ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်အုပ်စု (အယုတ်ကန်းဆုံးသတ္တဝါမျိုးစိတ်)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်အုပ်စု (အယုတ်ကန်းဆုံးသတ္တဝါမျိုးစိတ်)
မိုးမခ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆
မအလ ငကြင်စိုးက လုံခြုံရေးက ရဲအလုပ် ဆိုပြီး ပြည်ထဲရေးအသစ် ပြောင်းခန့်တယ်။ သူ သမ်းမကြီးလုပ်ရင် တပ်ကို သိပ်အားကိုးလို့ မရနိုင်တာရယ်၊ အစိုးရအဖွဲ့ဝင်တွေ၊ အမတ်တွေ လုံခြုံရေးကြောက်ရတာရယ်ကြောင့် အကြံပိုင်သောငခွေးလုပ်ပြတာ။ ပြောရင်းဆိုရင်းပဲ ရှော့တိုက်ဒုံးနဲ့ သူအုံးခံရတာကြည့်ပြီး ဘယ်ငတိမှ သူ့ကို ဘွတ်ပြီး လွှတ်မတက်ရဲတဲ့ အခြေဆိုက်ပြီပေါ့။ စိတ်ကူးယဥ်သမ္မတလည်း မရဏသဘောနဲ့ ကိစ္စချောတော့မယ့်အဖြစ်။
ထရန့်က အီရန်ကို ဆန့်ပြီးရင် မအလတို့ အလှည့်ပဲလေ။ တရုတ်အသိုက်မှန်သမျှ အကုန်ဖျက်မှာဆိုတော့ ဘုံပျက်ဘပု ဖြစ်ပြီ ဆိုပါတော့။ ခု ထရန့်က ရှီကျင့်ကို ဖျင်နေပြီ။ ရှီကျင့်ဖျင်ကလည်း သူ့သပွတ်အူနဲ့သူ၊ သူ့ကြိုးထုံးနဲ့သူ လုံးချာလည်နေတာ။ ပီကင်းလဲ အဆီမဝင်းနိုင်၊ နေ့လား ညလား။ ဘာလား ညာလား။ ကိုယ်တို့ကတော့ ဟေ့လာမောင်တို့ ဝါးရုံပဲလေ။
မအလ ဆိုတဲ့ သရေကြိုးနဲ့ညှိရင် ဂိတာပဲ ဆိုတာ ခါမေနီတောင် သဘောပေါက်နေရောပေါ့။ မွတ်စလင် ရိုဟင်ဂျာကို လူမျိုးတုံး သတ်ပါတယ် ဆိုတဲ့သူတွေကိုမှ မွတ်စလင်ဂုရုကြီးက ပံ့ပိုးကူညီ ဆီသုတ်ပေးနေတာလေ။ ဟိုကောင် ပါကစ္စတန်လည်း ကျန်သေးတယ်။ လာမယ်၊ မြန်မယ်။ မအလရဲ့သွေးစွန်း လက်ဇောင်းဘယ်လောက်ထက်လဲ ဆိုတာ မကြာခင်သိရမယ်။ ပူတင့် ရုရှားဆို တရက်တရက် အသက်ရော ငွေရောဆိုတာ ရေတောင် မရေနိုင်အောင် ဆုံးပါးနေတော့တာ။ ရေနံကို သူခိုးဈေးနဲ့ရောင်းတာတောင် ဝယ်မဲ့သူ ရှားလာပြီ။ အယ်ဘလက်ဇောင်း ကောင်းချက်တော့ အဲဒါ အမြည်းဘဲရှိသေးတာ။ မအလဆိုတာ စိမ်ရည်အိုးလိုဘဲ။ စိမ်ရည်အိုးထဲ ဘာထည့်ထည့်၊ ထည့်လိုက်ရင် ချဉ်သွားတယ်ဆိုသလို သူနဲ့ ထိတွေ့တဲ့လူမှန်သမျှ ဒုက္ခကို လှလှကြီးတွေ့ကြရမြဲဘဲလေ။ လက်ဆွဲနှုတ်ဆက်မိရင် ချီးနံ့မပြယ်၊ ထိုင်းဝန်ကြီးချုပ်မလေးဆို ကလယ်ကလယ်နဲ့ ထွက်တော်မုနန်းကခွာရရော။ ပါတီတောင် ဖွတ်သထက် ညစ်နေပြီ။ ဟော တရုတ်ပြည်ဆို နေ့ချင်းညချင်းတောင် တော်လှန်ရေး ပေါ်သွားနိုင်တာကလား။ ဖြစ်လာရင် ရုရှားထက်တော့ သာရမယ်လေ။ သူက မအလနဲ့ပူးတွဲပြီး ဘီလူးသရဲဇာတ် ခင်းလာတာ။ မြန်မာကို မြန်မြန်မာမာ အရေးမယူလို့ အမေရိကန်တောင် ICE OUT တွေ ဖြစ်နေပြီ။ ဆန္ဒပြပွဲတွေ လာနေပြီ။ Walk For Peace ကိုယ်တော်တွေဘက် အာရုံရောက်နေလို့ နဲနဲသက်သာနေတာ။ ပြည်တွင်းဆို သူတို့အုပ်စုနဲ့ပတ်သက်သူမှန်သမျှ လူမှုရေးပြစ်ဒဏ် ရာသက်ပန်မက သားစဉ်မြေးဆက်သင့်မယ့်ပုံ ပေါက်နေတာ။ တကယ့် ရွံရှာစက်ဆုပ်စရာဖြစ်ကုန်တာ။ အနာဆွေး အနာပုပ်လို ဖြတ်ထုတ်ရမယ်ထိ ဖြစ်လာတာ။ ပြည်ပုပ်ကို ဖောက်ထုတ်သလိုမျိုး ဖောက်ထုတ်ကြတာ။ အော့နှလုံးနာကြတာ။ ခွေးချီးစော်နံမစိုးလို့ အာဆီယံကလဲ မအလရွေးကောက်ပွဲကို လက်မခံ။ ယူအန်ကလဲ ဝေါ့။ အော့အော့တွေလို့ အီးယူကလည်း ပြော။ ဟော ရွေးကောက်ပွဲမရှိတဲ့ တရုတ်ကပဲ ငတ်ကြီးကျတော့ အတုံးလိုက် မျိုချ။ ခုမှ ခွေးမယက်ကို ထွေးရခက် မျိုရခက်ဖြစ် ဒစ်လည်တော့မှာ၊ စောင့်ကြည့်။
ဟော ခု ထိုင်းနဲ့ အမေရိကန် Scam တွေ နှံဖို့ ပြင်နေပြီ။ ဆေးပြားတွေ ကြိတ်ဖို့ လုပ်နေပြီ။ သူ့နိုင်ငံကိုနှာနုဖြတ်ကန်ထားတဲ့ ကျားဖြန့်တသိုက်ကို ခါးမဆန့်အောင် နှိုက်တော့မယ်ဆိုမှ အသည်းအသန် တိုက်ဖျက်ချင်ယောင်ဆောင်ပြ လုပ်နေရပြီ။ တနေ့ကတောင် ရှမ်းပြည်ဘက်မှာ ဝတပ်က ဖမ်းပေးတဲ့ကျားဖြန့်တွေကို သူကပဲ ဖမ်းသယောင်ယောင် ဝ သတင်းဖြုတ်၊ သူ့သတင်းလုပ်ပြီး တရုတ် လွှဲပြတယ်။ အဲဒါ အမြင်ကတ်ပြီး ဝတပ်က ဆေးပြားတွေကို တရုတ်လက်ထဲ တိုက်ရိုက်အပ်လိုက်တော့တာ။ အရေးထဲ ခရက်ဒစ် လုနေကြတာလေ။ တကယ်တော့ ထိုင်းကလည်း သူ့လာငြိနေတဲ့ ဝ အရေး ဆေးပြားနဲ့ တွဲကြိတ်မှာ။ မြန်မာပြည်မှာက ကျားဖြန့်နဲ့ ဆေးဖြန့် အရှင်းပျောက်ဖို့ဆို စစ်တပ်အရှင်းမရှိမှရမှာ အားလုံးသိ။ အဲ စစ်တပ်မရှိရုံနဲ့လဲ မပြီးသေးဘူး။ စစ်တပ်နဲ့ အပေါင်းအပါ လက်နက်ကိုင်တွေပါ မရှိမှရမှာ။ ဒါတွေကုန်ဖို့ဆို အမေရိကန်နဲ ထိုင်းဟာ တော်လှန်ရေးတပ်တွေနဲ့ ပေါင်းကိုပေါင်းမှရမှာလေ။ အဲဒီအခါကျရင် ရှမ်းနှစ်တပ်လည်း တော်လှန်ရေးထဲ ပါဝင်ချိန်ရောက်ရောပေါ့။ သူတို့က ထိုင်းနဲ့တိုင်ပင်ကိုက်လုပ်ရမယ့်သူတွေမဟုတ်လား။ စကားမစပ် ခု အမေရိကန်ရဲ့ ထောက်ပံ့ကြေးကလည်း ချိန်ကိုက်ဝင်လာတော့မယ်။ အကွက်တွေက လှတယ်ပေါ့။ အဲဒီလက်နက်ကိုင်ချီးထုတ်အပေါင်း သူတော်ကောင်းကြီးတွေ ရှင်းဖို့ကလည်း မြန်မာ့ချေးထုပ်တွေကို ရေမွှေးဖျန်းပေးနေတဲ့ တရုတ်၊ ရုရှားကို ပါးပါးမက ထူထူပုတ်ထားရမှာကိုး။ ခု အမေရိကန်နဲ့ အီးယူက ထူပူနေအောင် ပုတ်နေတယ်လေ။
သက်ရှိလောကမှာ လူရယ် တိရစ္ဆာန်ရယ်လို့ ရှိတယ်။ အက်စတိန်းဖိုင်နဲ့ မင်းအောင်လှိုင် သန်းရွှေ နေဝင်းတို့စစ်အုပ်စုပေါ်လာတော့ လူ့တိရစ္ဆာန်ရယ်လို့ ထပ်တိုးလာတယ်။ အဲဒီထဲမှာ အက်စတိန်းဖိုင်အုပ်စုက မင်းအောင်လှိုင်၊ သန်းရွှေ၊ နေဝင်းတို့ စစ်အုပ်စုနဲ့ လူ့တိရစ္ဆာန်အုပ်စုထဲမှာ အတူထည့်တာကို လုံးဝလက်မခံနိုင်ပါတဲ့။ သူတို့က တဦး တယောက်ရဲ့ လိင်စိတ်အမည်းနဲ့ တဦးချင်းအပေါ် ဆိတ်ကွယ်ရာမှာ ယုတ်ကန်းတာမို့ လူနဲ့တိရစ္ဆာန် စပ်နေတာ မှန်ပါသတဲ့။ မင်းအောင်လှိုင် သန်းရွှေ နေဝင်းတို့ စစ်အုပ်စုကတော့ ကိုယ့်တိုင်းသူပြည်သား ကိုယ့်ကျေးဇူးရှင်များအားလုံးကို အရွယ်မရွေး လူမရွေး နေရာမရွေး အချိန်မရွေးသတ်၊ ကလေးကနေ အဘွားအရွယ် ခုနှစ်ဆယ်ကျော်တွေထိ လင်ရှေ့ ၊ အမေ အဖေရှေ့၊ မောင်နှမရှေ့ အုပ်စုလိုက် မုဒိမ်းကျင့်၊ ဆင်းရဲမှန်သမျှထဲ စုန်းစုန်းမြုပ်၊ တိုင်းပြည်ကြီးတခုလုံး စုတ်ပြတ်သွားအောင် လုပ်ကြတာမို့ တိရစ္ဆာန်သက်သက်ပါတဲ့။ လူ့အရည် လူ့အသွေး လူ့အသွင် လူ့ရုပ် တစက်မှ မပေါက်ပါတဲ့။ တိရစ္ဆာန်သက်သက်ဖြစ်လို့ တိရစ္ဆာန်အုပ်ထဲ ပို့ပါတဲ့။
အဲဒီကျမှ ပြဿနာအကြီးအကျယ် တက်တော့တာ။ ကမ္ဘာ့တိရစ္ဆာန်လောကကြီးတခုလုံး အုံးအုံးကျွက်ညံ ဆူပွက်သံတွေ ထိန်းမနိုင်သိမ်းမရ အဆက်မပြတ် တရစပ် ထွက်လာတော့တာ။ ဘယ်လူသားမှ ကောင်းကောင်းမနေရတော့တဲ့အထိ ဖြစ်သွားတော့တာ။
သူတို့ ပြောတာက ဒီဒွန္နယာမှာ ဘယ်တိရစ္ဆာန်မှ ဒီစစ်အုပ်စုလောက် ဆိုးတာ၊ ယုတ်တာ၊ ကန်းတာ၊ညစ်တာ၊ လှည့်တာ၊ ပတ်တာ၊ ရွံစရာကောင်းတာ၊ စက်ဆုပ်စရာကောင်းတာ မရှိဘူးဘူး။ အခုလည်း မရှိ။ နောင်လည်း ရှိမယ်မဟုတ်။ အဲဒါကြောင့် ဒီမဟုတ်မဟာ အပုတ်မသာ အယုတ်စုကို တိရစ္ဆာန်အုပ်စုထဲ အထည့်မခံနိုင်ပါတဲ့။ ပြီးတော့ ဒီအယုတ်ကန်းဆုံးအုပ်စုကို ခွေးနဲ့တတန်းစားထဲထားခဲ့တဲ့အတွက် ခွေးအပေါင်းရဲ့ ဂုဏ်သိက္ခာကို မျိုးတုံးအောင် ဂျီနိုဆိုက်ဒ် လုပ်ခံရတဲ့အတွက် ခွေးအပေါင်းနဲ့ တိရစ္ဆာန်အုပ်စုအပေါင်းကို ဝန်ချတောင်းပန်ရမယ်။ တကယ်လို့ မတောင်းပန်ရင် ခွေးတွေတင်မက တိရစ္ဆာန်တော်တော်များများဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် ဖျက်သိမ်းပြီး ဆိုရှယ်ပန်းနစ်မင့်လုပ်တော့မယ်လို့ တခဲနက် ကြွေးကြော်နေကြပါတယ်။
တကယ့် ပြဿနာက ဘယ်အုပ်စုကမှ လက်မခံတော့တာ။ တိရစ္ဆာန်နဲ့ အက်စတိန်းတို့ လူ့တိရစ္ဆာန်အုပ်စုတင်မက ငရဲအုပ်စုကလည်း လက်မခံ၊ ဟစ်တလာအုပ်စုကလည်း တာတေလံ၊ ဒေဝဒတ်အုပ်စုကလည်း ဒိုးဆလံ တင်းဆလံ။ နောက်ဆုံးတော့ လောကမှာ အသက်ရှင်ဖူးသမျှ သက်ရှိတွေယုတ်ကန်းဖူးသမျှတွေထက် အလွန်တရာ၊ အလွန်တထောင်၊ အလွန်တသောင်း၊ အလွန်တသန်း၊ အလွန်ဘီလျံ၊ အလွန်ထရီလီယံ ယုတ်ကန်းတဲ့ အုပ်စုကို ဥပမာပြု နှိုင်းယှဉ်စရာအုပ်စုရော၊ တဦးချင်းရောမရှိတော့တဲ့အတွက် "စစ်အုပ်စု" လို့သာ သက်ရှိအားလုံးက တညီတညွတ်တည်း သတ်မှတ်လိုက်ကြပါတယ်ခင်ဗျား။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar