လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ကွန်ဂရက် ပိတ်ပွဲ
လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ကွန်ဂရက် ပိတ်ပွဲ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂
အောက်တိုဘာ ၁၆ ရက်က စတင်ကျင်းပခဲ့တဲ့ ပါတီကွန်ဂရက်ကို ၂၂ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ကျင်းပပြီးစီးသွားကြောင်း ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ အဲဒီနေ့က ရွေးကောက်တင်မြှောက်လိုက်တဲ့ ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်ရဲ့ ၂၀၅ ဦးပါ ဗဟိုကော်မတီ၊ ၁၇၁ ဦးပါ အရန်ဗဟိုကော်မတီနဲ့ ၁၃၃ ဦးပါ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင်ဝင်များရဲ့ အမည်စာရင်းကို ကြေညာလိုက်ပါတယ်။ အခမ်းအနားကို နိုင်ငံတကာ့-သီချင်းနဲ့ ရုပ်သိမ်းလိုက်ပါတယ်။
ပြီးနောက် ခန်းမကြီးရဲ့တနေရာမှာ ဖွင့်ထားတဲ့ ကိုယ်စားလှယ်များရဲ့စင်္ကြံမှာ ကိုယ်စားလှယ်များ တသုတ်ပြီးတသုတ် ထွက်လာကြ၊ သတင်းသမားများနဲ့ မိတ်ဆက်ကြ၊ သတင်းသမားများရဲ့ မေးခွန်းများကို ဖြေကြနဲ့ အတော်စည်စည်ကားကား လှုပ်လှုပ်ရှားရှားတွေ ဖြစ်လိုက်ပါတယ်။ကိုယ်စားလှယ်တွေထဲမှာက နာမည်ကြီး သိပွံပညာရှင်တွေ၊ ပါမောက္ခတွေ၊ အာကာသသူရဲကောင်းတွေကစလို့ ပညာရေးဝန်ထမ်းတွေ၊ ဆေးဝန်ထမ်းတွေ အလယ်၊ အောက်ခြေဘတ်စ်ကားမောင်းသမားတွေ၊ ပစ္စည်းပို့သမားများ အဆုံး၊ အဖွဲ့အစည်းအတွင်းရှိ အဆင့်အသီးသီးက လူတွေပါပါတယ်။
ဥပမာအားဖြင့်--ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းလုပ်ရာမှာ အလွန်ခေါင်တဲ့ သဲကန္တာရအရပ်ကအရပ်သားတွေကို ပညာပေးပြီး ရှားပါးမျိုး (ဈေးကောင်းလည်း ရတဲ့)မှို စိုက်ပျိုးစေခဲ့ပြီး ချမ်းသာလာစေခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် စိုက်ပျိုးရေးပါမောက္ခ၊
— ခရီးဝေးသွား ဘတ်စ်ကားမောင်းတာဝန်ကို အနှစ် ၂၀ ကျော် ထမ်းလာတဲ့ ကားမောင်းသမားအမျိုးသမီး။ (သူက သူ့ကားပေါ်မှာ ခရီးသွားများ မတော်တဆ တခုခုဖြစ်ရင် ကူညီနိုင်အောင်ဆေးဝါးတချို့၊ ပလာစတာ၊ ပတ်တီး စတာတွေ အမြဲထားထားသတဲ့)သူက သူ့ဘ၀မှာ ကားပေါ်မှာနေရတဲ့အချိန်က ပိုများသတဲ့။
— ၂၀၀၈ ခုနှစ်က တက္ကသိုလ်ဝင်ခွင့်ရတဲ့ ကျောင်းသားတယောက် မိခင်ကြီးကိုပါ ကျောင်းခေါ်လာပြီး ကျောင်းတက်ရတဲ့ သတင်း အတော်ခေတ်စားဖူးပါတယ်။ သူ့ကို ဝင်ခွင့်ပြုခဲ့တဲ့ တက္ကသိုလ်က အဲဒီမိခင်ကြီးအတွက်ပါ လိုအပ်တာတွေ စီစဉ်ပေးခဲ့တာပါ။
သူက ဆင်းရဲ့တဲ့ ပြည်နယ်တခုဖြစ်တဲ့ ကွေ့ကြိုးကပါ။ အသက် ၄ နှစ်မှာ ဖခင်ဆုံးသွားပြီး ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကို တဖက်က ပြုစုပြီး ကျောင်းတက်ရတာပါ။ အခုတော့ သူကအရင် သူ နေခဲ့တဲ့ခရိုင်က ကျောင်းတကျောင်းမှာ ဒုကျောင်းအုပ်ဖြစ်လာနေပြီး အဲဒီနယ်ရဲ့ပညာရေးဆိုင်ရာ တိုးတက်မှုတွေကို ပြောပြသွားပါတယ်။ (အရင် သူ တက္ကသိုလ်တက်ရတုန်းက တက္ကသိုလ်ဝင်ခွင့် သူတို့နယ်က ၇၂ ဦးပဲရ်ှပေမဲ့ အခု ၁၃၀၀ ကျော်ပြီဆိုတဲ့အကြောင်း၊ ပညာရေးဆိုင်ရာအခြေခံအဆောက်အအုံတွေကို ဘယ်လို ဆောက်ထားကြောင်း ပြောသွားပါတယ်။
ဒါတွေကတော့ ဥပမာတချို့ပါ။
နောက်နေ့ ၂၃ ရက်နေ့မှာတော့... ဗဟိုကော်မတီအသစ်ရဲ့ ပထမဆုံးသော မျက်နှာစုံညီအစည်းအဝေး ကျင်းပပြီး၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ရွေးချယ်၊ နောက်တဆင့်နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်တွေကို ရွေးချယ်ပြီး နေ့လယ် ၁၂ နာရီမှာ သတင်းစာဆရာများနဲ့ တွေ့ဆုံနှုတ်ဆက်ပါတယ်။
ရှီကျင့်ပင် ဦးဆောင်ပြီးကျန် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၆ ဦးဟာ ပြည်တွင်း ပြည်ပ သတင်းသမား ၆၀၀ ကျော် စောင့်ဆိုင်းနေတဲ့ ခန်းမကြီးထဲကို ဝင်လာပြီး ရှီက ကျင်းပပြီးစီးသွားတဲ့ ကွန်ဂရက်ကသူ့ကိုပဲ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်လိုက်ကြောင်း ပြောပြီး ကျန်သူများနဲ့မိတ်ဆက်ပေးပါတယ်။ ရှီနဲ့ နှစ်ဦးဟာ ၁၉ ကြိမ်မြောက် ကွန်ဂရက်က နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် အမြဲတမ်း ကော်မတီဝင်ဟောင်းများ ဖြစ်ကြပြီး ကျန် ၄ ဦးကတော့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်ဟောင်းများပါ။ ဒါကြောင့် မျက်နှာစိမ်း မပါပါဘူးလို့လည်း ရှီက ပြောသွားပါသေးတယ်။(၂၀၂၃ မတ်လမှာ ကျင်းပမယ့် အမျိုးသားလွှတ်တော်ကာလမှာ ဒီလူတွေထဲက သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ စတာတွေ ဖြစ်လာမှာပါ။)
ဒီနောက်မှာ ရှီက ကွန်ဂရက်နိဂုံးချုပ် မိန့်ခွန်းလေး ပြောသွားပါတယ်။ အဲဒီထဲက အချက်အချို့ကတော့-
— အခု အောင်မြင်စွာ ကျင်းပပြီးစီးသွားတဲ့ ကွန်ဂရက်ဟာ ကျွန်တော်တို့ရဲ့ အင်အား အားလုံးကိုစုစည်းပြီးညီညွတ်စွာနဲ့ ရှေ့ခရီးချီတက်ဖို့ အလံမြင့်မြင့်မားမား လွှင့်ထူနိုင်တဲ့ ကွန်ဂရက်ဖြစ်ကြောင်း။
— အခု ဒီကွန်ဂရက်ကို တကမ္ဘာလုံးက အလွန်စိတ်ဝင်စားကြကြောင်း၊ နိုင်ငံရေးပါတီတွေ၊ အစိုးရတွေ အများအပြားဆီက ချီးကျူးဂုဏ်ပြုတဲ့ စာတွေရရှိကြောင်း။ ဒါတွေအတွက်လည်းကျေးဇူးတင်ရှိကြောင်း။
— အခု ရွေးချယ်ခံရတဲ့ ခေါင်းဆောင်အစုကိုယ်စား ပါတီတရပ်လုံးကို ကျေးဇူးတင်ကြောင်း။ ပါတီက ယုံကြည်စွာ လွှဲအပ်ပေးလိုက်တဲ့ တာဝန်များကို ကျေပွန်အောင် အစွမ်းကုန်ကြိုးစားပါ့မယ်လို့ကတိပြုကြောင်း။
— ပါတီတရပ်လုံးနဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ တရုတ်လူမျိုးအားလုံးရဲ့ မဆုတ်မနစ်သေ ာလုံ့လနဲ့တရုတ်ပြည်ရဲ့ ပထမရာပြည့်ရည်မှန်းချက်ဖြစ်တဲ့ အတော်အသင့် ချမ်းသာကြွယ်ဝတဲ့ လူအဖွဲ့အစည်း တည်ဆောက်ရေးကို အချိန်မီလုပ်ဆောင်နိုင်ခဲ့ကြောင်း။--
— ဒုတိယ ရာပြည့်ရည်မှန်းချက်ဖြစ်တဲ့ ဘက်စုံက ခေတ်မီတဲ့ ဆိုရှယ်လစ်နိုင်ငံတော်ကြီးဖြစ်ရေးရှေ့ခရီးစဉ်ကို ဆက်လက်ကြိုးစား လျှောက်လှမ်းရမှာဖြစ်ကြောင်း။
— ရှေ့ခရီးဖြစ်တဲ့ တရုတ်ပြည်ရဲ့ ခေတ်မီတိုးတက်ရေးလမ်းကြောင်းဟာ တရုတ်လူမျိုးအားလုံးရဲ့အိပ်မက်ဖြစ်ပြီး ဒီအတွက် မျိုးဆက်အဆက်ဆက်က သွေးတွေ၊ ချွေးတွေ အများကြီးပေးဆပ်ခဲ့ပြီဖြစ်ကြောင်း၊ ဒါတွေကို ပါတီအနေနဲ့ ဘယ်တော့မှ မမေ့ဖို့လိုအပ်ကြောင်း၊ ရှေ့မှာ ဘယ်လောက်ခက်ခဲခက်ခဲ ပြည်သူတွေကို အားကိုးမှီခိုပြီး ဆက်ကြိုးစားရမှာဖြစ်ကြောင်း။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ မာက်စ်ဝါဒကို တရုတ်ပြည်ရဲ့ အခိုင်အမာအခြေအနေနဲ့အညီ အချိန်အခါလိုအပ်ချက်နဲ့လည်း ကိုက်ညီစွာ ကျင့်သုံရမှာဖြစ်ကြောင်း။
— နိုင်ငံရေးပါတီတရပ်အနေနဲ့ ဘယ်လောက်ပဲ အရှိန်အဝါကြီးကြီး မိမိကိုယ်မိမိ ပြုပြင်ပြောင်းလဲနိုင်မှသာ ဆက်လက်တည်ရှိနိုင်မှာဖြစ်ကြောင်း။ ဒါ့ကြောင့် မိမိတို့ပါတီဝင်တွေဟာ မပြီးနိုင်မဆုံးနိုင်သောစာမေးပွဲတွေကို အဆက်မပြတ် ဖြေဆိုနေရတဲ့ ကျောင်းသားများလို အမြဲမပြတ် ကြိုးစားနေရမှာဖြစ်ကြောင်း
စတဲ့ ပြည်တွင်းအကြောင်းအရာများအပြင် နိုင်ငံတကာကိုလည်း ဒီလိုသတင်းစကားတွေ ပါးပါသေးတယ်။
— ကမ္ဘာကြီးဟာ မကြုံစဖူး စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့အနေနဲ့ တခြားလူများနဲ့အတူ ပူးတွဲပြီး လူသားများရဲ့ ဘုံတန်ဖိုးများ(common values of humanity)ဖြစ်တဲ့-ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ရေးအတွက်ရပ်တည်ပြီး ကာကွယ်လုပ်ဆောင်သွားပါ့မယ်။ ဒီလိုနည်းနဲ့ အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတရပ် တည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း။
— တရုတ်ပြည်အနေနဲ့ ကမ္ဘာကြီးနဲ့ ကင်းကွာပြီး မတိုးတက်နိုင်သလို ကမ္ဘာကြီးအနေနဲ့ကလည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်ကို လိုအပ်ကြောင်း။ တရုတ်ပြည်အနေနဲ့ကလည်း မိမိတို့ရဲ့ချမ်းသာကြွယ်ဝမှုကို မျှဝေလိုတဲ့အတွက် ဒီထက် ပိုတံခါးကျယ်ကျယ် ဖွင့်မှာဖြစ်ကြောင်း။ မိမိတို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံအုပ်ချုပ်မှုဆိုင်ရာ ပညာများကိုလည်းကမ္ဘာကြီးကို မျှဝေပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတိုင်းအနေနဲ့ မိမိတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကိုယ့်ဟာကိုယ် ရှာဖွေခွင့်ရှိကြောင်း
စတာတွေ ပြောသွားပါတယ်။
နိဂုံးမှာတော့- ကွန်ဂရက်တလျှောက် သတင်းတွေကို ရယူပြီး ကမ္ဘာတလွှားဖြန့်ပေးတဲ့ သတင်းသမားတွေကို ကျေးဇူးတင်ကြောင်းနဲ့---
'ခင်ဗျားတို့တတွေ တရုတ်ပြည်ရဲ့ တခြားနေရာတွေကိုသွားပြီး တရုတ်ပုံပြင်တွေကို ကမ္ဘာကသိအောင် အရှိကိုအရှိအတိုင်း ဘက်လိုက်မှုမရှိပဲ ပြောပြပေးပါ"လို့ ရယ်ရယ်မောမော ပြောပြီး အဆုံးသတ်သွားပါတယ်။
ဒါတွေကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက်အဆုံးသတ်ပွဲနေ့များကအဖြစ်အပျက်အချို့ပါ။
လှကျော်ဇော
၂၄-၁၀-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar