Breaking News

လှကျော်ဇော - တရုတ်စစ်တပ် ဘာဖြစ်နေသလဲ

လှကျော်ဇော - တရုတ်စစ်တပ် ဘာဖြစ်နေသလဲ

မိုးမခ၊ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆


အခုတလော တရုတ်က စစ်ဗိုလ်ချုပ်ကြီးနှစ်ယောက် အရေးယူခံရတဲ့ ကိစ္စ အတော်လေးဂယက်ရိုက်နေတော့ ထုံးစံအတိုင်း ကျွန်မဆီ အ‌မေးအမြန်းတွေ ရောက်လာတော့တာပေါ့။ သူတို့ပြောမှပဲ တရုတ်ပြည်သူတွေ မကျေမနပ်ဖြစ်နေပြီး တရုတ်ပြည်ကြီး မကြာခင် တခုခုဖြစ်တော့မလိုလိုပါလား။ တရုတ်တွေကတော့ သူတို့နှစ်သစ်ကူး နီးလာနေလို့ တနိုင်ငံလုံး လမ်းတွေပေါ် ရောက်နေသလား အောက်မေ့ရပါတယ်။ အဝေးပြေးဘတ်စ်ကားတွေ၊ ရထားတွေ၊ လေယာဉ်တွေ အစီးရေတွေ အများကြီးတိုးပေးထားရတဲ့ သတင်းတွေ၊ ကိုယ်ပိုင်ကားတွေနဲ့လည်း ခရီးသွားတာများလွန်းလို့ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ ကားတွေ ပိတ်ဆို့နေတဲ့ သတင်းတွေ၊ တရုတ်က နိုင်ငံအတော်များများကို ဗီဇာမဲ့ ဝင်ရောက်ခွင့်ပြုထားလို့  နိုင်ငံခြားခရီသွားတွေ သန်းချီဝင်လာနေတဲ့ အကြောင်း--စတဲ့ စတဲ့ သတင်းတွေသာ ပြည်တွင်းမှာ ပျံ့နေတာပါ။ တကယ်တော့ တရုတ်ပြည်မှာ (သူတို့အခေါ် ကျားကြီးတွေ- ရာထူးကြီးသူများကို ဆိုလို) အဲဒီလိုအဖြစ်မျိုးက သိပ်အထူးအဆန်းမဟုတ်တော့ပါဘူး။ 

ပြည်နယ်အုပ်ချုပ်ရေးမှုးကြီးတွေ (အချို့လက်ရှိ၊ အချို့အနားယူထားသူတွေ) စစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေကစလို့ အဆင့်အသီးသီးက အရာရှိကြီးတွေ အရေးယူခံရတဲ့ သတင်းများဟာ တရုတ်ပြည်မှာ အထူးအဆန်းသတင်းတွေ မဟုတ်တာ ကြာပါပြီ။ (အခုတလောပဲ လွန်ခဲ့တဲ့ အနှစ် (၂၀) ကတည်းက စဖြစ်ခဲ့တဲ့ အမှုများကို စိစစ်ပြီး သေဒဏ်ပေးလိုက်တဲ့ ဘဏ်ဥက္ကဋ္ဌ သတင်းတခု တက်လာပါသေးတယ်။) တရုတ်စစ်တပ်ကလည်း မကြာခဏ ပြဿနာတက်တာလည်း အမှန်ပါပဲ။ အဲဒါကလည်း အကြောင်းရှိပါတယ်။ တရုတ်တပ်ဟာ အရင်က (ပြည်တွင်းစစ်အတွင်းမှာရော။ ၁၉၅၀ ပြည့်နှစ်များမှာ ဆင်နွှဲခဲ့တဲ့ ကိုးရီးယားစစ်ပွဲမှာရော) လူအားကို အသုံးပြုတိုက်တာပါ။ ဒါ‌ကြောင့် တရုတ်တပ်ဟာ လူအင်အား သန်းအချို့ရှိနေတာပါ။ ၁၉၉၁ ခုနှစ်မှာဖြစ်တဲ့ အီရတ်စစ်ပွဲမှာ အတတ်ပညာမြင့်မားရေး ဘယ်လောက်အရေးကြီးတယ် ဆိုတာ တရုတ် သဘောပေါက်သွားပါတယ်။ သူတို့ တပ်ခေတ်မီရေး အပူတပြင်း လိုအပ်လာပြီလို့လည်း တွက်ချက်မိပါပြီ။ ဒီအချိန်မှာပဲ ဆိုဗီယက်ယူနီယံကြီး ပြိုလဲအပြီး မီတာထောင်ချီရှိနေတဲ့ တရုတ်-ဆိုဗီယက်နယ်စပ်က တရုတ်တပ်သားတွေကိုလဲ ပြန်ဆုတ်လာခိုင်းရပြီး အဲဒီအချိန်က တရုတ်ပြည်မှာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများမှာ ဝင်ရောက်ဖို့ စီစဉ်ရပါတယ်။ တပ်တွေမှာ တပ်မှူးများက ဦးစီးပြီး တပ်လိုက်အနားယူကြရပြီး ကုန်ထုတ်လုပ်ရေးလုပ်ငန်းများမှာ ဝင်ရပါတယ်။ အစိုးရက အထူးပေါ်လစီများ ချပေးပါတယ်။ အစိုးရဘဏ်များက ငွေချေးပေးတာ၊ အခွန်လွတ်တွေ သတ်မှတ်ပေးတာ စသဖြင့်ပေါ့။ တချို့စီးပွားရေးလုပ်ငန်းများကိုလဲ လုပ်ခွင့်ပြုပေးပါတယ်။ ဥပမာ-မိမိတို့တပ်တွင်းက ပိုနေတဲ့ လက်နက်ခဲယမ်းတွေ၊ ယူနီဖောင်းတွေ။ ကားတွေစသဖြင့် စတာတွေ အပြင်ထုတ်ရောင်းတာတွေလဲ ရှိပါတယ်။ အတော် အောင်မြင်တဲ့ တပ်တွေက အများစုပါ။ 

အခု နာမည်ကျော် ဟွာဝေး-ကုမ္ပဏီဆို အဲသလို တပ်များက တပ်မှူးတွေ ဦးစီးပြီး ထူထောင်ခဲ့တာပါ။ အဲဒီပိုင်ရှင် ဘီလီယံနာသူဌေးကြီးဟာ အရင်က တပ်မှူးကြီးပါ။ တချို့နိုင်ငံခြားက လာရင်းနှီးမြှုပ်နှံတဲ့ စက်ရုံများကိုလည်း အဲဒီလိုတပ်ရင်းလိုက် တပ်မှူးများဦးစီး လုပ်ဆောင်ခဲ့ကြတာပါ။ ဒါကြောင့်ပဲ တရုတ်ပြည်က သူဌေးကြီးများဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ စကားကို နာခံကြတာပါ။ သူတို့က မချမ်းသာခင်ကတည်းက ပါတီဝင်တွေပါ။ ဒါပေမဲ့ ဘယ်နေရာမဆို သိုးမဲတွေရှိတတ်ပါတယ်။ ဒီလိုအများအတွက် စီးပွားရှာရင်းလက်လွန်ပြီး မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်လာကြရင်းက အတော်နာမည်ပျက်လာတဲ့ တပ်မှူးတွေ၊ တပ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ရှိလာပါတယ်။ ၂၀၁၃ ရှီကျင်ပင် တက်လာပြီးနောက် ပြင်းပြင်းထန်ထန် လုပ်လာတဲ့ လာဘ်ယူလာဘ်စား တိုက်ဖျက်ရေးတိုက်ပွဲ တပ်တွင်းရောက်လာတဲ့အခါမှာတော့ ဗိုလ်ချုပ်ကြီးများ သတင်းက မပြတ်အောင် ကြားလာနေရတာပါ။ တရုတ်ပြည်သူများအတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။

အဲဒီတော့ ဒီလို တရုတ်ပြည်အတွက်ရော၊ တရုတ်ပြည်သူတွေအတွက်ရော ဘာမှမထူးဆန်းတဲ့ သတင်းကို ဘာဖြစ်လို့ သတင်းမီဒီယာကွန်ရက်တွေမှာ ဒီလောက်ကြီး ချဲ့ကားရေးနေကြတာလဲ။ ကမ္ဘာ့သတင်းကွန်ရက် ဆိုတာကလည်း လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများ အဓိက ကိုင်ထားတာ ဖြစ်လေတော့ သူတို့အတွက် အကျိုးမရှိမဲ့ သတင်းများကို မှောင်ချ၊ သူတို့ လိုချင်တဲ့ သတင်းတွေကိုသာ ချဲ့ကားတင်နေကြတာပါ။ အခုအချိန်ဟာ ကမ္ဘာကြီးရဲ့အစီအစဉ် အပြောင်းအလဲဖြစ်စဉ်တွေ မြန်ဆန်သည်းသန်နေချိန်ပါ။ ဗိုလ်တဦးတည်းကြီးစိုး(Unilateralism)ဖို့ အကြီးအကျယ် ကြိုးစားနေတဲ့ အမေရိကန်နဲ့ ဗဟုစုံဝါဒ (Multilateralism) (ကမ္ဘာ့နိုင်ငံအားလုံး တန်းတူပြောရေးဆိုခွင့်ရှိတဲ့) အတွက် တောင်းဆိုနေတဲ့ နိုင်ငံများအကြား တိုက်ပွဲပြင်းထန်နေချိန်ပါ။ 

အမေရိကန်က ကိုယ့်မဟာမိတ်များ အပေါ်မှာပါ ဗိုလ်ကျလာတော့ (ကနေဒါ ဝန်ကြီးချုပ် အသုံးအနှုန်း ယူသုံးရရင်) အလယ်အလတ် အင်အားစုနိုင်ငံများက အစီအရီ တရုတ်ဆီ ရောက်လာကြပါတယ်။ တရုတ် ဦးစီးလုပ်နေတဲ့ တပ်ပေါင်းစု အဖွဲ့များ (ဥပမာ-BRICS+, SCO)ထဲ ဝင်ရရေး စနည်းနာလာကြပါတယ်။ ဒါတွေကို ဒီမီဒီယာကြီးများက ဖုံးကွယ်ချင်တာပါ။ 

လှကျော်ဇော

၈-၂-၂၀၂၆



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar