Breaking News

ကျော်လွင်အောင် - ဆေးရုံ ည (၈)

ကျော်လွင်အောင် - ဆေးရုံ ည (၈)

မိုးမခ ၊ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆


တတိယမြောက် #ဆေးရုံ

မျက်နှာနဲ့ မေးရိုး လူနာဆောင်မှာ ထူးခြားတာက ခြင်မကိုက်တာပါ။ ကြွေပြားကပ် ကြမ်းပြင်ကို ဆပ်ပြာရည်၊ ဒက်တောနဲ့ မော့(mop) တိုက်တာ၊ တစ်နေ့ ၂ ကြိမ် အိမ်သာခန်းပါ မကျန် သန့်ရှင်းရေး အမှန်အကန် လုပ်လို့ရယ်၊ ဒီအဆောင်က ကုန်းကမူအမြင့် နေရာမှာမို့ ရေမဝပ်တာ၊ ခြုံနွယ်ပိတ်ပေါင်းမရှိ၊ အုံ့ဆိုင်းမည်းမှောင်နေတာမျိုး မရှိလို့လည်း ခြင်မအောင်းနိုင်တာကိုး။ ကြမ်းပိုးတော့ ရှိတယ်လို့ နံဘေးခုတင်က လူနာစောင့်တွေက ပြောတယ်၊ စတီးဟော်လိုခုတင်ပေါ်မှာ အုန်းဆံဖတ်တွေကို တာပေါ်လင်စအုပ်ပြီး ချုပ်ထားတဲ့ မွေ့ယာပါးပါးမို့ ရှိနိုင်ပါတယ်၊ ရောဂါအနာအရှိန်နဲ့ ကြမ်းပိုးကိုက်လို့ ကိုက်မှန်းမသိတာလည်း ဖြစ်နိုင်တယ်။ ညဘက် လေးပေ မီးချောင်းအလင်းရောင်စူးစူးအောက်‌ အိပ်နေမကျတဲ့ ကိုယ့်အတွက်တော့ ဖုန်းဘီလ် ထည့်မလောက် ဖြစ်နေတာလည်း စိတ်ဆင်းရဲရပါတယ်။ ဇွတ်အတင်း ဖုန်းပိတ်၊ မျက်စိမှိတ်၊ အိပ်ပျော်လုဆဲဆဲမှာ-

"ကလင် ..... ကလင် ..... ကလင် .....ကလင် ....." နှိုးစက်မြည်သံမျိုး ဖုန်းတစ်လုံးက မရပ်မနား ထအော်နေတယ်။ နာရီကြည့်တော့ လင်းအားကြီး ၄ နာရီထိုးပါပြီ။ အိပ်မရတဲ့အတူ စောစောစီးစီး ကွတတနဲ့ ထော့နင်းလျှောက်ရင်း သန့်စင်ခန်းဝင်ပြီး ပြန်ထွက်လာတော့ ကိုသက် နိုးနေတာနဲ့ အိုဗာတင်းတစ်ခွက် ဖျော်ပြီး၊ ပေါင်မုန့်နဲ့ မျှောချရတယ်။

 ၁၉ ဇန်၊တနင်္လာနေ့ နံနက်ခင်းပါ၊ ၆ နာရီခွဲပြီ၊ ဆေးလိုက်ချိတ်ပေးကြ၊ နံနက်စာ စားကြ၊ ကိုသက်ကို အိမ်ပြန်ဖို့ ပြောရင်း တပါတည်း မစန်း (မရန်းခြံ) ဆီမှာ ကိုယ့်အတွက် လူမမာစာ ဝင်ယူဖို့မှာရတယ်။ လူက ပါးစပ်က နာရတဲ့အထဲ ဝမ်းကလည်း ပျက်နေတာ။ ဘာမှ ဝယ်မစားရဲ၊ မသောက်ရဲဖြစ်နေလို့ မရန်းခြံက မစန်းဆီ အားနာနာနဲ့ အကူအညီလှမ်းတောင်းရတာပါ။

 "လုပ်ပေးမယ်၊ ၁၀ နာရီလောက် လာယူခိုင်းလိုက်"  လို့ ပြောပါတယ်။ 

"အင်း အရပ်ကူပါ လူဝိုင်းပါ"" ဆိုသလိုမျိုးပေါ့။ ညဘက် အိပ်ရေးပျက်၊ အစားကမဝင်၊ မက်ထရို သုံးလုံး နေ့စဉ်ချိတ်၊ ပါရာတွေသောက်နဲ့ လူကနုန်းချိချိ၊ ကိုးနာရီကျော်တော့ မောင်ဖြူ ရောက်လာတယ်။ ကိုယ်တို့ရုံးဘက်သွားစရာရှိတယ်၊ ဘာမှာမလဲ မေးတာနဲ့ ကိုယ့်စားပွဲ‌ပေါ်က လပ်တော့သိမ်းယူခဲ့ဖို့ မှာလိုက်တယ်။ 

"ဦးကျော်လွင်အောင်" ဆရာမတစ်ယောက်က ကိုယ့်ဆေးမှတ်တမ်းဖိုင်အပြာကို ကမ်းပေးတော့ အဆောင်နဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဘက်က ကုသဆောင်ထဲ ဝင်ပြီး စာအုပ်ထပ်၊ သွေးပေါင်ချိန်ပြီး ဆရာဝန်ကြီးဆီ ရောက်တော့ " ဟ, စမ်း၊ နာနေသေးလား၊ နောက် ၂ ရက်လောက်နေလိုက်ဦးနော်" လို့ပြောလို့ ဖိုင်လေးယူပြီး ပြန်လာရတယ်၊ "ဆရာကြီး ဘာမှာလိုက်သေးလဲ" လို့ မေးတာ ဖြေပြီး တစ်ကိုယ်တည်း မှိန်းနေရင်း တော်တော်လေးကြာတော့ ခပ်လှမ်းလှမ်းက ခုတင်ပေါ်က လူနာကို အသံတိုးတိုးနဲ့ စကားပြောနေတဲ့ "ဆရာဝန်ကြီး" အသံ ကြားနေရတယ်။ သူ စကားပြောရင်

 "ပေါက်တယ် မဟုတ်လား" 

"ဟုတ်လား၊ မဟုတ်လား" ဆိုတဲ့ စကားလုံးတွေ ထပ်ခါထပ်ခါ ပြောတတ်တယ်။ လူနာဆောင်မှာ မနက်၊ နေ့၊ ည အချိန်မရွေး သူ ရှိ‌နေတာ တွေ့ရတယ်၊ ငေါက်ငန်း၊ ဟိန်းဟောက်၊ ဆူပူသံ ဘယ်ဝန်ထမ်းတွေဆီကမှ မကြားရ၊ အာလုံးဟာ ဆရာဝန်ကြီးရဲ့ အစီအမံအောက်မှာ၊ တိတ်ဆိတ်စွာ စနစ်ကျနေတယ်။

ကိုသက် ရောက်လာပြီ။ သုံးဆင့်ချိုင့်မှာ အပေါ်ဆုံး ဆန်ပြုတ်၊ အလယ်က ကြက်‌ပေါင်းရည်သက်သက် ပန်းကန်လုံးတစ်လုံးစာ၊ အောက်ဆုံးချိုင့်မှာ ထမင်းပြဲ ထည့်ထားတာ သဘောကျမိတယ်။ 

"နောက်နေ့တွေလည်း ဒီအချိန် လာယူလို့ မှာလိုက်တယ်" ကိုသက်က ပြုံးပြီးပြောတယ်။

 ပထမချိုင့်ထဲကို ဆားနည်းနည်းဖြူးပြီး အကုန်ကြိတ်လိုက်တယ်၊ ဗိုက်လေးလာတော့ ဆေးလိပ်တစ်လိပ် ထွက်သောက်ပြီး ရီဝေဝေနဲ့ အိပ်ပျော်သွားလိုက်တာများ။

"ဝိုင်ဖိုင် ပတ်စ်ဝါ့ဒ် လိုချင်ရင် သူ့ဆီမှာတောင်း၊ အဒီကောင်လေးတီမှာ တောင်းနော" ကြားနေကျအသံမို့ သိလိုက်တယ်။ အိပ်ချင်မူးတူးနဲ့ ကိုသက်ရေ သွားယူချေကွာဆိုပြီး ဖုန်းထိုးပေးလိုက်တယ်၊ အင်း ဖုန်းဘီလ် မကုန်တော့ဘူးပေါ့ဗျာ။

လိုင်းသုံးရင်း၊ အိပ်ပျော်သွားရင်းနဲ့ အချိန်တွေကုန်၊ ညနေစောင်းတော့ လမ်းတစ်ပတ် လျှောက်ရင်း ဗီဒီယို အတိုအပိုင်းလေးတွေ လိုက်ရိုက်၊ 

ဖျတ်ခနဲ လင်းလာတဲ့ မီးရောင်တွေအောက်မှာ လူနာစောင့်တွေ၊ ဧည့်သည်တွေရဲ့ စကားပြောသံတွေနဲ့အတူ ဝိုင်ဖိုင်သုံး ဂိမ်းကို အသံမြည်အောင် ဆော့နေသူရဲ့ အသံတွေ၊ သီချင်းတွေ၊ သတင်းတွေရဲ့ အသံအစုံနဲ့ မြိုင်ဆိုင်လို့နေပါတယ်၊ ဘယ်လိုဖြစ်ဖြစ် သန်းခေါင်ကျော်ရင် ငြိမ်ကျသွားတာချည်းပါပဲ။ အိပ်မရသူက တကိုယ်တည်း။

စတုတ္ထ‌မြောက် #ဆေးရုံည။

တနင်္လာနေ့ည။

---------




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar