Breaking News

မောင်လူမွှေး - ခြောက်ကပ်နေတဲ့ လူမူဘဝတွေ အတွက် ဆီတစ်စက်


မောင်လူမွှေး - ခြောက်ကပ်နေတဲ့ လူမူဘဝတွေ အတွက် ဆီတစ်စက်

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

" ထမနဲက အရင်တုန်းကလိုတော့ ဆီမရွဲဘူး ဆရာရေ" တဲ့။ ဟုတ်ပါတယ်။ မောင်လူမွှေး ဇွန်းနဲ့ယူပြီး စားဖို့ပြင်နေတဲ့ ထမနဲဟာ ဆီပါဝင်မှုနည်းနေပါတယ်။ ဒါကြောင့်လည်း ဇွန်းနဲ့ဆယ်ယူရာမှာ ပိုမိုစေးကပ်နေပါတော့တယ်။ ကောက်ညှင်းဆန်နဲ့ ထိုးရတဲ့ ထမနဲဟာ ဆီရွဲရွဲထည့်နိုင်မှ ဆယ်ယူရလွယ်သလို စားလို့လည်းကောင်းပါတယ်။ အခုမောင်လူမွှေးရှေ့ရောက်နေတဲ့ စစ်ရှောင်တောတိုက်က ထမနဲကတော့ နှမ်းသီးနှံပျက်စီးခဲ့တဲ့အတွက် ဆီမရွဲနိုင်ပါ။

" မျှစ်တို့ ဘာတို့သုပ်ရင်လည်း နှမ်းမထည့်နိုင်ဘူးဆရာရေ။ ရတဲ့ နှမ်းလေး မျိုးအတွက် သိမ်းထားရတာ။ မထိရဲဘူး" တဲ့။ စစ်ရှောင် အမျိုးသားတစ်ဦးက မောင်လူမွှေးကို ပြောပြန်ပါတယ်။ မောင်လူမွှေးတို့ဒေသက ဘာပဲသုပ်သုပ် နှမ်းလှော်ပြီး ထောင်းထည့်လေ့ရှိကြပါတယ်။  ပြီးခဲ့တဲ့နှစ် မောင်လူမွှေးနေတဲ့ ဒေသက နှမ်းသီးနှံတွေ အကြီးအကျယ်ပျက်စီးခဲ့လို့ ဒေသခံတွေကိုယ်တိုင် နှမ်းဆီကို လုံလောက်အောင်မစားနိုင်ကြပါဘူး။ စစ်ရှောင်တွေအနေနဲ့တော့ နှမ်းဆီမပြောနဲ့၊ စားအုန်းဆီရောထားတယ်လို့ သူတို့သိကြတဲ့ မြို့ကလာတဲ့ အဆင်သင့် မြို့ဆီကိုတောင် ရွဲရွဲမစားနိုင်ကြဘူးဆိုတာ မောင်လူမွှေး စားပွဲရှေ့က ထမနဲ ခွက်နှစ်ခွက်က သက်သေခံနေပါတယ်။

မောင်လူမွှေးဟာ အမေရိကားက မောင်လူမွှေးဆရာတွေ လှူဒါန်းတဲ့ အာဟာရဒါနကျွေးမွေးဖို့အတွက် တောတိုက်စစ်ရှောင်စခန်းတစ်ခုကို ရောက်နေတာပါ။ ထမင်းကျွေးမွေးတယ်ဆိုတာလည်း အသေးစိတ်လုပ်ရတဲ့ အလုပ်တွေက အများသား။ ဝေယျာဝစ္စလုပ်တဲ့သူတွေသာ မရှိရင် ထမင်းကျွေး အစီအစဥ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အမေရိကားက အလှူရှင်တွေ၊ တဆင့်ခံမောင်လူမွှေး၊ ဝေယျာဝစ္စကို အားတက်သရော ဆောင်ရွက်ကြသူတွေ ဒီသုံးခုပေါင်းမှ စစ်ရှောင်ပြည်သူတွေရှေ့ကို ထမင်းနဲ့ဟင်းရောက်ပါတယ်။ ထမင်းဟင်းချက်တဲ့သူတွေကို၊ ဝေယျာဝစ္စလုပ်နေသူတွေကို ဒီသဘောပြော တော့ " အတူပူးပေါင်းလုပ်ကြရတာနော..ဟုတ်တယ်" လို့ သူတို့က ဝမ်းသာအားရ  ထောက်ခံကြပါတယ်။ စစ်ရှောင်ကျောင်းမှာ စာသင်နေတဲ့ဆရာမလေးကိုတော့ ဒါ ခေတ်သစ်ပညာရေးမှာ အလေးထားကြတဲ့ 5C ထဲက Cooperation ဆိုတာ ပဲလို့ ပြောဖြစ်ခဲ့ပါတယ်။

စစ်ရှောင်စခန်းကို ဦးဆောင်နေသူတွေက မောင်လူမွှေးကို အကျွေးအမွေးမစခင်မှာ စကားနည်းနည်းပြောစေချင်တယ်လို့ တောင်းဆိုပါတယ်။ မြို့ပေါ်မှာတုန်းက စကားပြောရမယ့်ပွဲတွေကို တတ်နိုင်သမျှရှောင်ခဲ့တဲ့ မောင်လူမွှေးဟာ တောကျောင်းဆရာဖြစ်မှ စစ်ရှောင်ပြည်သူတွေကို စကားခဏခဏ  ပြောရတတ်ပါတယ်။ မောင်လူမွှေးသူတို့ကို စစချင်းပြောမိတာက အမေရိကားက မူရင်းအလှူရှင်တွေအကြောင်းပါ။

အခုအဟာရဒါနကို လှူဒါန်းကြတဲ့ အမေရိကားက အလှူရှင်တွေဟာ သူတို့အလုပ်နားတဲ့ စနေ၊ တင်္ဂနွေတွေမှာ အလုပ်အချိန်ပိုလုပ်ပြီး အခုလို လှူဒါန်းကြရတာဖြစ်ကြောင်း၊ သူတို့ရဲ့နေထိုင်စားသောက်ရေးအတွက် တစ်ပတ်မှာ ငါးရက်အလုပ်လုပ်ကြရပြီး စနေ၊ နင်္ဂနွေမှာ ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်ကြတာဖြစ်ကြောင်း ပြောပြဖြစ်ပါတယ်။ သူတို့တွေဟာ အခြေအနေအရ အခြားနိုင်ငံကိုရောက်နေရပေမယ့်  ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက လုပ်ဆောင်နေကြကြောင်း ပြောဖြစ်ပါတယ်။

မောင်လူမွှေးဟာ စစ်ရှောင်တွေနဲ့တွေ့ရင် သူတို့ဘဝ ခံစားချက်တွေကို နားထောင်တယ်။ အားပေးဆွေးနွေးမှုတွေ လုပ်ဖြစ်ပါတယ်။ ပြီးတော့ ပညာရေးကို အလေးထားကြဖို့ အမြဲတိုက်တွန်းဖြစ်ပါတယ်။ သူတို့တွေအဖို့တော့ မောင်လူမွှေးဟာ သူတို့စခန်းကို ပစ္စည်း၊ စားစရာ၊ ငွေကြေး လာလှူဒါန်းပေးသူလို့မမြင်တော့ဘဲ၊  သူတို့ရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ဒိုးတူပေါင်ဖက်ရုန်းကန်တဲ့ စစ်ရှောင်မိသားစုဝင်အဖြစ် မြင်ကြတဲ့ သူတွေရှိနေတာကို သတိထားမိပြီး ကျေနပ်ရပါတယ်။

ဆောင်းရာသီကုန်တော့မယ်။ နွေဦးရာသီကို ချဥ်းကပ်နေတဲ့ ယခုလိုအချိန်။ စစ်ရှောင်ကိုသွားရတဲ့လမ်းတွေဟာ ဖုန်တထောင်းထောင်းနဲ့ပါ။ လယ်ကွင်းတွေကလည်း ခြောက်သွေ့လို့။ အပင်တွေသိပ်မရှိတဲ့ နေပူပြင်မှာ စစ်ရှောင်တဲအိမ်ကလေးတွေဆီ မောင်လူမွှေးဟာ ဆိုင်ကယ်ကလေးတစ်စီးနဲ့ သွားပါတယ်။ အမေရိကားက ဆရာတွေကျေးဇူးနဲ့ အာဟာရနှင့် ပညာရေးအလှူကို သယ်ဆောင်ပြီး သွားပါတယ်။ တိတ်ဆိတ်တဲ့ ညမှာ စစ်ရှောင်တွေနဲ့အတူထိုင်ရေနွေးသောက်ရင်း ဘဝအမောတွေ အငွေ့ပျံသွားတဲ့အထိ ထိုင်စကားပြောကြတယ်။ ဒုက္ခတွေ အရည်ပျော်အောင် အတူရယ်မောကြတယ်။

မောင်လူမွှေးဆရာတွေရဲ့ ကျေးဇူးနဲ့ ခြောက်သွေ့နေကြတဲ့ လူမှုဘဝတွေအတွက် ဆီတစ်စက် ချပေးနိုင်တယ်လို့ ယုံကြည်တယ်။ ဆီတစ်စက်..တစ်စက်နဲ့ အဟာရဆက်ပြီး  မောင်လူမွှေးတို့ရဲ့ လူမှုဘဝတွေ လွတ်လပ်တဲ့နေ့တွေဆီ ဆက်လက်ချီတက်ကြရဦးမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar