Breaking News

ရခိုင်ပြည်နယ်က ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေ၊ ဝက်လက်မြို့နယ်မှာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေနဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၃ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၂


ရခိုင်ပြည်နယ်က ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေ၊ ဝက်လက်မြို့နယ်မှာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေနဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ 

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင် ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း ရေလမ်းတွေမှာ စစ်ကောင်စီတပ်တွေက သွားလာတဲ့ စက်လှေတွေ၊ ကားတွေကို တားမြစ်ထားတာ ပိတ်ဆို့တာတွေ လုပ်နေပြီး ခုရက်ပိုင်းနောက်ဆုံး ရသေ့တောင်နဲ့ စစ်တွေသွားတဲ့ ရေလမ်းကိုပါ တားမြစ်လိုက်တယ်လို့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

 ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက မောင်တောမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့နေတဲ့ သတင်းတွေ ဖတ်ရှုခဲ့ရပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ရသေ့တောင် မြို့နယ်နဲ့ ရိက္ခာဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ ရေလမ်းခရီးကိုပါ မသွားရောက်ကြဖို့ စစ်ကောင်စီတပ်က ပိတ်လိုက်တယ်လို့ ရခိုင်ဒေသက သတင်းမီဒီယာတခုမှာ ဖေါ်ပြထားပါတယ်။ 

ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာကတည်းက ပြည်မနဲ့ ဆက်သွယ်ထားတဲ့ အမ်း-စစ်တွေ လမ်းကိုလည်း ကုန်စည်တွေ စစ်ဆေးတာ၊ တားမြစ်တာတွေ လုပ်ဆောင်နေပြီး၊ ရခိုင်ပြည်နယ်တွင်း အမြန်ရေယာဥ်လမ်းတွေလည်း မကြာခဏပိတ်ခိုင်းတာတွေ လုပ်နေတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက ဖွံ့ဖြိုးမှုနောက်ကျတဲ့ ရခိုင်ပြည်နယ်အနေနဲ့ အခုလို ကုန်စည်ကူးသန်းမှုတွေကို တားမြစ်တာ၊ ပိတ်ဆို့တာတွေလုပ်ဆောင်မှုကြောင့် ကုန်ပစ္စည်းတွေ ပိုမိုဈေးမြင့်တက်ပြီး ဒေသခံတွေအဖို့ ပိုမိုခက်ခဲကျပ်တည်းစေမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ရိက္ခာ၊ ဆေးဝါး သယ်ယူမှုတွေ တားမြစ်ခြင်းအားဖြင့် ဒေသခံလူထုကို အကျပ်ကိုင် ခြိမ်းခြောက်တဲ့ နည်းလမ်းသုံးပြီး စစ်ပွဲမှာ အသာစီးရအောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ရိက္ခာ ဆေးဝါးဖြတ်တောက်ပြီး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခက်အခဲတွေ့အောင် ရည်ရွယ်သလို ဒီဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံတွေအနေနဲ့လည်း သက်ရောက်မှုကို ခံစားကြရမှာကို စစ်ကောင်စီက သိရှိပြီးဖြစ်ပေမယ့် အရပ်သားတွေကိုပါ လက်နက်ကိုင် တိုက်ပွဲရဲ့ အကျိုးဆက်ကြောင့်ဆိုတဲ့ ဓားစာခံ လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။ ဒီနည်းနာတွေကို ကယားပြည်နယ်မှာ၊ စစ်ကိုင်းတိုင်းမှာ၊ ချင်းပြည်နယ်တို့မှာလည်း ကျင့်သုံးနေပြီး ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းအကြောင်းအရာ တခုကတော့ စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ဒေသခံသောင်းဂဏန်းနဲ့ချီ တိမ်းရှောင်နေကြရပြီး အသက်ဆုံးရှုံးရသူတွေလည်း ၁၀ ဦးအထက်ရှိတဲ့ သတင်းဖြစ်ပါတယ်။ ဝက်လက်မြို့ရဲ့ အရှေ့ဘက်ခြမ်း ဟန်လင်းမြို့ဟောင်း ဒေသတဝိုက်က ကျေးရွာတွေကို တရွာဝင် တရွာထွက် စစ်ကြောင်းထိုးပြီး ရှင်းလင်းရေး လုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာသား ၁၃ ဦးထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖတ်ရှုရပါတယ်။ နေအိမ်တွေလည်း မီးရှို့ခံကြရပြီး ကျေးရွာသူ ကျေးရွာသား ၁၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ထားကြပြီး စစ်ကောင်စီ တပ်တွေကို ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်တာ ၊ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပွားလေ့ရှိပြီး စစ်တပ်က အဲဒီလို တိုက်ခိုက်ခံရတဲ့ အနီးအနားတဝိုက်က ကျေးရွာတွေကို မီးရှို့ခြင်း အရပ်သားတွေ ဖမ်းဆီး နှိပ်စက်စစ်မေးကာ သတ်ဖြတ်ခြင်းတွေ လုပ်ဆောင်နေတာ ပုံမှန်ဖြစ်နေကျလို ဖြစ်လာနေပြီး ဒေသခံတွေ အနေနဲ့ စစ်ကြောင်းထိုးလာပြီဆိုခဲ့ရင် အသက်လုထွက်ပြေးကြရပြီး နေအိမ် ရိက္ခာ နေအိမ်က အသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးပျက်စီးကြရ၊ နေအိမ်တွေ မီးလောင် ဆုံးရှုံးကြရတာ စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ ဖြစ်ရိုးဖြစ်စဥ်လို ဖြစ်နေပြီး တချို့ရွာတွေအနေနဲ့ တကြိမ်မက မီးရှို့ခံကြရတဲ့ အဖြစ်အပျက်တွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ မီဒီယာမှာ ဖော်ပြနေကြပေမယ့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာလည်း ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အချို့သော သတင်းတွေမှာ တွေ့ရပါတယ်။ 

ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ သတင်းတွေက မီဒီယာတွေမှာ သိပ်ပြီးမဖော်ပြနိုင်ကြတာလည်း သတိပြုမိပါတယ်။ သတင်းမီဒီယာမှာ ဖော်ပြပြီး စစ်တိုက်တာထက် လက်တွေ့ တိုက်ပွဲက ရလဒ်က အဓိကပိုအရေးကြီးတယ်လို့ ကေအိုင်အို/ ကေအိုင်အေဘက်က ယူဆကောင်း ယူဆထားတာလည်း ဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar