မြင့်အေး - ရာစုတိုင်ခဲ့ပြီဖြစ်သော ဂျာလီယန်ဝါလာဘတ်လူသတ်ပွဲ - ၁
ရာစုတိုင်ခဲ့ပြီဖြစ်သော ဂျာလီယန်ဝါလာဘတ်လူသတ်ပွဲ -၁
မြင့်အေး
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၂
လွန်ခဲ့တဲ့ (၃) နှစ်က ရေးခဲ့တာပါ။ တချို့ ဖြုတ်ပြီး ပြန်တင်လိုက်ပါတယ်။ စိတ်ဝင်စားတဲ့ သူတွေ အတွက်ပါပဲ။ အရင်ကတင်ခဲ့တဲ့အတိုင်း သုံးပိုင်းခွဲတင်ပါ့မယ်။
Jallianwala bagh ဒီလူသတ်ပွဲ ဖြစ်ခဲ့တာက ဒီနှစ်က နှစ်(၁၀၀) တိတိ ပြည့်ခဲ့ပါပြီ။ ဧပရယ် (၁၃) ရက် ၁၉၁၉ တနင်္ဂနွေနေ့ပါ။ နေရာက အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် Amritsar( ဆစ်တွေရဲ့ အထွဋ်အမြတ် ရွှေကျောင်းတော်ကြီးရှိတဲ့မြို့) ဂျာလီယာဝါလာဘတ် ပန်းခြံမှာဖြစ်ပါတယ်။ လူသတ်ပွဲဖြစ်ပေါ်ခဲ့ရတဲ့ နောက်ခံနိုင်ငံရေးကို အရင်ဖော်ပြပါ့မယ်။ ပထမကမ္ဘာစစ်မှာ ဗြိတိသျှတွေက သူတို့ရဲ့ ကိုလိုနီအကြီးဆုံးကြီးဖြစ်တဲ့ အိန္ဒိယကနေ စစ် သားနဲ့အခြားအမှုထမ်း တစ်သန်း နှစ်သိန်းကျော် ရယူခဲ့တာပါ။ ဒီစစ်ပွဲကြီးကို ရာဂျာတွေက ငွေအားလူအားအကုန်ကူညီခဲ့တာပါ။ အဲဒီစစ်သားတွေက အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပစစ်မျက်နှာတွေမှာ သွား ရောက်အမှုထမ်းခဲ့ကြရပါတယ်။ ( စကားချပ်။ နယူးဒေလီက အိန္ဒိယဂိတ်ဆိုတာ အဲဒီတုန်းက ကျဆုံးခဲ့သူတွေ အတွက် လုပ်ထားတဲ့ သူရဲကောင်းဗိမာန်ကြီးကို ခေါ်တာပါ။) ခြုံပြောရရင်တော့ အိန္ဒိယ တနံတလျားက ဒီစစ်ပွဲကြီးကို ဗြိတိသျှတို့နိုင်ဘို့ ဝိုင်းပြီးပံ့ပိုးခဲ့ကြတာပါ။
ဒါပေမဲ့ မပံ့ပိုးတဲ့ ပြည်နယ်နှစ်ခုရှိပါတယ်။ အဲဒါကတော့ ပန်ဂျပ်နဲ့ဘင်္ဂလားပြည်နယ်တို့ပါပဲ။ ဒီပြည်နယ်နှစ်ခုက အကြီးကြီးပါ။ အင်္ဂလိပ်တွေက အိန္ဒိယနဲ့ပါကစ္စတန်ကို လွတ်လပ်ရေးပေးတော့ ဒီပြည်နယ်နှစ်ခုကို ခွဲပစ်လိုက်ပါတယ်။ အရှေ့ ဘင်္ဂလားက( ယခု ဘင်္ဂလားဒေ့ရှ်) ပါကစ္စတန်ထဲပါသွားပြီး အနောက်ဘင်္ဂလားက အိန္ဒိယမှာ ကျန်ရစ်ပါတယ်။ ပန်ဂျပ်ကိုလည်း နှစ်ပိုင်းခွဲလိုက်ပြီး တပိုင်းက ပါကစ္စတန် တပိုင်းက အိန္ဒိယပိုင် လုပ်ပေးလိုက်ပါတယ်။ ဒီနယ်နှစ်ခု ကတော့ အင်္ဂလိပ်တွေရဲ့ အုပ်စိုးမှုကို နည်းမျိုးစုံနဲ့ ပုန်ကန်ဆန့်ကျင်ခဲ့ကြပါတယ်။အထူးသဖြင့် ပန်ဂျပ်ပြည်နယ်ရဲ့ ပုန်ကန်မှုက ပြည်နယ်တခုလုံး အုပ်ချုပ်ရေး ယန္တယားရပ်ဆိုင်းလုအထိ ဖြစ်ခဲ့တာပါ။ ဒါတွေကိုအိန္ဒိယ၊ ဂျာမဏီ နဲ့အမေရိကတို့မှာ ရှိကြတဲ့ အိန္ဒိယမျိုးချစ်တွေက စနစ်တကျ စီမံအကွက်ချပြီးလုပ်ခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုက ၁၉၁၄..၁၉၁၇ မှာအပြင်းထန်ဆုံးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ထောက် လှမ်းရေးတွေက သူတို့ရဲ့ သူလျှိုတွေထည့်ပြီး ဒီလှုပ်ရှားမှုကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပါတယ်။ အပြီးတိုင်မငြိမ်သက်ပေမဲ့ အဓိကခေါင်းဆောင်တွေကို သတ်ဖြတ်နိုင်ခဲ့ကြတယ်။
တဖက်မှာလည်း ပုန်ကန်သူတွေကို နှိပ်ကွပ်သလို သာမန်ပြည်သူတွေကိုလည်း ပုန်ကန်သူတွေနဲ့ မပတ်သက်အောင် အမျိုးမျိုး ပိတ်ပင်တားဆီးမှုတွေလုပ်ခဲ့တယ်။ အဆိုးဆုံးကတော့ အိန္ဒိယ ကာကွယ်ရေးဥပဒေ ( Defen- ce of India Act 1915) ဆိုတဲ့ဥပဒေပြဒါန်းပြီး ပြည်သူတွေကို အခွင့်အရေးပိတ်ပင်တာတွေလုပ်ခဲ့တာက ပြည်သူတွေအခံရဆုံးပါပဲ။ ဒီဥပဒေ အနှစ်ချုပ်ကတော့ ပြည်သူတွေရဲ့ နိုင်ငံရေးနဲ့လူမှုရေး လွတ်လပ်ခွင့်တွေ ကို အကန့်အသတ်နဲ့ ထိမ်းချုပ်ထားဘို့ပဲ ဖြစ်တယ်။ ဒီဥပဒေဖြစ်လာဘို့ အတွက် ပန်ဂျပ်ပြည်နယ်ရဲ့ဒုတိယ ဘုရင်ခံချုပ်ဖြစ်တဲ့ မိုက်ကယ် အိုဒွေယာ ( Michael O`Dwer) က ရှေ့့ဆောင်ဦးရွက်ပြုသူတွေထဲက အရေးပါသူတဦးပါ။
ပထမကမ္ဘာစစ်ကြီးပြီးတော့ အိန္ဒိယက စစ်ဒါဏ်ကို အကြီးအကျယ်ခံရပါတယ်။ အခွန်အတုပ်တွေ တိုးကောက်တယ်။ ကုန်သွယ်မှုကလည်းကျဆင်းလာတယ်။ ရောဂါဘယထူပြောလာတယ်။ တဖက်မှာလည်း စစ်မတိုင်ခင်တုန်းက အိန္ဒိယအမျိုးသားကွန်ကရက်ပါတီ ( Indian National Congress)မှာ အမာအပျော့ နှစ်ဂိုဏ်းကွဲနေခဲ့တာပါ။ စစ်ကြီးအပြီး တင်ပြခဲ့တဲ့ အကြပ်အတည်းတွေကြောင့် ပါတီတွင်း ညီညွတ်ရေး အားကောင်းလာယုံမက အိန္ဒိယ မွတ်စလင်အဖွဲ့ချုပ်ကြီးနဲ့ပါ ယာယီ မဟာမိတ်ဖွဲ့နိုင်တဲ့အထိ နိုင်ငံရေးတိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ အင်္ဂလိပ်တွေဖက်ကလည်း မွန်တေဂူ ချမ်းစဘို့ ဦးဆောင်ပြီး စစ်အပြီးမှာ ပြုပြင်ပြောင်းလဲရေးအစီ အစဉ်တွေ စတင်ခဲ့ပါတယ်။ သို့ပေမဲ့လို့ တိုးတက်လာတဲ့ အိန္ဒိယ အမျိုးသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ မဟတ္တမဂန္ဒီ အိန္ဒိယပြန်ရောက်လာပြီး အမိန့် မနာခံရေး လှုပ်ရှားမှုတွေက မြင့်တက်လာပါတော့တယ်။
ဒါကြောင့်နဂိုက ဆိုးလှပါတယ်လို့ ထင်တဲ့ အိန္ဒိယ ကာကွယ်ရေးဥပဒေကြီးကို ပြန်မွမ်းမံပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ပိုမို ထိမ်းချုပ်နိုင်မဲ့ ရောလက် Rowlatt ဥပဒေကြီးကို ၁၉၁၉ မှာပြဋ္ဌာန်းလိုက် ပါတော့တယ်။ တကယ်တော့ ဒီဥပဒေက ရဲတွေက ထင်ရာစိုင်းခွင့်ပေးလိုက်တာပါပဲ။ ( ဗိုလ်ခင်ညွန့်လက်ထက်က နိုင်ငံရေး သမားတွေကို စိတ်ကြိုက်နှိပ်ကွပ်ခဲ့တဲ့အခြေနေမျိုးပါ။ ) ဘာ၀ရမ်းမှမလိုပါဘူး။ အင်္ဂလိပ်အုပ်ချုပ်ရေးမှာ အဆိုးဆုံးကျင့်သုံးခဲ့တယ်လို့ ပြောရမှာပါ။ ဘယ်လိုလူကိုပဲဖြစ်ဖြစ် အချိန်မရွေးနေရာမရွေး စစ်ဆေးခွင့်ပြုတာပါ။ ကုန်ကုန်ပြောရရင် မသင်္ကာရင် ဖမ်းဆီးချုပ်နှောင်ပစ်သတ်ခွင့်ပါပေးလိုက်တာပါ။ ဒါကြောင့် မဟတ္တမကြီးက (Black act) လို့ အမည်ပေးခဲ့ပြီး ဒီဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွေ နိုင်ငံအနှံပေါ်လာ ပါတော့တယ်။ ပန်ဂျပ်ပြည်နယ်မှာလည်း ဒီဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့ လူထုအစည်းဝေးကြီးကို အိန္ဒိယ အမျိုးသားကွန်ကရက်ပါတီက ခေါင်းဆောင်ပြီး ကျင်းပခဲ့ပါတယ်။
ဧပရယ် ၁၀ ရက် ၁၉၁၉ အမရစ်ဆာမြို့ ဒုတိယကော်မရှင်နာမင်းကြီးရဲ့ အိမ်တော်ရှေ့မှာ အကြီးအကျယ် ဆန္ဒ ပြပွဲဖြစ်ပါတယ်။ ပြရတဲ့အကြောင်းကလည်း ” ရောလက်” ဥပဒေအပါအ၀င် အစိုးရကို မနာခံတဲ့ အကြမ်းမဖက် လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ အိန္ဒိယအမျိုးသားကွန်ကရက်ခေါင်းဆောင် နှစ်ဦးကို ဖမ်းထားတာကို လွှတ်ဘို့ တောင်းဆို ဆန္ဒပြကြတာပါ။ အဲဒီမှာ ရဲတွေက ဆန္ဒပြလူအုပ်ကို ပစ်ခတ်အကြမ်းဖက်နှိပ်ကွပ်မှုတွေဖြစ်ပေါ်ပြီး သေကြေခဲ့တာကြောင်း ဆန္ဒပြသူတွေက အစိုးရအဆောက်အဦးတွေ မီးရှို့၊ လူဖြူတွေကို သတ်တာတွေလုပ် ထိမ်းမနိုင် သိမ်းမရဖြစ်ကုန်ပါတယ်။
နောက်တနေ့မှာ (၁၁ ဧပရယ်)ကလေးခြောက်ရာလောက် စာသင်ပေးနေတဲ့ သာသနာပြုကျောင်းက အင်္ဂလိပ်ဆရာမလေးက ကျောင်းက လုံခြုံမှုမရှိတော့လို့ ကလေးတချို့ကို အိမ်တွေပြန်ပို့ရင်း လမ်းကျဉ်းလေးတခုထဲ စက်ဘီးနဲ့ ၀င်လိုက်တာနဲ့ လူအုပ်တစုက လမ်းပေါ်မှာပဲ ဆံပင်ဆွဲ၊ ပါးရိုက် ၊ ကိုယ်တုံးလုံးချွတ် စတဲ့ မဖွယ်မရာတွေ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ တပည့်တဦးရဲ့ မိဘတဦးနဲ့ လူတချို့က ၀င်ကယ်ပြီး ဘေးကင်းရာကို ပို့ပေးလိုက်နိုင် ပါတယ်။ ဒီအခြေနေတွေကြောင့် ပန်ဂျပ်ပြည်နယ် နေရာအများစုကို မာရှယ်လော ထုတ်ပြန်ဘို့ မိုက်ကယ်အိုဒွေယာက ဆုံးဖြတ်လိုက်ပါတယ်တယ်။
တကယ်တော့ ဒီမငြိမ်မသက်မှုတွေက လက်နက်ကိုင်ပုန်ကန်မှု ပြင်းထန်လာတော့မဲ့ရှေ့ပြေးအခြေအနေတွေလို့ အင်္ဂလိပ်တွေဘက်ကယူဆထားပါတယ်။ သူတို့တွက်ဆမှုက နွေရာသီမှာ ပန်ဂျပ်ပြည်နယ်မှ တပ်စွဲထားတဲ့ ဗြိတိသျှစစ်သားတွေ တောင်ပေါ်အရပ်တွေဆီ ဆုတ်ခွာမဲ့မေလမှာ လက်နက်ကိုင်ပုန်ကန်ထကြွမှု အကြီး အကျယ်တိုးမြှင့်လာမယ်လို့ ယုံကြည်ထားတာပဲဖြစ်ပါတယ်။ ဒါကလည်း ငြင်းဘို့ခက်ပါတယ်။ ဒါကြောင့်မကြာသေးမှီကမှ အတည်ဖြစ်လာတဲ့ ” ရောလတ်” ဥပဒေကို အသုံးချပြီး အကြမ်းမဖက်လှုပ်ရှားမှုတွေ ပြင်းပြင်း ထန်ထန်နှိပ်ကွပ်ပြီး ပုန်ကန်မှုကို တားဆီး ဘို့ စီစဉ်ခဲ့တာလို့ အိန္ဒိယသမိုင်းပညာရှင်တွေက သုံးသပ်ယူဆကြပါတယ်။ ဒါတွေကို အဓိက ကြိုးကိုင်သူကတော့ ပန်ဂျပ်ဒုတိယ ဘုရင်ခံချုပ်က မိုက်ကယ် အိုဒွေယာ ( Michael O`Dwyer)ပဲဖြစ်ပါတယ်။
ဒီမြို့ British Indian Army ရဲ့ကွန်မန်ဒါတပ်မှုးဖြစ်တဲ့ ဗိုလ်မှုးကြီး ဒီရာ Colonel Dyer ကလည်း ဆန္ဒပြသူတွေ ကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ရမယ်ဆိုတဲ့ အယူအစရှိတဲ့သူပါ။
ဧပရယ် (၁၂)မှာတော့ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီနဲ ဒေသခံကလူမှုအဖွဲ့အစည်း အချို့တို့က ရောလက်ဥပဒေကို ကန့်ကွက်ဘို့နဲ့ အဖမ်းခံထားရတဲ့ ခေါင်းဆောင်နှစ်ဦးကို လွှတ်ပေးဘို့ လူထုအစည်းအဝေး ကျင်းပဘို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကျင်းပမဲ့နေရာကတော့ ဂျာလီယန်ဝါလာဘတ်ပန်းခြံဖြစ်ပြီး နောက်တနေ့ (၁၃.၀၄.၁၉ )မှာ ပဲဖြစ်ပါတယ်။ အဲဒီနေ့က ပန်ချာပီတို့ရဲ့ ကြီးမားတဲ့ Baisakhi ပွဲတော်နေ့လည်းဖြစ်နေပါတယ်။
ဆက်ရန်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar