မြန်မာ့မီဒီယာ အကွဲအပြဲ ဇာတ်လမ်း
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၁ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
မြန်မာ့မီဒီယာ အကွဲအပြဲ ဇာတ်လမ်း
မြန်မာသတင်းမီဒီယာ နယ်ပယ်မှာ အကွဲအပြဲ ဇာတ်လမ်းတွေ ဖြစ်ကြတာတော့ သိပ်အဆန်းမဟုတ်လို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ အရင့်အရင် ခေတ်တွေကတည်းက အနည်းနဲ့အများ ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဆင်ဆာစနစ်အောက်မှာ လုပ်ကိုင်နေခဲ့ကြရတဲ့ ၂၀၀၀ ပြည့်နှစ်တွေကနေ ၂၀၁၀ ပြည့်နှစ်တွေအကြား မြန်မာသတင်းမီဒီယာ ဖွံ့ဖြိုးလာခါစ ကာလတွေမှာ ပြည်တွင်းသတင်းမီဒီယာနယ်ပယ်မှာလည်း တိတ်တိတ်ဆိတ်ဆိတ် ကွဲတာ၊ လူသိရှင်ကြားကွဲကြတာ အမျိုးမျိုးသော အကွဲအပြဲဇတ်လမ်းတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ စိစစ်ရေးကို တိုက်ရိုက်ဖြတ်စရာ မလိုတဲ့ သတင်းမီဒီယာ၊ စိစစ်ရေးမှာ အခြားသူတွေထက် အခွင့်အရေး ပိုရခဲ့ကြတဲ့ သတင်းမီဒီယာ၊ MI လို့ အတိုကောက်ခေါ်ဆိုတဲ့ စစ်ထောက်လှမ်းရေး တန်ခိုးထွားစဥ်က ၄င်းတို့ သားသမီး၊ တပ်မှူး၊ တပ်ကြပ်ကြီး နာမည်တွေနဲ့ ထုတ်ဝေခွင့်ရခဲ့ကြတဲ့ သတင်းဂျာနယ်၊ လစဥ်ထုတ်မဂ္ဂဇင်းတွေကို နီးစပ်သူတွေက ပုဂ္ဂလိက အနေနဲ့ ထုတ်ဝေခဲ့ကြရတဲ့ ဇာတ်လမ်းတွေလည်း ပရိသတ်က အသေးစိတ် မသိရှိခဲ့ကြပါဘူး။
၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေးကို ဖြိုချ နှိပ်ကွပ်ပြီးချိန်မှ အဆိုပါ ထောက်လှမ်းရေးတပ်က အရာရှိ၊ တပ်ကြပ် စသူတွေနာမည်နဲ့ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင်တွေက ပုဂ္ဂလိက ထုတ်ဝေသူနာမည်တွေ အဖြစ်ပြောင်းလဲကုန်ကြတာ ဖြစ်ပါတယ်။
အဲဒီခေတ်က ပြည်တွင်းက သတင်းမီဒီယာ ပြည်တွင်းသတင်းမီဒီယာမှာ လုပ်ကိုင်နေသူတွေထဲက သတင်းသမားအများအပြားလည်း ပြည်ပရောက်မြန်မာသတင်းမီဒီယာတွေအတွက် အမည်မဖော်ဘဲ covert reporting လုပ်ဆောင်နေတဲ့ သတင်းထောက်တွေ ဒါဇင်နဲ့ချီပြီး ပြည်တွင်း သတင်းဌာနတွေမှာ ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါတွေက အဲဒီခေတ်အဲဒီကာလက ပြည်တွင်းသတင်းမီဒီယာနဲ့ ပြည်ပရောက် မြန်မာသတင်းမီဒီယာတွေရဲ့ အနေအထားတချို့ ဖြစ်ပါတယ်။
ပြည်တွင်းသတင်းမီဒီယာတွေမှာ အလဲဗင်းမီဒီယာ နဲ့ Living Color မီဒီယာ ဦးဆောင်သူပိုင်ရှင်တို့ အကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှုကြောင့် သတင်းဌာနတခုမှာ လုပ်နေသူတွေက ပြိုင်ဘက် သတင်းဌာနက သတင်းသမားတွေနဲ့ စကားပြောဆို ဆက်ဆံတာတွေ မလုပ်ရဘူး ဆိုတဲ့ ညွှန်ကြားချက်တွေကိုလည်း သတင်းဌာနဦးဆောင်သူ တချို့က ထုတ်ခဲ့ကြတာမျိုး ရှိပါတယ်။
အဲဒီခေတ်ကာလက လူသိများ လူဖတ်များတဲ့ သတင်းဂျာနယ်အချို့ရဲ့ ထုတ်ဝေသူတွေက ဘယ်သူတွေလဲ ဘာကြောင့် ထုတ်ဝေခွင့်ရတာလဲ၊ ထုတ်ဝေခွင့်ကို ဘယ်လို အငှားချထားကြတာလဲ ဆိုတာတွေလည်း ပရိသတ်က သေသေချာချာ မသိရှိခဲ့ကြပါဘူး။ ဖတ်စ်အလဲဗင်း အားကစား ဂျာနယ်တွေရဲ့ ထုတ်ဝေခွင့်ရတဲ့သူတွေက လေတပ်ထောက်လှမ်းရေးတပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဂျာနယ် ထုတ်ဝေခွင့်ကို အငှားချထားလို့ ရတဲ့ ငွေကြေးက လေတပ်ထောက်လှမ်းရေးရဲ့ ရံပုံငွေ အဖြစ် ရောက်ရှိပါတယ်။ အလားတူပဲ စစ်ထောက်လှမ်းရေးကနေ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ထိန်းသိမ်းခံရတဲ့ ဦးဝင်းအောင်သား ဖြစ်သူ ကိုသောင်းစုငြိမ်းက ထူထောင်တဲ့ ဆဲဗင်းဒေးဂျာနယ်ဟာလည်း ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ထုတ်ဝေသူနာမည်နဲ့ ၂၀၀၄ ခုနှစ် ကုန်ခါနီးအထိ ရှိခဲ့တာပါ။ Living Color မဂ္ဂဇင်းရဲ့ ထုတ်ဝေသူကတော့ ဒေါက်တာနေဝင်းမောင် နဲ့ ရင်းနှီးသူ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သားဖြစ်သူ ရဲနိုင်ဝင်း နာမည်နဲ့ ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း မြန်မာနောင်းသတင်းဌာနက ရေးသားဖေါ်ပြခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ မြန်မာတိုင်းမ် သတင်းဂျာနယ်ကတော့ ထောက်လှမ်းရေးက ဗိုလ်ချုပ် သိန်းဆွေရဲ့ သားဖြစ်သူ ဦးမြတ်ဆွေ ခေါ် ဆန်နီဆွေရဲ့ နာမည်နဲ့ ထုတ်ဝေခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါတွေက အဲဒီခေတ်အခါက လူသိများတဲ့ သတင်းဂျာနယ်တွေ မဂ္ဂဇင်းတွေရဲ့ ထုတ်ဝေခွင့်နာမည်ပေါက်သူတွေ အကြောင်းဖြစ်ပါတယ်။ အခြားသော ဝန်ကြီးဌာနရဲ့ ထုတ်ဝေခွင့် လက်မှတ်ကို ငှားပြီး ထုတ်ဝေကြရတဲ့ ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေ အများအပြားရှိပါတယ်။ ဝန်ကြီးဌာနနဲ့ မသက်ဆိုင်တာ၊ ပုဂ္ဂလိက ထုတ်ဝေခွင့်လက်မှတ်ရှိတဲ့ မဂ္ဂဇင်း၊ ဂျာနယ် အနည်းငယ်ရှိခဲ့ကြပေမယ့် အဆိုပါ အပတ်စဥ်ထုတ် ဂျာနယ်၊ လစဥ်ထုတ်မဂ္ဂဇင်းတွေဟာ သတင်းအဓိက ဖော်ပြခွင့်မရကြပါဘူး။ အနုပညာ၊ ရုပ်ရှင်၊ စီးပွားရေး အိမ်ခြံမြေ စတဲ့ အကြောင်းအရာတွေသာ အဓိကထား ဖော်ပြခွင့်ရကြပြီး သတင်းဦးစားပေး ဂျာနယ်၊ မဂ္ဂဇင်းတွေက ထောက်လှမ်းရေး၊ စစ်တပ်က ထုတ်ဝေခွင့် အငှားချပေးထားတဲ့ သတင်းစာစောင်တွေ ဖြစ်ကြပါတယ်။
ဒီနေရာမှာ ပြောချင်တာက အဲဒီခေတ် အဲဒီကာလက နအဖစစ်အစိုးရက ပေးထားတဲ့ အခြေအနေအောက်မှာ လုပ်ကိုင်နေကြရ စာပေကင်ပေတိုင်လို့ ခေါ်တဲ့ စိစစ်ရေးအောက်မှာ လုပ်ကိုင်နေကြရတဲ့ အနေအထားဖြစ်တော့ ကွဲမယ် ပြဲမယ်ဆိုရင်တောင်မှ ကျယ်ကျယ်လောင်လောင် ကွဲပြဲဖို့ အခြေအနေမပေးခဲ့ကြပါဘူး။ မြန်မာသတင်းမီဒီယာ သမိုင်းမှာတော့ ဘယ်သူ ဘယ်လမ်းက ဒီလောကကို ဝင်လာကြသလဲ ဘယ်စာစောင်၊ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်းက ဘယ်လို လျှောက်လှမ်းခဲ့ကြသလဲ ဆိုတာ သူ့ဟာနဲ့ သူမှတ်တမ်းတွေ ရှိခဲ့ကြပါတယ်။ အခုလို ပြောလို့ ဒီသတင်းမီဒီယာတွေမှာ လုပ်ကိုင်နေတဲ့ သူအားလုံးကို အားလုံးသိမ်းကျုံး စွပ်စွဲ၊ အရောင်ဆိုးလိုခြင်း အလျဥ်းမရှိပါဘူး။ လူတဦးချင်း လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ သတင်းပညာကို ပညာသည်ပီသစွာ လုပ်ကိုင်ကြတဲ့ သူတွေလည်း အဲဒီမီဒီယာတွေမှာ အများအပြားရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့အစည်း မလွတ်လပ်ပေမဲ့ လူပုဂ္ဂိုလ် လွတ်လပ်တာ၊ အဖွဲ့အစည်း လွတ်လပ်ပေမယ့် လူပုဂ္ဂိုလ် မလွတ်လပ်တာတွေ ရှိကြတာကို မြင်အောင် ခွဲခြားကြည့်မြင်တတ်ဖို့လည်း လိုအပ်ပါတယ်။
အခု ရက်ပိုင်းမှာ မြန်မာနောင်း သတင်းဌာနက “မြန်မာတိုင်းမ်နှင့် Frontier Myanmar သတင်းဌာနများ၏ ဝိုးတဝါးအတိတ်နှင့် ပစ္စုပ္ပန်” ဆိုတဲ့ ရှည်လျားလှတဲ့ သတင်းဆောင်းပါး တပုဒ်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နဲ့ ဖေါ်ပြခဲ့ပြီးနောက် ပြည်ပရောက် မြန်မာသတင်းမီဒီယာ လောကကို အကွဲအပြဲ ဂယက်ထဲ တွန်းပို့လိုက်သလားလို့ တွေးတောမိပြန်ပါတယ်။ ဒီသတင်းဆောင်းပါးက ပရိသတ်ကို ဒီသတင်းဌာနက ထုတ်လုပ်တဲ့ သတင်းတွေကို မဖတ်ရှုဖို့ မယုံကြည်ရကြောင်း ရည်ရွယ် ပြောဆိုလိုက်သလို၊ ဒီသတင်းဌာနကို အကူအညီပေးတဲ့ နိုင်ငံတကာ အစိုးရ၊ သတင်းမီဒီယာဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေကိုပါ ဒီသတင်းဌာနကို အကူအညီမပေးကြဖို့ နှိုးဆော်တဲ့ ရည်ရွယ်ချက်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါ့အပြင် မြန်မာတိုင်းမ် အလုပ်လုပ်ခဲ့ကြတဲ့ သတင်းသမားတွေ၊ Frontier Myanmar မှာ လက်ရှိလုပ်နေကြတဲ့ သတင်းသမားတွေအဖို့ မိမိတို့ အဲဒီလို စစ်တပ်နောက်ခံ ထောက်လှမ်းရေး နောက်ခံပေးတဲ့ သတင်းဌာနမှာ လုပ်နေကြပါလားဆိုတဲ့ ခံစားချက်မျိုး၊ လိပ်ပြာမသန့်မှုမျိုး ဖြစ်စေတဲ့ သက်ရောက်မှုမျိုးလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒီလို ပြည်ပရောက် သတင်းမီဒီယာ အချင်းချင်း၊ သတင်းသမား အချင်းချင်းအကြား မယုံကြည်မှုတွေ ဖြစ်လာအောင် အချင်းချင်း အငြင်းအခုံ တိုက်ခိုက်မှုတွေ ဖြစ်လာအောင် ဒီသတင်းဆောင်းပါးရဲ့ အကျိုးသက်ရောက်မှုက ဖြစ်စေမှာ ဖြစ်ပါတယ်။
ဘယ်အချက်အလက်က မှန်တယ် ဘယ်အချက်အလက်က မှားတယ်၊ သံသယ သာဖြစ်တယ်၊ စွပ်စွဲချက်သာ ဖြစ်တယ်ဆိုတာ ဒီလောကထဲက အတိတ်၊ ပစ္စုပ္ပန် ကာလ ၂ ခုလုံး နီးနီးစပ်စပ် ပါဝင်ဖြတ်သန်းဖူးသူတွေတော့ သိနိုင်ကြမှာဖြစ်ပါတယ်။ စာဖတ်ပရိသတ်အနေနဲ့တော့ စွပ်စွဲချက်လား သံသယလား စိစစ်ထားတဲ့ အချက်အလက်လား၊ သတင်းထဲမှာ source ဖြစ်နေသူက အကျိုးစီးပွားပါရှိနေလို့ အခွင့်သာတုန်း လက်စားချေဖို့ သာသာထိုးထိုး ပြောဆိုမယ်ဆိုတာမျိုးတွေလည်း နီးစပ်သူတွေသာ သိနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။
သာမန် ပရိသတ်တွေအဖို့တော့ စစ်အာဏာရှင်ဆန့်ကျင်နေကြတဲ့ နိုင်ငံရေးနယ်ပယ်၊ လက်နက်ကိုင်တပ်တွေအကြားက ပဋိပက္ခ၊ အငြင်းအခုံတွေလိုပဲ ပြည်ပရောက် မြန်မာသတင်းမီဒီယာတွေလည်း အငြင်းအခုံနဲ့ အကွဲအပြဲတွေ ဖြစ်နေကြတာပါပဲလားဆိုတဲ့ ကောက်ချက်ကိုတော့ လွယ်လွယ်ကူကူ ချနိုင်ကြမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar