လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက်အကြောင်း
လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက်အကြောင်း
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂
ဒီအစည်းအဝေးကို အခု အောက်တိုဘာ ၁၆ ရက်နေ့ ပီကင်းမှာ စတင်ပြုလုပ်ပါတော့မယ်။ ဒါနဲ့ပတ်သက်ပြီး သိကောင်းစရာများကတော့—
၁။ အမျိုးသားကွန်ဂရက် ဆိုတာ ဘာလဲ
၁၉၂၁ ဇူလိုင် ၁ ရက်နေ့ ရှန်ဟဲမှာ လူပေါင်း ၅၈ ယောက်နဲ့စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ နှစ်ပေါင်း ၁၀၁ နှစ်ကြာပြီးနောက် ဒီနေ့အချိန်မှာ ပါတီဝင်ပေါင်း ၉၆ သန်းကျော် ရှိနေပါတယ်။
၁၉၂၁ က ပါတီ စဖွဲ့တဲ့အစည်းအဝေးကို ပထမအကြိမ် ကွန်ဂရက်လို့ သတ်မှတ်လိုက်ပြီး အဲဒီအချိန်ကစလို့ ၅ နှစ် တကြိမ် ပါတီရဲ့အမျိုးသားကွန်ဂရက်တွေကို ကျင်းပလာခဲ့တာ အခု ၂၀၂၂ မှာ လုပ်မယ့် ပါတီကွန်ဂရက်ဟာ ၂၀ ကြိမ်မြောက် ဖြစ်ပါတယ်။ ဒါဟာ ပါတီရဲ့ အဆင့်အမြင့်ဆုံး ညီလာခံဖြစ်ပါတယ်။
၂။ အမျိုးသားကွန်ဂရက်ရဲ့ လုပ်ငန်းစဉ် (agenda)
(က) အရင်ကွန်ဂရက်က တင်မြှောက်ခဲ့တဲ့ ဗဟိုကော်မတီ့ အထွေထွေအတွင်းရေးမှူးရဲ့ နိုင်ငံရေးအစီရင်ခံစာကို လေ့လာရမယ်။
အဲဒီထဲမှာပါမှာတာတွေက အရင် ၅ နှစ်အတွင်းက လုပ်ငန်းလုပ်ဆောင်ချက်တွေရဲ့ အောင်မြင်မှုတွေကို ဖော်ပြပြီး နောင် ၅ နှစ်အတွင်း လုပ်ဆောင်မယ့် ရည်ရွယ်ချက်တွေ စီမံကိန်းတွေ ပါဝင်ပါတယ်။
ကွန်ဂရက်ကိုယ်စားလှယ်တွေဟာ ဒီနိုင်ငံရေးအစီရင်ခံစာကို လေ့လာပြီး အမြင်တွေ ဖလှယ်ကြ၊ အကြံဉာဏ်တွေပေးကြ၊ ဝေဖန်ဆန်းစစ်ချက်တွေ လုပ်ကြရပါတယ်။
(ခ) နောက် ၅ နှစ်အတွက် ခေါင်းဆောင်အစုကို ရွေးချယ်တင်မြှောက်ရပါတယ်။
ပထမ ဗဟိုကော်မတီ ကို ကွန်ဂရက်တရပ်လုံးက ရွေးချယ်ရပါတယ်။
ယေဘုယျ ဗဟိုကော်မတီ ၂၀၀ ရှိတတ်ပါတယ်။
အဲဒီဗဟိုကော်မတီက နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ်ဗြူရို) (၃၀ ပတ်ဝန်းကျင် )ကို ထပ်မံရွေးချယ်ရပါတယ်။ အဲဒီအဖွဲ့ကမှ တခါ နိုင်ငံရေးဦးဆောင်အဖွဲ့ (အမြဲတမ်းကော်မတီ) ကို ရွေးချယ်ပေးရပါတယ်။ (၅-၁၂ ယောက်အထိ ရှိနိုင်၊ အခု လက်ရှိ ၇ ယောက်ရှိ)။ ဒါဟာအမြင့်ဆုံးအာဏာပိုင်အဖွဲ့ပါ။ အဲဒီကမှ ပါတီ အထွေထွေအတွင်းရေးမှူးကို ရွေးချယ်တင်မြှောက်ပါတယ်။
ဗဟိုကော်မတီ ရွေးစဉ်မှာ တချီတည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီကိုလည်း ရွေးချယ်တင်မြှောက်ကြပါတယ်။ ဒီကော်မတီကလည်း အလွန်သြဇာကြီးပါတယ်။
ဒါတွေကတော့ ကွန်ဂရက်မှာလုပ်မယ့် လုပ်ငန်းစဉ်များပါ။
၃။ ကွန်ဂရက် ကိုယ်စားလှယ်တွေကို ဘယ်လို ရွေးသလဲ။
အခုကျင်းပမယ့် ကွန်ဂရက်ကို တနိုင်ငံလုံးက ပါတီဝင်ဦးရေ ၉၆ သန်း (လူဦးရေ အချိုးအစားအရကြည့်ရင် လူ ၁၄ ယောက်မှာ ပါတီဝင် ၁ ယောက်)ထဲက ကိုယ်စားလှယ်ပေါင်း ၂၃၀၀ (ကြေညာပြီး ၂၂၉၆) (ပါတီဝင် ၄၀၀၀၀ မှာ ၁ ယောက်နှုန်း)နဲ့ ရွေးချယ်ထားပါတယ်။
ရွေးချယ်တဲ့ ကာလဟာ မနှစ်က- နိုဝင်ဘာကစလို့ ဒီနှစ် ဇွန်လအကုန်ထိ ဖြစ်ပါတယ်။
အောက်ခြေဒေသဆိုင်ရာ(grassroot)အဖွဲ့အစည်းများက အမည်တင်သွင်းခွင့်ရှိပြီး အဆင့် အသီးသီးမှာ စနစ်တကျသတ်မှတ်ချက်များရှိပြီး ပါတီဝင်အများစု (၉၉%) ရဲ့ ပါဝင်မှုရှိရပါတယ်။ တရုတ်တပြည်လုံးက ပြည်နယ်အားလုံးက အဖွဲ့အစည်းများက အုပ်ချုပ်ရေးအဖွဲ့အဆင့်များ၊ အဖွဲ့အဆောက်အအုံများ၊ (ပါတီ၊ အစိုးရဌာနများ၊ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများ၊ လူထုအဖွဲ့အစည်းများ စသဖြင့်)ကိုယ်စားပြုမှု ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရွေးချယ်ထားပါတယ်။
ကိုယ်စားလှယ်များရဲ့ ပျှမ်းမျှအသက်ဟာ ၅၂.၂ ဖြစ်ပြီး (အသက်၂၀-၉၀ကြားပါရှိ) ကိုယ်စားလှယ် ၇၇၁(၃၃.၆%)ဟာ အောက်ခြေအဖွဲ့အစည်းများက ဖြစ်ပါတယ်။
၁၉၂ - အလုပ်သမားများ။ ၈၅ - လယ်သမားများ။ ၂၆၆ - အတတ်ပညာသည်များ(ကျောင်းဆရာများ၊ ဆေးဝန်ထမ်းများ၊ တရားရေးဝန်ထမ်းများ၊ သိပွံပညာရှင်များ-စသဖြင့်) ပါဝင်ပါတယ်။ အများအားဖြင့် အခုလက်ရှိ ရှေ့တန်းက တည်ဆောက်ရေးလုပ်ငန်း ဌာနအမျိုးမျိုးက ဖြစ်ပါတယ်။
အမျိုးသမီး ကစလ - ၆၁၉(၂၇%)ပါဝင်ပြီး (၂၀၁၇-၁၉ ကြိမ်မြောက် ကွန်ဂရက်ထက် ၂.၈ % ပိုများလာ)။ လူမျိုးစု ၄၀ က ကစလ - ၂၆၄ ပါဝင်တယ်။
ဒီကစလများထဲက ၂၂၂၄ (၉၆.၉%)ဟာ ၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကာလမှာမှ ပါတီဝင်များ ဖြစ်လာကြသူများပါ။
ဒါတွေကတော့ အခု ကျင်းပတော့မယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက် အကြောင်း သိကောင်းစရာများပါ။
လှကျော်ဇော
၁၄-၁၀-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar