း ဖွင့်ချပြပါမည်။

အထက်တွင် ဖော်ပြခဲ့သလို ဝပ်ပါမစ်သမားများ၏ လခကို MOM ကထုတ်ပေးသည့် IPA letter ထဲ၌ ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။ (ပုံ (၁) တွင်ကြည့်ပါ)

လခပေးရာတွင် -
၁။ အခြေခံလစာ (basic salary)
၂။ ပုံသေခံစားခွင့် (fixed allowance)
၃။ ဖြတ်တောက်စရိတ် (deduction) - ဟု သုံးမျိုးပါ၏။

၁။ အခြေခံလစာဆိုသည်မှာ တလအတွက် ရရမည့် လုပ်ခလစာ ဖြစ်၏။ အချိန်ပိုကြေးတွက်သည့်အခါ ထိုပိုက်ဆံပေါ် မူတည် တွက်သည်။

၂။ ပုံသေခံစားခွင့် ဆိုသည်မှာ ဝတ်စုံစရိတ်၊ ခရီးသွားခလာခတို့အတွက် ထုတ်ပေးတာဖြစ်၏။ အတက်အကျမရှိ။ လတိုင်း အတွက် ပုံသေဖြစ်သည်။ အချိန်ပိုကြေးတွက်သည့်အခါ ထိုပိုက်ဆံကို ထည့်မတွက်ရ။ လုပ်ခအားလုံးတွက်ချက်ပြီးသည့်အခါမှ ထို ခံစားခွင့်ကို သီးသန့် ထည့်ပေါင်းပေးရတာ ဖြစ်သည်။

၃။ ဖြတ်တောက်စရိတ် ဆိုသည်မှာ ကိုယ်က ထမင်းချက်မစားချင်၍ ကုမ္ပဏီကစီစဉ်ပေးထားသည့် ထမင်းချိုင့်ဆွဲခ ဖြစ်သည်။ တလလျှင် ၉ဝ၊ ၁ဝဝ စသဖြင့် ဖြစ်၏။

Employment Act (အလုပ်ခန့်ထားခြင်း ဥပဒေ) အရ စင်ကာပူတွင် တရက်လျှင် သာမှန်အလုပ်လုပ်ချိန် (၈) နာရီ။ တပါတ် လျှင် သာမန်အလုပ်ချိန် (၄၄) နာရီ ဖြစ်၏။ ဆိုလိုသည်မှာ တရက်အတွင်း (၈) နာရီထက်ပိုသည့် အလုပ်ချိန်များကို အချိန်ပို။ တပါတ် အတွင်း (၄၄) နာရီထက်ပိုသည့် အလုပ်ချိန်များကို အချိန်ပို ဟု သတ်မှတ်၏။

တနင်္လာ မှ သောကြာထိ - မနက် (၈) နာရီမှ ညနေ (၅) နာရီထိ - အလုပ်ချိန် (၈) နာရီမှာ သာမန်အလုပ်ချိန်များဖြစ်၏။

တရက်လျှင် (၈) နာရီနှင့် (တနင်္လာ မှ သောကြာ) ၅ ရက်ဆိုတော့ အလုပ်ချိန် နာရီပေါင်း (၈ x ၅ = ) နာရီ ၄ဝ
ထို့ကြောင့် တပါတ်လျှင် (၄၄) နာရီပြည့်ရန် (၄) နာရီလိုသည်။
ထို (၄) နာရီကို စနေနေ့မနက်အလုပ်ချိန် (၈) နာရီမှ (၁၂) နာရီထိ ဖြင့်ဖြည့်သည်။
ထိုအခါ တပါတ်အတွက် သာမန်အလုပ်ချိန် (၄၄) နာရီပြည့်ပြီ။

သို့အတွက် (တနင်္လာ မှ သောကြာ) နေ့များအတွက် ညနေ (၅) နာရီနောက်ပိုင်းလုပ်သော အချိန်များကို အချိန်ပိုကြေးဖြင့် တွက်ရ၏။
စနေနေ့ နေ့ခင်း (၁) နာရီနောက်ပိုင်းလုပ်သော အချိန်များကို အချိန်ပိုကြေးဖြင့် တွက်ရ၏။

မှတ်ချက်။ ။ အချို့ကုမ္ပဏီများမှာ စနေနေ့နေ့ဝက်အစား တနင်္လာမှ သောကြာနေ့အထိ အချိန်များကို ၄၄ နာရီပြည့်အောင် တိုးကာ စနေနေ့ကို တနေ့လုံး နားကြသည်လည်း ရှိ၏။ ဥပမာ - တနင်္လာမှ ကြာသပတေးနေ့ထိ မနက် ၈ နာရီမှ ညနေ ၆ နာရီ ထိ၊ သောကြာနေ့ကို မနက် ၈ နာရီမှ ညနေ ၅ နာရီထိ။

သာမန်အလုပ်ချိန်မှာ တနင်္လာမှသောကြာ+စနေ နေ့များတွင် ပြည့်သွားပြီဖြစ်၍ ကျန် တနင်္ဂနွေနေ့များနှင့် အများပြည်သူ ရုံးပိတ်ရက်များ၌ လုံးဝ သာမန်အလုပ်ချိန်မရှိတော့။ ထိုရက်များတွင်လုပ်ရပါက တရက်လုံး အချိန်ပိုဖြစ်သတည်း။

ဥပဒေအရ အလုပ်လုပ်သူတိုင်း တပါတ်လျှင် တရက်၊ နားရက် ရရပါမည်။
ထိုနားရက်တွင် အလုပ်မလုပ်လျှင် တပြားမှမရ။ ကော့စွန်း*

ထိုနားရက်တွင် အလုပ်လုပ်ရပါက အခြေအနေ နှစ်မျိုးရှိ၏။
(၁) မိမိက ကုမ္ပဏီကို အလုပ်လုပ်ပါရစေဟု တောင်းဆိုလျှင် တဆသာရမည်။ ဆိုလိုသည်မှာ နေ့ဝက်လုပ်လျှင် နေ့ဝက်စာ (၄နာရီစာ) ရမည်။ တနေ့လုံးလုပ်ပါက တနေ့စာ (၈ နာရီစာ) ရမည်။
(၂) အကယ်၍ မိမိက နားချင်သည့်တိုင် အလုပ်လုပ်ရပါက (တနည်းအားဖြင့် ကုမ္ပဏီကခိုင်းသောအလုပ်ဖြစ်ပါက) နှစ်ဆရ မည်။ ဆိုလိုသည်မှာ နေ့ဝက်လုပ်လျှင် တနေ့စာ (၈နာရီစာ) ရမည်။ တနေ့လုံးလုပ်ပါက နှစ်ရက်စာ (၁၆ နာရီစာ) ရမည်။

ထိုနားရက်ဆိုသည်မှာ တနင်္ဂနွေနေ့ ဖြစ်ဘို့များသည်။ အဆိုင်းနှင့်ဆင်းရသူ၊ အခြားအထူးကိစ္စရှိသူများမှအပ မည်သူမှ ကြားရက်ကို နားရက်ဟု သတ်မှတ်မပေးပါ။

ထို့ပြင် ဘုတ်အုတ်ကြီးမှာ ရေးထားသလို တနင်္ဂနွေနေ့မှာ ငါဆင်းချင်လှချည်ရဲ့ဟုလည်း မည်သူကမှ အတင်းတောင်း ဆိုမနေသလို တောင်းဆိုလို့လည်း ရချင်မှရပါမည်။ များသောအားဖြင့်တော့ ကုမ္ပဏီက ဆင်းခိုင်းတာသာ ဖြစ်၏။ သို့အတွက် အထက်ပါဥပဒေကို ကိုးကားရပါလျှင် တနင်္ဂနွေနေ့မှာ အလုပ်လုပ်လျှင် နှစ်ဆ ရရပါမည်။

ဆက်ပါဦးမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၀ မေလ၊ ၂၀၁၉