ဖားကန့် လေကြောင်းတိုက်ခိုက်မှု ၊ အရှိန်မြင့်လာဦးမယ့် လက်နက်ကိုင်ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၄ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂
ဖားကန့် လေကြောင်းတိုက်ခိုက်မှု ၊ အရှိန်မြင့်လာဦးမယ့် လက်နက်ကိုင်ပဋိပက္ခ
အောက်တိုဘာ ၂၃ ရက်နေ့ည ၈ နာရီခွဲဝန်းကျင် ဖားကန့်ဒေသက ကံဆီးကျေးရွာအနီးက KIA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရဲ့ တပ်မဟာ (၉) နယ်မြေထဲက လေ့ကျင့်ရေးကွင်းထဲမှာ KIA ထူထောင်ခြင်း ၆၂ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနား ဖျော်ဖြေပွဲကျင်းပနေစဥ်မှာ စစ်ကောင်စီတပ်တွေက လေကြောင်းက ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ KIA စစ်အရာရှိတွေအပါအဝင် KIA အဖွဲ့အစည်းက ဖိတ်ကြားထားတဲ့ ကချင်လုပ်ငန်းရှင်အချို့၊ ကချင်အနုပညာရှင်တချို့နဲ့ အရပ်သားတွေ စုစုပေါင်း ၅၀ ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူအရေအတွက် ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြတဲ့ အဖြစ်အပျက်က ကြားသိရသူအားလုံးကို အံ့အားသင့်စေတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုဟာ KIA တပ်မဟာ (၉) ကို ပစ်မှတ်ထားတိုက်ခိုက်တာ မှန်ပေမယ့် အရပ်သားတွေ အများအပြားပါတဲ့ ဂီတဖျော်ဖြေပွဲကို တိုက်ခိုက်တာ၊ သေဆုံးထိခိုက်မှုကြီးမားစေနိုင်တဲ့ လက်နက်တွေဗုံးတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာဟာ အကြမ်းဖက်မှုလို့ သတ်မှတ်နိုင်တဲ့ လုပ်ရပ်မျိုးကို စစ်ကောင်စီ တပ်ကကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူထားစဥ် ၂၀၁၄ ခုနှစ်နိုဝင်ဘာလက KIA ဌာနချုပ် လိုင်ဇာက ဗိုလ်လောင်းသင်တန်းကျောင်းကို ခရာဘွန်အခြေစိုက် စစ်တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ဖူးပြီး အဲဒီပစ်ခတ်မှုမှာ ရခိုင် တပ်တော်၊ တီအန်အယ်လ်အေ တို့က ဗိုလ်လောင်းတွေ ပါဝင်တဲ့ ၂၃ ဦးအသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။
အဲဒီပစ်ခတ်မှုနောက်ပိုင်း အခုဖြစ်ရပ်က အဆိုးရွားဆုံးဖြစ်ရပ် တခုလည်း ဖြစ်ပါတယ်။ စစ်မြေပြင်မှာမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတခုက အရပ်သားတွေပါဝင်တဲ့ ဂီတဖျော်ဖြေပွဲလို နေရာမျိုး၊ တဖက်မှာ KIA ရဲ့ ထူထောင်မှုနှစ်ပတ်လည် အခမ်းအနားကျင်းပကြတာကို လေယာဥ်နဲ့ တိုက်ခိုက်မှုဟာ အမုန်းတရားတွေ နာကျည်းမှုတွေကို ပိုမိုမြင့်တက်စေမှာ ဖြစ်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေ လက်စားခြေလုပ်ကြံမှုတွေ လက်တုံ့ပြန်မှုတွေ ဖြစ်ပွားလာစေမှာလည်း ဖြစ်ပါတယ်။
KIA အနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အထက်ပိုင်းက ပီဒီအက်ဖ် လှုပ်ရှားမှုတွေမှာ လေ့ကျင့်သင်တန်းပေးတဲ့ အခန်းကဏ္ဍ၊ လက်နက်ထောက်ပံ့ပေးတဲ့အခန်းကဏ္ဍနဲ့ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ် အဆက်အစပ်ဒေသတွေက PDF တွေကို စစ်ရေးအရ ဦးဆောင်ပြီး လက်တွဲ တိုက်ခိုက်ပေးနေတာတွေက စစ်ကောင်စီကို အခုလို ရတဲ့နည်းနဲ့ လက်တုံ့ပြန်ဖို့ စေ့ဆော်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သို့ပေမယ့် ပြည်တွင်းမှာ နေထိုင်သူအချင်းချင်းအကြား ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်လိုမျိုးမှာ လေကြောင်းအင်အားသုံးပြီး တဖက်သတ် တိုက်ခိုက်တာ၊ သယံဇာတကို ကြိုက်သလို ထုတ်ယူသုံးစွဲခွင့်ရထားတဲ့ စစ်ကောင်စီ အနေနဲ့ လက်နက် ငွေကြေးအသာစီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တပ်ဖွဲ့တွေကို လေကြောင်းအားပြုပြီး အသာစီးရအောင် တိုက်ခိုက်နေတာတွေက အတော်လေး ရုပ်ဆိုးလွန်းနေတာဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခတင်မကတော့ပဲ လုပ်ကြံသတ်ဖြတ်မှုတွေ ပိုမိုကျယ်ပြန့်လာစေဖို့ လမ်းစပျိုးလိုက်သလို ဖြစ်စေပါတယ်။
အခုအဖြစ်အပျက်မှာ ပစ်မိန့်ကို ဘယ်သူက အမိန့်ပေးတာလဲဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ဆိုရှယ်မီဒီယာမှာ ငြင်းခုံဆွေးနွေး မှုတွေ ရှိကောင်းရှိနေမှာဖြစ်ပါတယ်။ လက်တွေ့မှာတော့အခုလို ပစ်ခတ်မှုဟာ အာဏာကို တဦးထည်း ချုပ်ကိုင်ထားတဲ့ မင်းအောင်လှိုင်ရဲ့ အမိန့်၊ ဆုံးဖြတ်ချက် လို့ယူဆရပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း ထိုစဥ်က KIAကို တဖက်သတ်ထိုးစစ်ရပ်ဖို့ သမ္မတဦးသိန်းစိန် က အမိန့်ပေးခဲ့ပေမယ့် လက်တွေ့မြေပြင်မှာ အဲဒီ သမ္မတရဲ့ အမိန့်က အသက်မဝင်ဘဲ မင်းအောင်လှိုင် ရဲ့ ဆုံးဖြတ်ကွပ်ကဲမှုနဲ့ တိုက်ပွဲတွေ ထိုးစစ်တွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့ သာဓက လည်းရှိခဲ့တာ ဖြစ်ပါတယ်။
အခုဖြစ်ရပ်က ကချင်ပြည်နယ်က ကချင်လူထုအနေနဲ့ KIAအပေါ် ပိုမိုထောက်ခံမှု မြင့်တက်စေနိုင်ပြီး ကချင်ပြည်နယ် အပါအဝင် ၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်ဒေသတွေမှာပါ KIAအနေနဲ့ စစ်ရေးအရ လက်တုံ့ပြန်မှုတွေ ပိုမို အရှိန်မြင့်လာစေနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar