Breaking News

ဧရာ(မန္တလေး) - ကွန်တမ် နှစ်ကိုယ့်တစိတ် နိုဘယ်ဆု


 

ဧရာ(မန္တလေး) - ကွန်တမ် နှစ်ကိုယ့်တစိတ် နိုဘယ်ဆု

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၂


ဒီနှစ် ရူပဗေဒနိုဗယ်ဆုကို Quantum Entanglement ကို စမ်းသပ်ခဲ့ကြတဲ့ Alain Aspect, John Clauser and Anton Zeilinger တို့က ရသွားတယ်။ 

Quantum Entanglement ဆိုတာ ဘယ်လိုမျိုးလဲ။ 

အချို့က အမြွှာညီအကိုတွေကို နှစ်ကိုယ့်တစိတ်လို့ ပြောလေ့ ရှိတယ်။ 

ဆိုပါစို့ အဲဒီလို တကယ် အတိအကျ တစိတ်တည်း ဖြစ်နေခဲ့ပြီး ဒီညီအစ်ကို နှစ်ယောက်က တမြို့စီမှာ ရှိနေကြတယ်လို့။ ဒါဆိုရင် တယောက်ကို သတင်းအချက်အလက်တခု ပေးလိုက်ရင် ဖုန်းဆက်စရာ၊ စာပို့စရာမလိုဘဲ အခြားတယောက်ဆီကို သတင်းရောက်သွားမယ်။ ကြားကနေ ဖုန်းကို ဖြတ်နားထောင်မှာ၊ စာကို ဖောက်ဖတ်မှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ Quantum Entanglement ဆိုတာ ဒီသဘောဆန်ဆန်ပါပဲ။ 

ရုပ်အမှုန်လေးတွေမှာ အမြွှာညီအကိုလို အချင်းချင်းယှက်နွယ်နေတာမျိုး ရှိတယ်။ နှစ်ကိုယ့်တစိတ်တော့ မဟုတ်ဘူး။ “ကိုယ်က အဖြူဆို၊ သူက အမည်း” ဆန့်ကျင်ဘက်သဘောနဲ့ ဆက်နွှယ်နေကြတာ။ အဲဒီလို အမှုန်နှစ်ခု အဝေးတနေရာစီကို ပို့လိုက်မယ်ဆိုရင်လည်း ဒီသံယောဇဉ်က ပြတ်မသွားဘဲ ရှိနေတယ်။ ဒီတော့ တနေရာက အမှုန်လေးကို အဖြူ၊ အမည်းစသဖြင့် သတင်းအချက်အလက်တွေ ပေးလိုက်ရင် အဝေးတစ်နေရာကို တမုဟုတ်ချင်း ရောက်သွားနိုင်တယ်။ ဒီလို သတင်းပို့တာကို Quantum Teleportation လို့ ခေါ်တယ်။ Teleportation လို့ ပြောပေမယ့် ဒီနေရာမှာ ပျောက်ပြီး တမုဟုတ်ချင်း အခြားတနေရာကို ရောက်သွားတာမျိုး တော့မဟုတ်ပါဘူး။ သတင်းအချက်အလက်ပဲ ရောက်သွားတာပါ။

ဒါများ ဘာဆန်းလို့လဲ ...။ ဖုန်းတွေ၊ အင်တာနက်တွေနဲ့ ပို့လို့ရနေတာပဲလို့ ‌မေးခွန်းထုတ်စရာ ရှိတယ်။ ရပါတယ်။ ဒါပေမဲ့ ဒီသတင်းအချက်အလက်တွေက အလင်းအလျင်နှုန်းထက် မြန်ပြီး မသွားနိုင်ပါဘူး။ တနည်း ပြောရရင် မြန်တာသာ ရှိတာ၊ သတင်းအချက်အလက်တွေက တနေရာကနေ တနေရာကို တကယ်သွားရပါတယ်။ 

ဆိုပါစို့ ... အလင်းနှစ် ၁၀ နှစ်ဝေးတဲ့ အခြားစကြာဝဠာတစ်ခုကို သတင်းပို့ဖို့ ဆိုရင် ၁၀ နှစ်ကြာပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကြဝဠာနှစ်ခုကို Quantum Teleportation သုံးပြီး သတင်းပို့ရင်တော့ ၁၀ နှစ် မပြောနဲ့၊ တစ်စက္ကန့်တောင် မကြာဘဲ တမုဟုတ်ချင်း ရောက်သွားပါလိမ့်မယ်။ 

ဒီအတွက်ကတော့ Quantum Teleportation သိပ်အများကြီး ကျေးဇူးကြီးလှမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အခြားစကြာဝဠာနဲ့ ဆက်သွယ်နေမှာ မဟုတ်လို့ပါ။ အလင်းရောင်က တစ်က္ကန့်အတွင်း ကမ္ဘာကြီးကို ၇-ပတ်ခွဲလောက် ပတ်နိုင်လောက်အောင် မြန်တာဆိုတော့ လက်ရှိနည်းပညာက ကမ္ဘာပေါ်က တစ်နေရာနဲ့ တစ်နေရာကို ဆက်သွယ်ဖို့အတွက် လုံလောက်နေပါပြီ။ 

ဒါပေမဲ့ သတင်းအချက်အလက်တွေက တနေရာကနေ တနေရာကို တကယ်သွားရတဲ့အခါ ကြားကနေပြီး ခိုးယူလို့၊ ခိုးနားထောင်လို့ ရနိုင်ပါတယ်။ Quantum Teleportation သုံးရင်တော့ ကြားဖြတ်ယူလို့ မရတဲ့အတွက် အများကြီး စိတ်ချလုံခြုံပါတယ်။ 

တကယ်တော့ Quantum Entanglement ဆိုတာက အသစ်အဆန်း မဟုတ်ပါဘူး။ Quantum Mechanics စပေါ်ကတည်းက ရှိခဲ့ပြီးသားပါ။ ဒီသဘောတရားကို အိုင်းစတိုင်းက သိပ်အယုံအကြည်မရှိဘဲ spooky action at distance လို့တောင် သမုတ်ခဲ့ဖူးတယ်။ မသိသေးတဲ့ hidden variable တခု လိုနေလို့ နေမှာပါလို့ သူက ယူဆခဲ့တယ်။ 

Clauser က အိုင်းစတိုင်း ပြောသလို မဟုတ်ဘဲ၊ Quantum Entanglement မှန်ကန်ကြောင်းကို ထပ်ဆောင်းပြီး လက်တွေ့စမ်းသပ်ပြခဲ့တယ်။ Aspect နဲ့ Zeilinger တို့က ဒီစမ်းသပ်မှုကို ပိုပြီးကောင်းမွန်အောင်လုပ်နိုင်တဲ့အတွက် သိပ္ပံနယ်ကနေ နည်းပညာနယ်ကို ရောက်အောင် ဆောင်ကြဉ်းနိုင်ခဲ့ကြတယ်။ 

၂၀၁၇ ခုနှစ်တုန်းက Zeilinger ဦးဆောင်ပြီး တရုတ်က နှောင်ဖွဲ့နေတဲ့ အမှုန်တွေကို ဂြိုဟ်တုပေါ်ကို လွှတ်တင်ပြီး Quantum Teleportation ကို စမ်းသပ်မှု ပြုနိုင်ခဲ့တယ်။ 

သိပ်မကြာခင် ကာလတွေမှာ ကွမ်တမ်နည်းပညာ အသုံးပြုတဲ့ ကွန်ပျူတာတွေ၊ ဆက်သွယ်ရေးတွေ၊ လုံခြုံရေးတွေ ရေပန်းစားလာပါတော့မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar