Breaking News

ခင်လေး (Aotearoa) - ကိုးဗစ် ခရီးသွား (ခရီးသွားဆောင်းပါး)

ကိုးဗစ် ခရီးသွား
ခင်လေး (Aotearoa)
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၂

ကိုးဗစ်ကြီး ကမ္ဘာ့လူသားတွေဆီ စရောက်လာကထဲက လိုအပ်တဲ့ အရေးကြီးကိစ္စတွေအတွက်ကလွဲလို့ ဟိုသွားဒီသွားမလုပ်ဖြစ်တာ အတော်ကြာပါပြီ။ နယူးဇီလန်မှာ လူတိုင်းနီးပါး ကာ ကွယ်ဆေး ထိုးပြီးကြတဲ့ အပြင် ကိုးဗစ်ကူးစက်မှုတွေလဲ နဲလာတာမို့ ကိုးဗစ်ကပ်ရောဂါနဲ့ ပတ်သက်တဲ့စည်းမျဥ်းစည်းကမ်းတွေကို စက်တင်ဘာ လ ၁၃ ရက်နေ့က စပြီး ပယ်ဖျက်လိုက်ဖို့ ကြေညာလိုက်ပါတယ်။ ကိုယ့်ကျောင်းကတော့ ထိခိုက် လွယ်တဲ့ ကလေးတွေ အတွက်ဆိုတော့ တတိယကျောင်းဖွင့်ရက်တွေ ကုန်တဲ့အထိ mask ဆက်သုံးကြဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။

(ဒီမှာက တစ်နှစ်ကို ကျောင်းဖွင့်ရက် လေးပိုင်း ပိုင်းထားပါတယ်။ ဇန်နဝါရီ နောက်ဆုံးပတ်ကနေ ဧပြီ အီစတာအထိ တပိုင်း၊ မေလဆန်းကနေ ဂျူလိုင် ဆောင်းဝင်တဲ့အထိတပိုင်း၊ ဂျူလိုင်လကုန်ကနေ အောက်တိုဘာလဆန်းအထိ တပိုင်း၊ အောက်တိုဘာ လလယ်ကနေ ဒီဇင်ဘာလလယ်အထိ တပိုင်းပေါ့။နယူးဇီလန်ရဲ့ နေ့တာနဲ့ ညတာ အတိုအရှည်ဟာ ဆောင်းတွင်းနဲ့ နွေမှာ မတူလေတော့ ဆောင်းကနေ နွေကူးရင် နာရီတွေကို တစ်နာရီ ရှေ့ကို ရွှေ့ကြရပြီး နွေကနေ ဆောင်းကို ကူးရင် တစ်နာရီ နောက်ပြန်ဆုတ်ကြရပါတယ်။ 

ကျောင်းပိတ်ရက်နားနီးတဲ့ အချိန်တွေ တခါတလေ ကျောင်းပိတ်ရက်တွေမှာ အဲဒီလို အပြောင်း အလဲလုပ်တော့ ကလေးတွေ အဆင်ပြေပါတယ်။ ကိုယ်တို့ရောက်ခါစက အဆန်းဖြစ်နေတော့ နာရီပြောင်းခါနီးကျရင် ရှေ့ရွှေ့ရ မှာလား နောက် ရွှေ့ရမှာလား၊ ကိုယ်က တခါရွှေ့ ဖုန်းတွေ ကွန်ပျူတာတွေက သူတို့ ဘာသာ အော်တိုမစ်တစ် တစ်ခါရွှေ့နဲ့ အတော်လေး ကသိကအောက် ဖြစ်လိုက်ပါသေးတယ်။ ခုတော့ အတော်လေး အသားကျသွားပါပြီ။ ဤကားစကားချပ်၊ အဟဲ ဆရာကြီး ဆရာကြီး ဒဂုံရွှေမျှား လေသံလေးပေါ့။)

ဘယ်လိုပဲ အကြံပြုပေမယ့် မိဘတွေရော ဆရာမတွေရော အားလုံးနီးပါးဟာ အဲဒီအကြံကို နားထောင်လိုက်နာ ဖို့ အစီအစဥ် မရှိကြပါဘူး။ တပတ်အတွင်းမှာပဲ အကုန်လုံး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပါတယ်။ ကိုယ့်အိမ်က စံပြလုပ်သားကြီး ကတော့ ထုံးစံအတိုင်း နျူးဝေဆိုတဲ့ ကျွန်းနိုင်ငံလေးကို မီးပေးတဲ့ မီးစက်ကြီးတွေ ပြင်ဖို့ သွားရပါတယ်။ နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ရဲ့ အရှေ့မြောက်ဖက်ကီလိုမီတာ ၂၄၈၀၊ မိုင် ၁၅၄၀ အကွာ မှာရှိတဲ့ အဲဒီပစိဖိတ်ကျွန်းနိုင်ငံလေးကို သူသွားသွားနေရတာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။ ကိုယ်တခါမှလိုက်မသွားဖူးပါဘူး။ ဒီတခါ ကျောင်းပိတ်ရက်နဲ့တိုက်ဆိုင်နေတော့ ကိုယ်လိုက်သွားဖို့ ကြံပါတယ်။ ကလေးတွေကတော့ စိတ်မဝင်စားကြပါဘူး။ 

ဒါနဲ့ပဲ ကျောင်းပိတ်ရက်ရဲ့ ပထမ ရက်သတ္တပတ်မှာ ကျောင်းကိစ္စ၊ ကလေးတွေ ကိစ္စပြီးအောင်လုပ်ရပါ တယ်။ နယူးဇီလန်က ကျောင်းဆရာမတွေ အကုန်လုံးဟာ ရှေးဦးသူနာပြုလက်မှတ် ရှိထားရပါတယ်။ သူက နှစ်နှစ်တခါသက်တမ်းကုန်ပါတယ်။  သက်တမ်းတိုးဖို့ နေ့တစ်ဝက် သင် တန်းတက်ရပါတယ်။ ကိုယ့်လက်မှတ်က သက်တမ်းကုန်တော့မှာဆိုတော့ သင်တန်းပြန်တက်ရတာက တစ်ရက်၊ ပေါင်းပင်တွေ တောဖြစ်နေတဲ့ ကျောင်းက ခြံကို ဥယျာဥ်မှူးတယောက်နဲ့ ကူရှင်းတာက တစ်ရက်၊ သမီးလေး အံဆုံးလေး ချောင်းနှုတ်ပြီး သားဆုယူတာ လိုက်ပို့ရတာက တစ်ရက် ကျောင်းပိတ်ရက်ရဲ့ ပထမပတ်ဟာ အတော်လေးက အလုပ်ရှုပ်ပါတယ်။

သမီးလေးရဲ့ အံဆုံးသုံးချောင်းဟာ ကောင်းကောင်း ထွက်လာကြပေမယ့် နောက်ဆုံး အချောင်းက စောင်းပြီး ထွက်လာလေတော့ သူ့သွားဆရာဝန်က ဓါတ်မှန်ကိုပြပြီး မနှုတ်ရင် ဘေးကသွားတွေကို တွန်းပြီး ဒုက္ခပေး လိမ့်မယ်၊ အခြားအံဆုံးတွေကလဲ သူ့မေးရိုးသေးသေးမှာ နေရာမရှိတော့ ပါးစောင်တွေကိုထိပြီး အတွင်းဘက်မှာ ပွန်းနေပြီ၊ နှုတ်ရင် အကောင်းဆုံးပဲလို့ သေချာရှင်းပြပါတယ်။ ဒါနဲ့ ပြီးခဲ့တဲ့ကျောင်းပိတ်ရက်မှာ နှုတ်ဖို့ စီစဥ် တာ မမက ကိုးဗစ်ဖြစ်နေတော့ ဒီကျောင်းပိတ်ရက်ကို ရွှေ့လိုက်ရတာပေါ့။ ကိုယ်တို့ အားလုံးက စိတ်ပူနေ ကြပေမယ့် နှုတ်ပေးတဲ့ သွားဆရာဝန်လေးက စိတ်ပူစရာမရှိပါဘူး ရိုးရိုးရှင်းရှင်းလေးပါ၊ ၁၅ မိနစ်လောက်ပဲ ကြာမှာလို့ ပြောပါတယ်။ ဒါနဲ့သမီးလေးကို ခွဲစိတ်ခန်းထဲထားခဲ့ပြီး လာအားပေးတဲ့သူ့သူငယ် ချင်းကို အနားက ကော်ဖီဆိုင်ခေါ်သွား၊ လိုချင်တာမှာပြီး ကော်ဖီခွက်လေး လာချရုံပဲ ရှိသေးတယ်၊ ခွဲစိတ်လို့ ပြီးပါပြီ၊ လာခေါ်လို့ ရပြီဆိုတော့ ကိုယ်အမြန် ပြန်ပြေးရပါတယ်။ 

အောက်မေးရိုးတွေ ထုံနေသေးပြီး မူးနေပေမယ့် သမီးဟာ အမေ့ ကိုတွဲပြီး လမ်းကောင်း ကောင်း လျောက်လို့ရပါတယ်။ ဒါနဲ့ ကော်ဖီဆိုင်မှာ ခဏပေးထိုင်ပြီး အိမ်ပြန်ခေါ်လာ ပါတယ်။ အိမ်ပြန်ရောက်တော့ သားနဲ့ အဖေက ဆုပေးပွဲအတွက် ဝတ်စုံသွားဝယ်၊ အမေက သမီးအတွက် မြူစွမ် ချက်၊ အားပေးဖို့ လိုက်လာတဲ့ သူငယ်ချင်းလေးကို လိုတာတွေ စီစဥ်ပေး၊ သားနဲ့ အဖေပြန်ရောက်လာ တော့ ကင်မရာတလုံးဆွဲပြီး သားဆုပေးပွဲပြေးရပါတယ်။

အဲဒီ့ကလေးလေးက တမျိုး။ သမီးလေးဆို အိမ်ပြန်ရောက်လာလို့ ကျောင်းမှာ ဘာလုပ်လဲမေးရင် စုံနဖာစီ ခရေစေ့တွင်းကျ အကုန် ပြောပြတယ်။ ဘယ်သူငယ်ချင်းက ဘယ်လို ဘယ်ဆရာက ဘယ်လို ဘာတွေသင် တယ် ဘာတွေအလုပ်တယ်အကုန်သိရတယ်။ သူကတော့ ကျောင်းကိစ္စတွေလုပ်တယ်ဆို ပြီးရောပဲ၊ ဘယ်သူနဲ့ နေ့လည်စာစားလဲဆို သူငယ်ချင်းနှစ်ယောက်လောက် နာမည် ပြောမယ်၊ ဒါပဲ။ သူ့ဆရာတွေ ဆရာမတွေက သူ့ကို ပြိုင်ပွဲမျိုးစုံပို့တယ်။ ကိုယ်က ဒိုင်ခံ ခွင့်ပြုကြောင်း လက်မှတ်တွေ ထိုးပေးရတယ်။ ပြိုင်ပွဲမှာ ဆုရရင် ကိုယ့်ဆီ အီးမေလ်ပို့တယ်၊ ကျောင်းက Facebook page တို့ News letter တို့မှာ ပါလာတတ်တယ်။ ဒီတခါလဲ အဲဒီလိုပဲထင်တာပေါ့။ ဘာပြိုင်ပွဲလဲဆိုတာ သေချာမကြည့်မိဘူး။ ဆုပေးပွဲ မတိုင်ခင် ည ၁၁ နာရီခွဲ လောက်မှ ကိုယ့်သိုးမွှေးထိုးတဲ့ အခန်းထဲကို ဝင်လာပြီး သူ့ကို စောစောပို့ပေးလို့ ရမလား တီဗွီက အင်တာဗျူး ချင်လို့ဆိုပြီးပြောတယ်။ အဲဒီတော့မှ မဖြစ်သေးပါဘူး၊ ငါရှာကြည့်ဦးမှပါဆို Google လုပ်တော့မှ ဆမ်ဆောင်းနဲ့ မိုတက်လို့ခေါ်တဲ့ နယူးဇီလန်ပို့ဆောင်ရေးနဲ့ နည်းပညာပြတိုက်တို့ ပူးပေါင်းပြုလုပ်တဲ့ Solve for tomorrow ဆိုတဲ့ ပြိုင်ပွဲမှာ နယူးဇီလန်တနိုင်ငံလုံးအတွက် ပထမရတာ။ သူက STEAM လို့ခေါ်တဲ့ သိပ္ပံ၊ နည်းပညာ၊ အင် ဂျင်နီယာ၊ အနု ပညာ၊ သချႅာဘာသာရပ်တွေမှာ သင်ရတာတွေကို ပေါင်းစည်းအသုံးပြုပြီး လက်တွေ့ လောကမှာရှိနေတဲ့ ပြဿနာတွေကို အဖြေရှာရတဲ့ ပြိုင်ပွဲလေးပါ။ ဒီနှစ်အတွက် နယူးဇီလန် တနိုင်ငံလုံးက ၅ တန်းက နေ ၁၀ တန်းအထိ ပြိုင်ပွဲဝင် ကျောင်းသားပေါင်း ၆၅၀၀ ဝင်ပြိုင်ပါတယ်။ သားတို့ အဖွဲ့က သူတို့ရဲ့ ကျောင်းက assignment တခုကို ပို့လိုက်တာပါ။ သူတို့အဖွဲ့မှာ အဖွဲ့ဝင် လေးယောက်ရှိပေမယ့် ထုံးစံအတိုင်း သူနဲ့ သူ့ သူငယ်ချင်း တစ်ယောက်နဲ့ကပဲ အဓိက အလုပ်လုပ်ကြတဲ့သူတွေဆိုတော့ သူတို့ကို ဆုပေးပွဲ တက်ခိုင်းပါတယ်။ သူတို့ရဲ့ ပြိုင်ပွဲဝင် ကရိယာ ကတော့ ဆီးချိုသမားတွေအတွက် ဂလူးကို့စ် တိုင်းတဲ့မီတာလေးပါ။ 

လောလောဆယ် စျေးကွက်ထဲမှာ ရှိနေတဲ့ စက်တွေလို သွေးဖောက်စရာမလိုပဲအသက်ရှူထုတ်လိုက်တဲ့ လေထဲ မှာပါလာတဲ့ ဓါတ်တွေကို တိုင်းရုံနဲ့ ခန္တာကိုယ်ထဲမှာ ကီတုန်းဘယ်လောက်ရှိတယ်ဆိုတာကို ပြောပေး နိုင် မှာပါ။ ဆီးချိုနဲ့အလှမ်းဝေးတဲ့ ကိုယ်တယောက် ဒီတော့မှ ကီတုန်းဆိုတာ ဘာလဲလို့ ပြေးအလွှား လိုက်ဖတ် ကြည့်ရပါတယ်။ အသည်းက အဆီကို ချေဖျက်ရတဲ့အချိန်မှာ ထွက်တဲ့ ဓာတ်ဆိုပဲ။ ဥပုဒ်စောင့်တဲ့အချိန်၊ လေ့ကျင့်ခန်းပြင်းပြင်းလုပ်တဲ့အချိန်နဲ့ ခန္တာကိုယ်ထဲမှာ ကာဗိုဟိုက်ဒြိတ်တွေမရှိတဲ့အချိန်မှာ သွေးထဲက သကြားအစား အဲဒီကောင်တွေကို ခန္တာကိုယ်က အင်အားအဖြစ် ပြောင်းလဲအသုံးပြုပါသတဲ့။ ပုံမှန်အတိုင်းဆို ခန္တာကိုယ်ထဲက အင်ဆူလင်ဆိုတဲ့ ဓာတ်ကသွေးထဲက သကြားကို အင်အားအဖြစ် ပြောင်းတာတဲ့၊ ဆီးချိုဖြစ်လို့ မပြောင်းနိုင်ရင် အသည်းက အလုပ်လုပ်ရတော့ ကီတုန်းတွေ ထွက်လာတော့တာတဲ့။ ဒီတော့မှ အမေတယောက်လဲ ဆီးချိုအကြောင်း နည်းနည်းသိလာတော့တာ။

အင်တာဗျူးတဲ့အချိန်လဲ သားပုံက အေးအေးဆေးဆေးပါပဲ၊ သူ့မေးရင် ဖြေတယ်၊ သူ့အဖွဲ့ထဲက ကောင်မလေး ဖြေနေရင်လဲ ပြုံးကြည့်နေတာပဲ။ ဆုပေးပွဲကို လာကြတဲ့ အစိုးရပိုင်းကလူတွေ၊ ဒိုင်အဖွဲ့ဝင် နယူးဇီလန်ထိပ် တန်း သိပ္ပံပညာရှင်တွေ၊ ဆမ်ဆောင်းက စီအီးအိုတွေ ကြားထဲမှာလဲ ဒီလိုပါပဲ၊ သူ့ app မှာ ပြင်စရာတွေ ရှိတဲ့ အကြောင်း၊ PVC ပိုက် ကလေးတွေ တိပ်ကလေးတွေ နဲ့ လုပ်ထားတဲ့စက်ကလေးကို ပိုခိုင်အောင် ရာသီဥတ မရွေး အလုပ်လုပ်အောင် လိုအပ်တာတွေထပ်လုပ်ဖို့လိုသေးကြောင်း စသည် စသည်ပေါ့လေ။ အမေနဲ့အဖေကတော့ သူ့ camera crew ဖြစ်တာပေါ့။ သူ့ ဆရာမနဲ့ ကျောင်းအုပ်ကြီးကလဲ ပြုံးပြုံး ပြုံးပြုံးပေါ့။ အဲဒီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတယောက်က သားတို့ကျောင်းက ကျောင်းသားဟောင်းတဲ့။ ဝမ်းသာလိုက်တာ ဆိုပြီး လာနှုတ်ဆက်နေလေရဲ့။

နောက်တနေ့ သမီးလေးအတွက် ချက်ရ ပြုတ်ရ စိတ်ပူရ၊ နောက်တနေ့ ဘုန်းတော်ကြီးကျောင်း သီတင်းကျွတ် စုပေါင်း ဆွမ်းကပ်ဆွမ်းလောင်းပွဲအတွက် ပြင်ရ ဆင်ရ၊ အိမ်မှာ ထားခဲ့မယ့် ကလေးတွေအတွက် ပြင်ရ ဆင်ရ နဲ့ပဲ ခရီးသွားရမယ့် ရက်ကို ရောက်လာပါတယ်။ ခါတိုင်းခရီး သွားရင် ကလေးတွေပါရင်ပါ၊ မပါရင် အလုပ်၊ ကျောင်းစာ ပါနေကျ။ ဒီတခါ ခရီးသွားရတာ ဘာတာဝန်မှ မပါလေတော့ လွတ်လွတ်ကြီး ဖြစ်နေသလိုပဲ။ ဒီကြားထဲ ကြောင်ကလေးလေးက မသွားခင်ညနေမှာ ဘာမပြောညာမပြော အိပ်ရာပေါ်ထိုင်နေတဲ့ကိုယ့် နားလာခွေပြီး သူ့ကို သွားထိတော့ ကိုယ့်လက်ကို သူ့လက်နှစ်ဖက်နဲ့ ဆွဲထားပြီး သန့်ရှင်းရေး လာလုပ်ပေးနေတော့ စိတ်က မကောင်း ဖြစ်ရသေးတယ်။ သူသိနေသလိုပဲပေါ့။ 

အဲဒီလို ဝမ်းနည်း နေတာတွေ အကုန်လုံး နျူးဝေရောက်တော့ ကြက်ပျောက် ငှက်ပျောက်ပဲ။ စိတ်ဝင်စားစရာ မှတ်သားစရာတွေ အပြည့်လေ။ လေယာဥ်ဆင်းတော့မယ်ဆိုတဲ့ ကြေညာချက်ပြောတော့လေဆိပ်မှာ mask မတပ်မနေရ ဆိုတာပါတယ်။ လေယာဥ်ပေါ် စတက်ကထဲက တပ်ရတာ။ အော်ကလန် လေဆိပ်မှာတောင် အဲဒီစည်းကမ်းချက် မရှိတော့ဘူး၊ လေဆိပ်ထဲမှာကိုယ်တို့ အပါအဝင် တပ်ထားတဲ့သူ လေးငါးယောက်ပဲ တွေ့ခဲ့တယ်။ နောက်စိတ်ဝင်စားစရာ တခုက လှေကားနဲ့ ဆင်းရမှာ လိုအပ်တဲ့အကူအညီလိုရင် ပြောပါတဲ့။ ပြေးလမ်းပေါ် ရောက်ပြီး သိပ်မကြာပါဘူး၊ အပြင်က အပူရှိန်ကို စပြီး ခံစားရတယ်။ မြန်မာပြည်က ရန်ကုန် လေ ဆိပ်ဟောင်းကို ချက်ချင်း သတိရသွားတာပေါ့။ လေယာဥ် လေယာဥ်ပြေးလမ်းမှာ အလံနှစ်လက် ကိုင်ပြီး အချက်ပြနေတာက အမျိုးသမီးလေး တယောက်။ ဘာမီးမှ မလိုဘူး။

လှေကားကလဲ ဆင်းရော ကိုယ်တို့ငယ်ငယ်တုန်းက သမဝါယမ ဆိုင်ကို ဆန်ထုတ်ဖို့ ရောက်သွားသလိုပဲ။ ကောင်တာလေးသုံးခုထဲက တခုမှာ တန်းစီပြီး အဝင်တုန်းထုရတာက စာရေးမဆီမှာ တစ်လစာ ကိုယ်တာရေး ပြီး တုံးထုတဲ့အတိုင်းပဲ။ ပြီးတော့ ခရီးဆောင်အိတ် ရွေးဖို့ စောင့်တာက ဆန်ချိန်တဲ့ စာရေးမနားမှာ ဝိုင်းပြီး စောင့်ရသလိုပဲ။ ရပ်ထားတဲ့ လေယာဥ်ဆီက တရွေ့ရွေ့ထွက်လာတဲ့ ခရီးဆောင်အိတ်တွေကို ထရပ်ကားမှာ တပ်ထားတဲ့ ကုန်တွဲလေးတွေပေါ် လူသုံးလေးယောက်ကတင်၊ ဘာကြောင့်မှန်းမသိ တည့်တည့် လာရင် ၂ ကီလို မီတာလောက်ပဲ ဝေးတဲ့ နေရာကို ၅ ကီလိုမီတာထက်မက ဝေးတဲ့ လမ်းက ကွေ့ပတ်မောင်းပြီးလာ၊ အိတ်တွေကို ရွေးရမယ့်နေရမှာချ၊ ပိုင်ရှင်တွေက လာယူ၊ ဟုတ်နေတာပဲ၊ ပျောက်တာလဲမရှိ၊ လုတာလဲမရှိ၊ ရန်ဖြစ်တာလဲမရှိ။ ဟန်ကိုကျလို့။ကိုယ်တို့ field ဆင်းတုန်းက ကျောက်ဆည်ဘူတာတို့ သာစည်ဘူတာတို့မှာ ပုံချထားတဲ့ အထုပ်တွေ ရွေးရသလိုပဲ။ ကိုယ်တို့က စောစောရောက်တော့ ကိုယ်တို့ အိတ်တွေက နောက်ဆုံးမှ ထွက်လာတယ်။ ဟေး၊ ငါတို့အိတ်တွေ လာပြီဆို ကြည့်နေတုန်း သယ်လာတဲ့ကားက ခါတိုင်းလိုမရပ်ပဲ လေယာဥ်ဆီ ပြန်မောင်းသွားတော့ ဘာဖြစ်တာတုန်းဆို လိုက်ကြည့်ရသေး၊ ဘာမှလဲ မဟုတ်ဘူး၊ နောက်ပြန် ဆုတ်ပြီးဝင်လာပြီး အိတ်တွေချပေးတယ်။ အပြင်ထွက်တော့ လာကြိုနေကြတဲ့သူတွေက ပန်းကုံးတွေ ပန်း သရဖူလေးတွေနဲ့ တော်သေးပါရဲ့ ကိုယ်တို့ကို လာကြိုတဲ့သူတွေက အဲဒါတွေ ယူမလာလို့၊ ပန်းအတုတွေနဲ့ လုပ်ထားတာတွေထက်စာရင် တရုတ်စကားပန်း အဖြူလေးတွေ အနီလေးတွေနဲ့ လုပ်ထားတာလေးတွေက ပိုလှတယ်။ အနားက ဖြတ်သွားရင် မွှေးနေရောပဲ။ 

ဒါနဲ့ တည်းမဲ့နေရာကို မောင်းလာကြတော့ လမ်းတလျှောက်မှာ တရုတ်စကားပင်တွေ ရဲရိုပင်တွေ ငှက်ပျော ပင်တွေ အုန်းပင်တွေအများကြီးပဲ တွေ့ရတယ်။မြင်ကွင်းက တကယ့်ကိုကျောက်ဆည်၊ ပင်းတယ field ထဲ ပြန်ရောက်နေသလိုပဲ။ ကိုယ်တို့ တည်းရမယ့်နေရာက ပင်လယ်ကမ်းစပ်မှာ၊ လှိုင်းသံ တဝုန်းဝုန်းနဲ့။ ပင်လယ်ရေ ပြာပြာက ကျောက်ဆောင်တွေနဲ့ ကမ်းပါးကို ရိုက်လို့ ထလာတဲ့ လှိုင်းဖြူဖြူတွေဟာ ဓါတ်ပုံရိုက် ဝါသနာပါတဲ့ ကိုယ့်အတွက် ကတော့ လက်တဲ့ စမ်းချင်စရာပေါ့။ ဖွေးနေအောင် ပွင့်နေတဲ့ ဂေါ်သဇင် ရုံတွေကလဲ အချွန် အတက်တွေနဲ့ ကျောက်ဆောင်တွေကို ကျော်ပြီး လာခူးလှဲ့ပါလို့ ခေါ်နေသယောင်၊ ပြွတ်နေအောင်သီးနေတဲ့သဘေႅာပင်တွေကလဲ နယူးဇီလန်ရောက်ကထဲက သဘေႅာသီး ကောင်း ကောင်းမစားရတဲ့ ကိုယ့်အတွက် သွားရေကျစရာ၊ စိမ်းစိမ်းဖားဖား ရဲရိုရွက်တွေကလဲ ခူးပြီး ငါးပေါင်းထုပ် ချက်လှည့်ပါလို့ ပြောနေတဲ့ အလား။ ကိုယ့်မီးဖိုချောင် ရွှေ့လာလို့ရရင် သိပ်ကောင်းမှာ။ မျိုးစုံတွေ လက်စွမ်းပြလို့ရမယ်။ 

ကိုးဗစ်ကို ပထမနေ့နဲ့ တတိယနေ့မှာ စစ်ပါ၊ မစစ်ရင် ဖမ်းလို့ရတယ်ဆိုတဲ့ခြိမ်းခြောက်စာကို လေဆိပ်က အထွက်မှာထဲက ပေးလိုက်တော့ အဖေက ကိုယ့်ကို စစ်တဲ့ဆီခေါ်သွားပါတယ်။ ကားဘီးရာ နှစ်ကြောင်းထင်နေ တဲ့ အဝင်မြေနီလမ်းလေးရဲ့ တဖက်တချက်မှာ ကိုးဗစ်စင်တာဆီကို လမ်းညွှန်ပေးနေတဲ့အရာလေးတွေကတော့ ထုံးသုတ်ထားတဲ့ အုန်းသီးခြောက်ကလေးတွေပါပဲ။ အားကြီး ချစ်စရာကောင်းတယ်။ စစ်ပေးတဲ့ ဝန်ထမ်း လေးတွေကလဲ ပြုံးပြုံးရွှင်ရွှင် ဖေါ်ဖေါ်ရွေရွေလေးတွေ။ အဲဒီစင်တာက အဖေ့အလုပ်နဲ့နီးတော့ သူ့ကို အဲဒီမှာပဲ ထားခဲ့ပြီး ဟိုတယ်ကို ကိုယ့်ဘာသာ ပြန်မောင်းလာခဲ့ပါတယ်။ သူမောင်းနေတုန်းက လမ်းမှာ ကားတွေ့တွေ့ လူတွေ့တွေ့ လက်ပြပြနေတော့ ဘာဖြစ်လို့တုန်းလို့ မေးမိတာ ကိုယ့်ဘာသာမောင်းမှ သိတော့တယ်။ ဒီမှာက တကျွန်းလုံးမှာ လူဦးရေ တစ်ထောင့်ခြောက်ရာပဲရှိလေတော့ လူမြင်တိုင်း နှုတ်ဆက်တာ ထုံးစံပါပဲတဲ့။ သူတို့က လက်ပြတော့ ကိုယ်ကလဲ အလိုလို လက်ပြန်ပြ နှုတ်ဆက်၊ စိတ်ကို ကြည်နေတာပဲ။ 

အလာက လေယာဥ်ပေါ်မှာ နားထောင်ခဲ့တဲ့ကျေးဇူးတရားဟာ ဦးနှောက်ကိုပြန်ရှင်လာစေတဲ့အကြောင်း ဟော ပြောချက်ကိုသတိရသွားတယ်။ အဲဒီအမျိုးသမီးလေးက ဦးနှောက်အကြောင်း သုတေသနလုပ်နေရင်း သူ့ ဦးနှောက်မှာအကျိပ်တည်ပြီး ကင်ဆာ ဖြစ်တာ။ ခွဲပြီးတဲ့အချိန်ကစလို့ ကျေးဇူးတင်ထိုက်သူတွေ ကျေးဇူးတင်သင့်တဲ့ အရာတွေအကုန်လုံးကို ကျေးဇူးတင်ပြီး ကျေးဇူးတရားကို ရှေ့တန်းတင်ရင်းနေလာတာ သူ့ ဦးနှောက်ဟာ ပုံမှန်နီးပါး အလုပ်ပြန်လုပ်လာတဲ့အကြောင်း သေသေချာချာကိုပြောပြသွားတာ။ ကိုယ်ထင်တယ်၊ လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်ခြင်းဟာလဲ လူတွေကို ကောင်းကျိုးပေးနိုင်တာ သေချာမှာပါ။ 

နောက်တခု သတိထားမိတာက လမ်းတ‌လျှောက်လုံး အုတ်ဂူလေးတွေ ဟိုနားဒီနား တွေ့ရတာပါပဲ။ သင်းချိုင်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ ဘယ်သူမှလဲ အယူသီးပြီး ကြောက်မနေကြပါဘူး။ တနေရာမှာ ရေး ထားတာ ဟုတ်ရဲ့လားလို့ ကိုယ်နှစ်ခါပြန်ဖတ်ယူရပါတယ်။
 “ဤနေရာသည် သင်းချိုင်းဖြစ်သည်၊ ကားမရပ်ရ” တဲ့။ သူက ကားတစီးရပ်လို့ ရလောက်တဲ့ ကွန်ကရစ် နေရာလေး မှတ်တိုင်လေးရှေ့မှာလုပ်ထားတော့ လူတွေက ကားလာလာရပ်လို့ ထင်ပါရဲ့။ ကိုင်ဇာလို ထီးမိုးတာလောက်တော့ အပျော့ပေါ့။ တိုင်လေးတိုင်ထောင်ပြီး သွပ်မိုးထားတာ ယူမလား၊ ကြွေပြားတွေ အပြည့်ကပ်၊ ဇရပ်ကြီးလိုဆောက်ပြီး အားတဲ့နေ့ အဲဒီနေရာမှာ ပစ်ကနစ်ထွက်သလို နားနားနေနေ ဆွေမျိုးတွေ စုကြတာ ယူမလား၊ ပန်းခြောက်၊ ပန်းစို၊ ပန်း ပင်၊ အရက်ပုလင်းမျိုးစုံ တင်ထားပေးတာယူမလား၊ သူ့အရိုက်အရာကို သူများကိုပေးရမှာစိုးလို့ မြေမီးဖိုကြီး ကိုယ့်ဘာသာတူး၊ မီးဖိုပြီး ကိုယ့်ဘာသာ ခုန်ချအဆုံးစီရင်သွားတဲ့ ရွာသူကြီးရဲ့သမိုင်းဝင်မြေနေရာကိုယူမလား၊ လိုချင်တာ အကုန်ရမယ်။ (ဟိုးရှေးရှေးတုန်းက သူတို့ဆီမှာ ရာထူးလိုချင်ရင် လက်ရှိ ရထားတဲ့ သူကို သတ်တဲ့သူက ရပါသတဲ့၊ ကြားဘူးသလိုလိုနော်)။

တခြားပေါပေါများများတွေ့ရတာ တခုက ကြက်ကလေးတွေ။ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက အစိုးရဟာ မိသားစုတစုကို ကြက်တစုံစီ ပေးသတဲ့။ အိမ်မှာမွေးထားဖို့ပေါ့၊ ဥစား၊ အသားစား လုပ်လို့ရအောင်။ လက်ခံရရှိတဲ့ မိသားစုများက အလုပ်ရှုပ်ခံပြီး ခြံခတ်မထားလေတော့ ကြက်ကလေးတွေဟာ တကျွန်းလုံး သွားချင်တဲ့နေရာ လျှောက်သွားပြီး ပိုင်ရှင်မဲ့ကြက်တွေ ဖြစ်ကုန်ပါလေရောတဲ့၊ သူတို့ကသစ်ပင်ပေါ်ကိုပျံတက်ပြီး အသီးအပွင့်တွေကိုစား၊ အပြေးကလဲမြန်လွန်းလို့ အပင်ပန်းခံလိုက်ဖမ်းပြီးတော့လဲ ချက်မစားပါဘူးတဲ့။ အနားရောက် လာရင် အစာက ကျွေးလိုက်သေးတာ။ ကိုယ်တို့တည်းတဲ့နေရာရဲ့ နေ့စဥ်သတင်းလွှာမှာ ကြက်စာ မကျွေးရလို့ ရေးထားတယ်။ အစာကြွေးရင် ကြက်တွေက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အဲဒီအခန်းနားမှာ လာလာပြီး တွန်ပေးပါသတဲ့။ သန်းကောင်လောက်က မနက်လင်းတဲ့အထိ တစ်နာရီ တခါနီးပါးတွန်နေတော့ ဘယ်သူမှ အိပ်လို့ မရပါဘူးတဲ့။ ဒီတခါပဲ ကြားဘူးပါတယ်ဆို။ 

ဝက်လည်း ထိုနည်းလကောင်းပါပဲတဲ့၊ ဝက်ကတော့ ကြက်လို မြန်လဲမမြန် သေးသေးမွှားမွှားပဲစားတာလဲ မဟုတ်တော့ သူတို့စိုက်ထားတဲ့ ပိန်းဥခင်းတွေထဲ ဝင်စားရင် အမဲလိုက်တယ်ဆိုပြီး ပစ်ဖမ်းပါတယ်တဲ့၊ ပစ်လို့ရတဲ့သူက အဲဒီဝက်ရဲ့ ပိုင်ရှင်ဖြစ်ကရောတဲ့။ မှတ်သားစရာတွေ ပထမ တစ်ရက်ထဲနဲ့တင်ကို အတော်များ တာ။ တခါက မျက်စေ့လည် လမ်းမှားပြီးရောက်လာတဲ့ ဘဲကလေးတကောင်ရှိပါသတဲ့။ ဒီကျွန်းက မီးတောင် သေပေါ်မှာ ပေါက်နေတဲ့ သန္တာကျောက်တွေနဲ့ တည်ဆောက်ထားလေတော့ ဘာရေအိုင်၊ ဘာရွှံ့နွံမှ မရှိဘူး။ ဒီတော့ ဘဲနေဖို့ ရေအိုင်ကို သူတို့ ဘဲကလေးကိုတွေ့တဲ့နားမှာ ဘူဒိုဇာကြီးတွေနဲ့ တူးပြီး မီးသတ်ပိုက်နဲ့ ရေဖြည့် ပေးပါသတဲ့။ ဘဲကလေးကို နာမည်လဲ ပေးထားသေးတယ်တဲ့၊ ဒီလိုနဲ့ပဲတစ်နေ့တော့ ခွေးကိုက်လို့ ဘဲကလေး သေပါရော၊ ကျွန်းသားတွေဟာ ဝမ်းနည်းစွာနဲ့ ဘဲကလေးကို အဲဒီရေအိုင်နားမှာပဲမြှုပ်ပြီး မှတ်တိုင်လေးထောင် ပေးထားပါသတဲ့။ ခုတော့ ရေအိုင်လဲရေခန်းပြီး မှတ်တိုင်လဲ မရှိတော့ပါဘူး။ 

နောက်ထပ်ပြောစမှတ်ပြုစရာ တိရစ္ဆာန်တကောင်ကတော့ အုန်ဂါလို့ ခေါ်တဲ့ အုန်းဂဏန်းတွေပါပဲ။ ဒီကျွန်းကို ရောက်တဲ့ ဒုတိယနေ့မှာ ကိုယ်အလုပ်ရပါတယ်။ အဖေ့ကားဒရိုင်ဘာ အလုပ်လေ။ မနက်လိုက်ပို့ ညနေကျသွားကြိုပေါ့၊ ကိုယ်တို့ကို Honda Crossroad လေးတစီး ငှားပေးထားတော့ ပေါ့ပေါ့ပါးပါး သွားချင် ရာသွားလို့ရတယ်။ တကျွန်းလုံးမှ ၁၀၄ မိုင်ပတ် လည်ပဲရှိလေတော့ မောင်းချင်ရာမောင်း လမ်းပျောက်ချင်ပါတယ်ဆိုရင် တောင် မပျောက်ဘူး။ ဒီတော့ ဘူမိသွေးကပြပြီး ဒုတိယနေ့ အဖေ့ကိုချအပြီးမှာ ကိုယ်တယောက် ကားတစီးနဲ့ ကင်မရာတလုံးဆွဲပြီး  ကျွန်းပတ်လမ်းတလျှောက် ကားမောင်းလို့ General traverse ထွက်ပါ တယ်။ ဘယ်နေ ရာဘာရှိတယ်ဆိုတာ အကြမ်းလျှောက်ကြည့်တာပေါ့၊ ကိုယ်တို့ ဘူမိသမားတွေကွင်းဆင်းရင် ပထမပတ်မှာ လုပ်နေကျလေ။ အဲဒီတုန်းကတော့ လမ်းလျှောက်ပြီးတော့ပေါ့။ 

ဒီလိုနဲ့ မောင်းလာရင်း ရှုခင်း ကောင်းတဲ့ နေရာတနေရာရောက်တော့ ကိုယ်ဆင်းကြည့်ပါတယ်။ ဘယ်သူမှ မရှိဘူး၊ ပန်းအဆန်းလေးတွေကလဲတွေ့တော့ ကင်မရာနဲ့လက်စွမ်းပြနေတုန်း နောက် ကားတစီးရောက်လာတယ်။ အမျိုးသားကြီးနှစ်ယောက်၊ တယောက်က ငှက်ကြီးတောင်ဓားလို တောရှင်းတဲ့ ဓားရှည်ကြီးကိုင်ပြီး ဆင်းလာတယ်။ ကိုယ်လဲ ကျောက်ကန်ကန်ပြီး ကင်မရာကို အသင့်ပြင်ပြီး(ကိုယ့်ကင်မရာကလေးတော့ လိုအပ်ရင် ကင် မရာနဲ့ထုမယ်ပေါ့လေ၊ သတ္တိခဲ၊ ဟင်းဟင်း) ဟယ်လိုလို့ ပြောလိုက်တယ်။ သူကပြုံးပြုံး ပြုံးပြုံးနဲ့ ကိုယ့်နားလျှောက်လာပြီး ဓာတ်ပုံရိုက်နေတာလား၊ ဝါသနာပါတယ်ထင်တယ်၊ ဒီနေရာက ရှုခင်းကောင်းတယ်လို့ ပြောတယ်။ ပြီးတော့ အဖေ့အမျိုးသမီးလားဆိုပြီး အဖေ့မြန်မာနာမည်ကို ပီပီသသခေါ်ပြီး မေးတယ်။ ဒီတော့မှ ဟုတ်ပါတယ်ဆိုပြီး စိတ်အေးလက်အေးစကားပြောနိုင်တော့တယ်။ သူက အုန်းဂဏန်းလာဖမ်းတာ တဲ့၊ ကြည့်ချင်ရင် လိုက်ကြည့်ဆိုတော့ ကျေးဇူးတင်ပါတယ်၊ ဓာတ်ပုံရိုက်လို့ရမလားလို့ မေးတာပေါ့၊ အိုးရတာပေါ့ဆိုပြီး ကိုယ့်ကို အစွမ်းပြတော့တာ၊ ကင်မရာတန်ခိုးလေ၊ ဒါက မြန်မာ့အသံမှာတုန်းက တတ် လာတာ။ 

ကိုယ့်စိတ်ထဲမှာ ဒီဂဏန်းကြီးတွေက အကြီးကြီးတွေ လက်မကြီးတွေကလဲ အယ်နေတာပဲ၊ ဘယ်လိုဖမ်းမတုန်းလို့ စဥ်းစားနေတုန်း သူက အစာချဖို့ ရှာလိုက်ဦးမယ်ဆိုပြီး အနားမှာကြွေကျနေတဲ့ အုန်းသီးတွေကို သူ့ဓါးကြီးနဲ့ စိုက်၊ ကောက်တင်လိုက်ပြီး အရည်ချောင်မချောင် လှုပ်ကြည့်တော့တာပဲ။ နြူးဝေမှာက အုန်းပင်တွေ သဘေႅာပင်တွေ အလေ့ကျပေါက်နေတာ တစ်ပုံကြီးပဲ။ အုန်းပင်တွေ အကုန်လုံးက နိမ့်နိမ့်လေးနဲ့ ပြွတ်နေအောင်သီးကြပြီး အပင်တိုင်းအောက်မှာကြွေကျနေတာ။ သူကြိုက်တဲ့အုန်းသီးလဲရရော ပါလာတဲ့ဓားကြီးနဲ့ အသားပေါ်ရုံ စောင်းစောင်းလေး ဗွီပုံခုတ်လိုက်တယ်၊ ပြီးတော့ အုန်းခွံကို အမွှေးနှစ်ချောင်း ရအောင်ဖွပြီး အနားက ကျောက် ဆောင်မှာကပ်ပေါက်နေတဲ့ အပင်က အကိုင်းတကိုင်းမှာ ချည်ထား လိုက်တယ်။ ပြီးတော့ ပြီးသွားပြီ၊ ညကျတော့မှ လက်နှိပ်ဓာတ်မီးနဲ့ လာကောက်ရုံပဲတဲ့။ ကောင်းလိုက်တာနော်။ သူတို့တွေက အကောင်သေးရင် မဖမ်းဘူးတဲ့၊ နယူးဇီလန်မှာ ငါးဖမ်းထွက်လို့ မိတဲ့ငါးက အကောင်သေးရင် ရေထဲပြန်လွှတ်ရသလိုမျိုးပေါ့။ 

နယူးဇီလန်မှာက ဥပဒေထုတ်၊ ငါးဖမ်းတဲ့ နေရာမှာ စောင့်ပြီးစစ်တဲ့သူ ရှိပေမယ့် နျူးဝေမှာတော့ ဘာမှ ဥပဒေ ထုတ်စရာမလိုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြတာ။ စားဖူးအောင် စားကြည့်လို့ အဖေက တိုက်တွန်းလို့ ကိုယ် လက်နှစ်ချောင်းစားခဲ့ပါတယ်။ ကိုယ်စားဖူးတဲ့ ဂဏန်းထက်ကောင်းပါတယ်။ ကျောက်ပုစွန်ထက်လဲကောင်းတယ်လို့ အဖေကပြောပါတယ်။ ကျောက်ပုစွန်ဆိုတဲ့ အသံကြားရင် ကိုယ် သိပ် စိတ်မချမ်းသာပါဘူး၊ တခါအဖေ ချပ်တမ်ကျွန်းသွားတုန်းက ကျောက်ပုစွန်နှစ်ကောင် ပါလာပါတယ်။ အရှင်လိုက် ဖော့ပုံးထဲမှာ။ နေ့လည်ဖက် ရောက် လာကထဲက သွားလွှတ်လိုက်ပါဆိုတာ နားမထောင်ဘူး၊ တညလုံး သူတို့ အော်နေတဲ့အသံက သိပ်ဝမ်းနည်းစရာကောင်းတာပဲ၊ အဲဒီအချိန် ကစပြီးကိုယ် ကျောက်ပုစွန်စားဖို့ စိတ်ကူးလို့ကို မရတော့တာ။ ရေခဲခန်းထဲထည့်လိုက်ရင် အေးပြီး အိပ်သွားရော၊ ပြီးမှ အိပ်နေတုန်း သေသွားတာလို့ ကိုယ့်သူငယ်ချင်းတယောက်ကပြောဖူးတယ်။ ဒါလဲ ဟန်မကျပါဘူး။ နျူးဝေမှာလဲ ကျောက်ပုစွန် ရှိပါသတဲ့။ လှိုင်းထန်တဲ့ရေအောက်က ကျောက်ဆောင်တွေအောက်သွားဖမ်းရမှာ ပင်ပန်းပြီး အန္တရာယ်များလို့ မဖမ်းကြပါဘူးတဲ့။ ကောင်းလိုက်တာ။

ဒါနဲ့ပဲ သူ့ကို ကျေးဇူးတင်ကြောင်းပြော နှုတ်ဆက်ပြီး ဆက်ထွက်လာခဲ့တယ်။ တလမ်းလုံး ကားတစီးတလေနဲ့ လူနည်းနည်းပဲ သူတို့အိမ်တွေရှေ့က ဖြတ်မောင်းရင်တွေ့ရတယ်။ လမ်းလျှောက်ပြီးသွားနေတဲ့သူမရှိသလောက် ပဲ။ အီးတပေါက်လောက်ပဲဝေးတဲ့နေရာလဲ ကားနဲ့ပဲ သွားကြတယ်လို့ အဖေက ပြောတယ်။ တချို့နေရာတွေမှာ သတိထားမောင်းပါ အုန်းဂဏန်းတွေ ဖြတ်နေတယ်လို့ စာရေးထားတယ်၊ ဒါဖမ်းလို့ အကောင်းဆုံးနေရာ ဖြစ်မယ်ထင်တယ်နော်။ လမ်းမှာ ပန်း၊ အပင် ဆန်းဆန်းမြင်ရင် ကားရပ် ဓာတ်ပုံရိုက်ရင်း စားစရာရောင်းတဲ့ဆိုင်ရှာတာ ကျွန်းတပတ်ပြည့်ပြီး မြို့လယ်ပြန်ရောက်မှပဲ ဆိုင်တွေတွေ့တော့တယ်။ ဒါလဲ ကိုယ်စားချင်တဲ့အစာ မရှိလေတော့ အခန်းပြန်ပြေးပြီး မနေ့ညက အဖေ့သူငယ်ချင်းတွေလာပို့ထားတဲ့ အုန်းသီး၊ ငှက် ပျောသီး၊ သဘေႅာသီးတွေပဲ ပြန်စားလိုက်တော့တယ်။ ဒီမှာကြာကြာနေရင် မီးလွတ်ပဲစားပြီး တော်တော်ကုသိုလ်ရမဲ့သဘောရှိတယ်။

တတိယနေ့မှာလဲ ကိုးဗစ်သွားစစ်ရပါသေးတယ်။ အေးအေးဆေးဆေးပါပဲ၊ နောက်နေ့တွေ ဗနီလာစိုက်ခင်း သွားကြည့်၊ ပြတိုက်သွားကြည့်၊ အဖွားတွေ ပန်းထိုး၊ တောင်းရက် ပြပွဲ သွားကြည့်၊ အစားအစာပြပွဲသွားကြည့်၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေ သွားကြည့်နဲ့ အချိန်ဟာ အတော်အကုန်မြန်ပါတယ်။ ပြန်ရမယ့်နေ့ရောက်တော့ နောက်ဆုံးအချိန်အထိ အလုပ်သွားနေတဲ့ အဖေ့ကို စောင့်ရင်း အခန်းထဲမှာ လမ်းလျောက် မေတ္တာပို့ နေတုန်း သမုဒ္ဒရာထဲမှာ လင်းပိုင်လေးတွေ အုပ်လိုက် ရေပေါ်တက်တက်လာပြီး၁၀ မိနစ်လောက် ခေါက်တုံ့ခေါက်ပြန် ကူးနေကြတာကို ကိုယ်မြင်ရပါတယ်။ ကိုယ့်ကို လာပြီးနှုတ်ဆက်နေသလိုပါပဲ။ 

နယူးဇီလန်က လာတဲ့ လေယာဥ်မှာ သံအမတ်တွေ အုပ်ချုပ်ရေးပိုင်းကလူတွေ နျူးဝေလွတ် လပ်ရေးနေ့ အတွက်ပါလာကြတော့ အပြန်လေယာဥ်က အလာတုန်းကထက် ပိုကြီးပါတယ်။ ဒါပေမယ့် ကလေးတွေ အယောက် ၂၀ လောက်ပါလာတော့ တဝါးဝါးနဲ့ငို၊ လေယာဥ်အမှုထမ်းတွေက လူကြီးတွေအတွက် ရွေးထည့်ပေး လိုက်တဲ့လူတွေဆိုတော့ ကြီးကြီးကျယ်ကျယ် မာနကြီး တစ်ခွဲသားတွေနဲ့ ကလေးတွေ လိုတာ မလုပ်ပေးလို့လဲ မရ ဟာသတွေကို မြောက်နေတာပဲ။ အော်ကလန်လေဆိပ်ရောက်တော့ ဘာကိုးဗစ် လိုအပ်ချက်မှ မရှိပါဘူး၊ အင်ဒိုနီးရှား ခွာနာရှာနာအတွက်ပဲ အလေးထားပြီး စစ်ဆေး မေးမြန်းနေကြတယ်။ ကိုယ်က ခြေအငြိမ်မနေနိုင် လက်အငြိမ် မနေနိုင်ဆိုတော့ အဖေ့ကို အုန်းလက်ခုတ်ခိုင်းပြီး ပုတီးတကုံးသီလာမိတယ်။ အဖေက ဆွဲလာ တော့ တလမ်းလုံး လှတယ်လို့ပြောခံရတာ သဘောကျနေတာ Biosecurity လဲရောက်ရော စိမ်းသေးလို့ဆို ဖမ်းသိမ်းထားလိုက်ရော၊ စိတ်တွေတိုတာ။ နောက်ဆို ရောက်ရောက်ချင်းလုပ်ပြီး တပတ်လုံး နေခြောက်လှမ်းထားမယ်ဆို ကြိမ်းနေလိုက်သေး၊ နောက်တခေါက်ပဲ သွားတော့ မလိုလိုနဲ့လေ။ ကိုယ်တို့ မြန်မာပြည်လဲ အဲဒီလိုဆို သိပ်ကောင်းမှာနော်။ အိမ်နှစ်တိုင်းပြန်လို့ရမယ်။

ချစ်သောမြန်ပြည် ငြိမ်းချမ်းပါစေ။
ခင်လေး (Aotearoa)
12:28 a.m. 21.10.2022 Friday

* ခရီးသွား မှတ်တမ်းဓာတ်ပုံမျာ
၁။ 

ခေါင်းအုံးစွပ် ပန်း၊ အိပ်ရာဖုံး ဆေးဆိုးနဲ့ အိပ်ခန်းအလှဆင် ပြပွဲမှာ သီချင်းဝိုင်းဆိုနေကြတဲ့ အဘွားတွေ။ သူတို့က ပန်းထိုးမယ့်ဒီဇိုင်းတွေကို ကိုယ်တိုင်ဆွဲလေ့ရှိကြတယ်။ သူများက သူတို့ဒီဇိုင်းကို ခိုးကူးမှာသိပ်စိုးရိမ်တာတဲ့။ ဒီပြပွဲအတွက် ပြပွဲမတိုင်ခင်ညက ပြင်ဆင်ခင်းကျင်းကြတော့ သူတို့ဒီဇိုင်းလေးတွေ မပြရသေးခင် ခိုးကူးခံရမှာကိုတွေးပြီး မထားခဲ့ရက်နိုင်ဖြစ်နေကြသေးတယ်တဲ့။ ပန်းလှလှထိုးထားတဲ့ခေါင်းအုံးစွပ်နဲ့အိပ်ရင် အိပ်မက်ကောင်းမက်တယ်ဆိုပဲ။ ကိုယ်ငယ်ငယ်က ၈၈ ကျောင်းပိတ်ထားတဲ့ အချိန်မှာ တော်တော် လုပ်လိုက်သေးတာ၊ အဲဒီ အယူအဆကို မသိခဲ့ပါဘူး။

၂။ 


-ကျွန်းသူအဘွားတွေက လက်မှုပညာကို တန်ဖိုးထားကြပါတယ်။ အထူးသဖြင့် သစ်ပင်ကထွက်တဲ့လျှော်တွေနဲ့ ရက်တဲ့ ဦးထုပ်၊ ခြင်းတောင်း၊ ယပ်တောင်စတဲ့ ပစ္စည်းလေးတွေကိုပေါ့။ ဘုရားသခင်က လူ့လောကကို လက်မှု ပညာရှင်တွေကနေတဆင့် ဆက်သွယ်တယ်လို့ သူတို့ယုံကြည်တယ်။ ဒီဦးထုပ်ကလေးတွေက နြူးဝေကျွန်းကို ခရစ်ယာန်ဘာသာနဲ့ အတူ ရောက်လာတဲ့ ဦးထုပ် ယဥ်ကျေးမှု စတင်ထွန်းကားစဥ်က ဦးထုပ်လေးတွေ။ ဘုရားကျောင်းသွားရင် ဦးထုပ်အလှခြင်းပြိုင်ရတာက အမျိုးသမီးတွေရဲ့ အလုပ်တဲ့။ သူတို့ အမျိုးသားပြတိုက်ထဲမှာ ပြထားတာ။ ၁၉၉၅မှာတိုက်တဲ့ဆိုင်ကလုံး ဝီလီယမ်မှာ ပြတိုက်ရဲ့ ၉၀ ရာခိုင်နှုန်းလောက် ပါသွားတယ်တဲ့။ ဒါလေးတွေက ကျန်ခဲ့တဲ့ ၁၀ ရာခိုင်နှုန်းနဲ့ အခုခေတ်လက်ရာတွေ ရောပြထားတာတဲ့။ ပြတိုက်ထဲဝင်ရင် ဖိနပ် ချွတ်ရတယ်။

၃။ 
သစ်ခေါက်ကို ထုပြီး ဆေးချယ်ထားတဲ့နြူးဝေလို ဟီယာပို တုန်ဂါလို တာပါလို့ ခေါ်တဲ့ သစ်ခေါက် အထည်။ တချို့က အိမ်မှာအလှပြထားကြသလို တချို့က ဘုရား‌ကျောင်းသွားရင် အမြတ်တနိုး ဝတ်သွားလေ့ရှိကြတယ်။ ကိုယ်မြင်ဖူးတဲ့ ဆာမိုဝါ၊ တုန်ဂါ အထည်တွေမှာ ဂျီဩမေတြီ ပုံစံ ဒီဇိုင်းတွေပဲ အဓိကပါလေ့ရှိတယ်။ နျူးဝေမှာတော့ ပန်းလေးတွေ အရွက်လေးတွေပါပါတော့ ကိုယ့်အကြိုက်ပေါ့။
၄။ 

ဒါကတော့ ကျွန်းပေါ်ကို ခွင့်မရပဲ ကျူးကျော်လာတဲ့ ရန်သူကို နှိမ်နင်းပြီး ရလာတဲ့ ဆံပင်ပါတဲ့။ သေချာကျစ်ထားတဲ့ ဆံပင်ကို ကျွန်းအုပ်ကြီးက ပခုံးပေါ်တင်ထားပြီး နောက်ထပ် ကျူးကျော်တဲ့ သူတွေ မလာရဲအောင် လှန့်ပါတယ်တဲ့။ နြူးဝေအမျိုးသမီးတွေလဲ မခေပါဘူးနော်။ သူတို့ပြောပြတဲ့ ပုံပြင်တွေထဲမှာ ကိုယ်အကြိုက်ဆုံးကတော့ ဟိုးရှေးရှေးတုန်းက စုံတွဲ တစ်တွဲရှိတယ်တဲ့၊ အမျိုးသမီးက ရှိသမျှ အလုပ်အကုန် လုပ်ရတဲ့အပြင် ယောကျာ်းကိုလဲ ထမင်းပွဲရှေ့ရောက် ပြုစုရတယ်တဲ့၊ ယောကျာ်းကတော့ ဘာမှမလုပ်ပဲ ထိုင်နေတာပဲတဲ့။ တနေ့ကျတော့ မိန်းမက စိတ်မရှည်တော့တဲ့အတွက် ဘာလုပ်တယ်မှတ်သလဲ။ အလွန်စေးပျစ်တဲ့ နျူးဝေ ဆန် ပြုတ်ပူပူတအိုးလုံးကို ထိုင်နေတဲ့ ယောကျာ်းပေါ်ကို လောင်းချလိုက်ပါရောတဲ့။ ယောကျာ်းလဲ ဘယ်တော့မှ မလှုပ်နိုင်တော့ပဲ ထိုင်နေရက်လေး သေသွားပါသတဲ့။ ဟန်ကျတယ်နော်၊ ပျော်စရာကြီး။ အဲဒီဆန်ပြုတ်ကို ကမ္ဘာ့ အစားအစာနေ့ စျေးမှာ ရောင်းနေတာတွေ့တော့ အဖေက စားကြည့်မလားတဲ့။ ကိုယ်ရယ်ပြီး ခေါင်းခါပြလိုက်တယ်။ ကိုယ့်သွားတွေ ကပ်ကုန်ရင် ဘယ်လိုလုပ်မလဲနော်။

၅။ 


ကမ္ဘာ့အစားအစာနေ့‌စျေး။ မြန်မာပြည်က အသီးအနှံတွေအတော်များများ တွေ့ရတယ်။ ဩဇာသီးတွေ့တော့ ခုန်ပေါက်ပြီး ဝယ်စားပစ်လိုက်တယ်။ ဘယ်သူမှတားလို့မရဘူး။ အုန်းလက်တွေကို တောင်းလုပ်ပြီး အသီးအနှံတွေ၊ သစ်ဥ သစ်ဖုတွေကို ထည့်ရောင်းကြတယ်။ သူတို့ရဲ့ အဓိက ထမင်းစားသလိုစားတဲ့ပိန်းဥကြီးတွေကို အပင်လိုက်တွေ နှုတ်လာပြီး ဝယ်သူလာမှ အရွက်တွေခုတ်၊ ချိန်ပြီး ရောင်းကြတယ်။ ဒီကောင်တွေက ထုံးကျောက်သားပွပွပေါ်မှာ ပေါက်တာဆိုတော့ အရသာက ကိုယ်နယူးဇီလန်မှာစားဖူးတဲ့ ပိန်းဥတွေထက် ပိုကောင်းတယ်။ စီးစီးချိုချိုလေး။ 

၆။ 
စျေးထဲက အုန်းဂဏန်းကောင်

၇။ 
ပင်လယ်ရေတံခွန်

၈။ 

ဗနီလာပွင့်

၉။  

ဗနီလာသီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar