Breaking News

အနုပညာသည် တော်လှန်ရေး၊ ပြည်သူ၊ အာဏာ နဲ့ မိမိ… ဘယ်သူ့အတွက်လဲ



မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၆ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၂


အနုပညာသည် တော်လှန်ရေး၊ ပြည်သူ၊ အာဏာ နဲ့ မိမိ… ဘယ်သူ့အတွက်လဲ

ဒေါ်လှကျော်ဇော၏ ဆောင်းပါး - https://www.moemaka.com/2022/09/blog-post_90.html  “ဆံဖြူမယ် ဆောင်းပါး” မှာ အနုပညာရှင်တွေ၏ တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်နေမှုဟာ နွေဦးတော်လှန်ရေးအတွက် ထူးခြားချက်၊ အားသာချက်ဖြစ်တယ်လို့ ရေးထားပါတယ်။ သူ ရေးတာကို ကောက်နုတ်ပြရရင် - 

“ … ဒီတော့ ကျန် မျိုးချစ်ပြည်ချစ် နိုင်ငံရေးသမားများကလည်း ကိုယ် နိုင်တဲ့တာဝန် ၀င်ထမ်းကြရမှာပေါ့။ ဒီတခေါက် တော်လှန်ရေးကာလမှာ ဘယ်တုန်းကမှ မတူတဲ့ အချက်တွေ တွေ့ရတယ်။ ဥပမာ အနုပညာသည်တွေ အများအပြား ပါဝင်လာမှုပါ။ 

အရင်ကာလတွေတုန်းကလည်း အနည်းအပါး ပါဝင်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီတခါကတော့ စံချိန်တင်လောက်ပါတယ်။အရင့်အရင်က ပါဝင်ပြီး ငြိမ်နေသူများကလည်း အခု ပြန်လည်လှုပ်ရှားလာတာတွေ တွေ့ရတာ အားတက်စရာပါ။

အနုပညာရပ်ဟာ လူသားတွေရဲ့ စိတ်ဓာတ်ခွန်အားတွေကို မထင်မှတ်နိုင်လောက်တဲ့ အတိုင်းအတာအထိ တိုးမြှင့်ပေးနိုင်ရုံမက ယုံကြည်ချက်တခုတည်းအောက်၊ သို့မဟုတ် အလံတခုတည်းအောက်ကို စုစည်းပေးနိုင်တဲ့အထိ တန်ခိုးသြဇာကြီးမားတာတွေ ကိုအောင်ပွဲရခဲ့တဲ့ တော်လှန်ရေး ဖြစ်စဉ်တွေမှာ တွေ့ရတတ်ပါတယ်။ …”

ဟုတ်ပါတယ်။ ၈၈ အရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းပြီးတဲ့နောက်မှာ ဂီတ ရုပ်ရှင် သဘင် အနုပညာရှင်တော်တော်များများက အနုပညာလုပ်ခွင့် ပိတ်ပင်မခံချင်တာကြောင့် စစ်အုပ်စုကို အောက်ကျို့ ခေါင်းငုံ့ဝင်ခဲ့ကြပါတယ်။ စာပေနဲ့ စာနယ်ဇင်းသမားတွေထဲမှာလည်း စစ်တပ်ဘက်ကလိုက်ပြီး ရပ်တည်သွားတဲ့ သူတွေ ရှိကြပါတယ်။ အချို့ကတော့ စစ်တပ်ဘက်က မလိုက်ဘူး ဆိုသော်ငြားလည်း မိမိဘ၀ရပ်တည်ရှင်သန်ရေးအတွက် ရေငုံနှုတ်ပိတ်ပြိး ကြားနေသွားကြတာမျိူးလည်း ရှိပါတယ်။ စာပေ စာနယ်ဇင်းနဲ့ အနုပညာရှင်တွေထဲမှာ မိမိရပ်တည်ရေးအတွက် လည်ရင် လည်သလို လှည့်ပတ်ရပ်တည်ကြတဲ့သူတွေ ရှိပြီး ပရိသတ်ကိုယ်တိုင်ကလည်း မိမိတို့ မျက်စိအောက်က ပျောက်မသွားတဲ့ ပညာသည်ကိုသာ မမေ့မလျော့ အားပေးတတ်ကြတာမို့ ပရိသတ်နဲ့ အသက်မွေးသူတွေဟာ အာဏာရှင်မျက်စောင်းကြောင့် စင်အောက်ရောက်မသွားဖို့ အလေးထားကြတာလဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ခေါင်းမငုံ့တဲ့ အနုပညာရှင်တွေထဲမှာ မင်းသားကြီး ဦးထွန်းဝေကိုတော့ ၈၈ အရေးတော်ပုံ၏ ကောက်နုတ်ပြစရာ စံပြုစရာ အနုပညာရှင်များကြားထဲက တဦးအဖြစ် ဥပမာ ပြနိုင်ပါတယ်။ ဦးထွန်းဝေဟာ စစ်အာဏာရှင်လက်ထက်မှာ မီးရောင်အောက် ပြန်မဝင်တော့တဲ့ ရုပ်ရှင်သမားတဦး ဖြစ်ပါတယ်။ သူ့လိုမျိုး အနုပညာရှင်တွေ အများအပြားရှိသော်လည်း အမှတ်တရတဦးအဖြစ် ထုတ်ပြတာ ဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်ကာလမှာလည်း အနုပညာရှင်တွေအများအပြား တကျော့လည်ပြန် လမ်းပေါ်တက်ပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြပါတယ်။ စစ်အုပ်စုက အပြင်းအထန် ဘုန်းကြီး ကျောင်းသား လူငယ် ပြည်သူ အကုန် ရက်စက်စွာ နှိမ်နင်းတဲ့အခါ အဆိုပါအနုပညာရှင်အတော်များများလည်း နောက်ပြန် ဆုတ်ခွာသွားခဲ့ကြတာပါပဲ။ အဲသည်တုန်းက ရုပ်ရှင်မင်းသား ကျော်သူ၏ ရပ်တည်ချက်ကို လူထုက ထောက်ခံအားပေးခဲ့ကြပြီး ကိုဇာဂနာ၏ လှုပ်ရှားမှုများကိုလည်း ပြည်သူတွေက အများကြီးမျှော်လင့်ခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေ ဆက်လက်ဖိနှိပ်ထားတဲ့ကြားက ကျော်သူတို့ ဇာဂနာတို့က လူထုဆန္ဒကို ကိုယ်စားပြုဖို့ ထုတ်ဖော်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတာကို လူထုက အားပေးခဲ့ကြတာ တွေ့နိုင်ပါတယ်။

၂၀၀၈ ရွှေဝါရောင်နောက်ပိုင်း ဟစ်ဟော့ဂီတသမားတွေ၏ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ တေးသီချင်းတွေ အောင်မြင်တိုးထွက်လာပါတယ်။ အဲသည်လို ရဲရင့်တဲ့ ဂီတသမားတွေထဲမှာ ဇေယျာသော်ကိုလည်း တွေ့ကြရပါတယ်။ အခုတော့ ကိုဇေယျာသော်ဟာ နွေဦး၏ သူရဲကောင်းအာဇာနည်တဦးအဖြစ် စစ်ကောင်စီလုပ်ကြံမှုနဲ့ ကျဆုံးခဲ့ရပါပြီ။ 

၂၀၀၇ နောက်ပိုင်းမှ ပြည်ပကို ထိုးဖောက်ပြီး မြန်မာမျိုးချစ် ပြည်ချစ်တွေ၏ စိတ်ဓာတ်ကို မြှင့်တင်ပြီး စစ်ဆန့်ကျင်ရေးတိုက်ပွဲ အရှိန်ဆက်ထိန်းနိုင်ရေး အနုပညာနဲ့ ဖော်ထုတ် လှည့်လည်ဖျော်ဖြေခဲ့သူတွေကတော့ ထိုအချိန်အကျဉ်းကျနေတဲ့ ကိုဇာဂနာ၏ အငြိမ့်အဖွဲ့ သီးလေးသီးအငြိမ့်အဖွဲ့ဖြစ်ပါတယ်။ သူတို့တွေ၏ ၂၀၀၇-၂၀၀၉ ကာလ လှုပ်ရှားမှုတွေက ပွဲငတ်နေတဲ့ လွတ်လပ်မှုကို ဆာလောင်နေတဲ့ ပြည်တွင်း ပြည်ပက ပရိသတ်ကို ဩဇာရှိခဲ့ပါတယ်။

သို့ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲအကြို စစ်အစိုးရခေါင်းဆောင် ဦးသိန်းစိန်၏ ဖိတ်ခေါ်မှု လက်ကမ်းမှုတွေနဲ့ ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူများ အဖွဲ့အစည်းများ ပြည်တော်ဝင် ပြည်တော်ပြန်ကြချိန်မှာ သီးလေးသီးအဖွဲ့လည်း ပြည်တော်ပြန်သွားခဲ့ကြပါတယ်။ အဲသည်မှာ တော်လှန်သောအနုပညာသည်တွေဆိုတာလည်း တခန်းရပ်သွားတယ် ဆိုရမှာ ဖြစ်ပါတယ်။

 ၂၀၁၀ ရွေးကောက်ပွဲကို NLD မပါဘဲ တဖက်သတ် ကျင်းပပြီးနောက် ရွှေရည်စိမ်ဒီမိုကရေစီခေတ်ဦးကာလနောက်ပိုင်းမှာ စာပေ စာနယ်ဇင်း ဂီတ ရုပ်ရှင်တွေမှာ လွတ်လပ်ခွင့် အထိုက်အလျောက်ရလာပေမယ့် စစ်တပ်၏ နည်းမျိုးစုံသော ဥပဒေတွေနဲ့ နှိပ်ကွပ်မှုတွေကြား ကြိုးတန်းလမ်းလျောက် ကြံ့ကြံ့ခံ ဖြတ်သန်းကြရတာတွေရှိလာပါတယ်။ အဲသည်မှာ ၈၈ မျိုးဆက်တွေ နဲ့ နောက်ပိုင်းမျိုးဆက်တွေ၏ တော်လှန်သော အနုပညာ စာပေ အရည်အသွေးတွေ ထွန်းတောက်လာကြပါတယ်။ 

ထင်ရှားတဲ့ စာရေးဆရာတွေထဲမှာ ၈၈ မျိုးဆက် မင်းကိုနိုင်နဲ့ ဂျင်မီတို့ဟာ နွေဦးတော်လှန်ရေးမှာ ဦးဆောင်သူတွေအဖြစ် ပါဝင်လာခဲ့ကြပါတယ်။ ကိုဂျင်မီက ကိုဇေယျာသော်နဲ့အတူ စစ်ကောင်စီ၏ လုပ်ကြံသတ်ဖြတ်မှုနဲ့ အာဇာနည်တဦးအဖြစ် ရဲရင့်စွာ ကျဆုံးခဲ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစလို့ စာပေ ရုပ်ရှင် ဂီတ အနုပညာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အရိပ်အောက်မှာ မျိုးချစ်ပြည်ချစ် ပရိသတ်အချစ်တော်တွေအဖြစ် တောက်ကြွားကြ မြှောက်စားခံကြ အတော်ပေါ်ပြူလာဖြစ်လာကြတယ် ဆိုရပါမယ်။ စစ်အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် သင့်မြတ်နေသ၍ သူတို့အနုပညာသည်တွေလည်း ဘယ်စင်ပေါ်တက်တက် မျက်နှာမငယ်ခဲ့ကြဘူး ဆိုရပါမယ်။ သို့သော် စစ်တပ်၏ စည်းမျဉ်းခံဒီမိုကရေစီကို ဝေဖန်ထောက်ပြ ဆန္ဒထုတ်ဖော် ရေးသား သရုပ်ဖော်သူ စာပေအနုပညာရှင်များ သတင်းသမားများကတော့ ဘယ်အစိုးရလက်အောက်မှာဖြစ်ဖြစ် ဥပဒေမျိုးစုံအောက်မှ ဖိနှီပ် ချုပ်ချယ် ဖမ်းဆီး တားမြစ်ခံနေရဆဲ ဖြစ်ခဲ့ကြပါတယ်။

သည်လိုနဲ့ နွေဦးတော်လှန်ရေးပေါ်ထွန်းလာပြီးတော့ စာပေ ရုပ်ရှင် ဂီတ အနုပညာမျိုးဆက်သစ်တွေဟာ သည်အရေးတော်ပုံမှာတော့ဖြင့် စစ်အာဏာရှင်တွေအရိပ်အောက်ကို ပြန်မလှည့်စတမ်း ကျောခိုင်းလိုက်ကြပြီလို့ ဆီုရမယ် ထင်ပါတယ်။ နွေဦးကနေ ပြတ်ပြတ်သားသား ရပ်တည်ပြီး ပရိသတ်ကြီးကိုပါ သူတို့နဲ့အတူ အောင်ပွဲဆီအထိ အတူတူလျှောက်ကြဖို့ကိုပါ ဆွဲဆောင်စည်းရုံးလိုက်နိုင်ကြတယ်လို့ ဆိုရပါတယ်။ သူတို့၏ စင်မြင့်ကိုလည်း စစ်ကောင်စီမြက်ခင်းပြင်ကနေ အမြစ်က ဆွဲနှုတ်ပြီး ပြည်သူတွေ၏ ရင်ခွင်ထဲမှာ ထူထောင်ဖို့ ကြိုးစားနေကြပါတယ်။ နွေဦးတော်လှန်ရေး၏ စင်မြင့်မှာ စာပေ ဂီတ ရုပ်ရှင် စာနယ်ဇင်း ပညာသည်တွေဟာ သူတို့၏ တင်ဆက်မှုတွေကို ထုတ်လုပ်နေကြပါတယ်။ အောင်ပွဲခံဖို့ ကြိုးပမ်းနေကြပါတယ်။

ဥပမာအနေနဲ့ ပြောရရင် လွတ်လပ်သော စာနယ်ဇင်းအစုအဖွဲ့များစွာဟာ ခုထိ အားကောင်းမောင်းသန် ရပ်တည်နေဆဲဖြစ်ပါတယ်။ စာပေ ဂီတ ရုပ်ရှင်သမားတွေဟာ သူတို့ အနုပညာတွေကို အွန်လိုင်းကနေ ထုတ်လုပ်တင်ဆက်မှု အဆက်မပြတ်လုပ်ဆောင်နေကြပါတယ်။ ပရိသတ်ကလည်း သူတို့နဲ့အတူ လိုက်ပါ အားပေးနေကြဆဲ ဖြစ်ပါတယ်။ PVTV လို မီဒီယာပလက်ဖောင်းလိုမျိုးမှာ တင်ဆက်နေတဲ့ အစီအစဉ်တွေနဲ့ အခြားပလက်ဖောင်းတွေက တင်ဆက်နေတာတွေ အတော်များများဟာ မြန်မာပြည်တွင်းက ထွက်လာကြတဲ့ ပရိုဖယ်ရှင်နယ် ပညာသည်တွေ၏ ထုတ်လုပ်ပေးဆပ်တင်ဆက်မှုတွေ  ဖြစ်နေပါတယ်။ နောက်ဆုံး ဒါရိုက်တာကိုပေါက်၏ ရုပ်ရှင်ကားတိုလေးကို မြန်မာပြည်ချစ် ပရိသတ်က ခြိမ့်ခြိမ့်သည်း အားပေးနေတာ မြင်တွေ့နေကြရပါတယ်။ စစ်အုပ်စု၏ အာဏာပါဝါ အခွင့်အရေး အကျိုးစီးပွား မက်လုံးနဲ့ ပစားပေးမှု အကာအကွယ်ပေးမှုတွေကို ကျောခိုင်းပြီး လွတ်မြောက်သော အနုပညာရပ်ဝန်းဒေသကို နွေဦးတော်လှန်ရေးမှာ ထူထောင်ကြပြီး မြန်မာပရိတ်သတ်ကိုယ်တိုင်က ဒါကို လိုက်ပါ အားပေးကြတာကို မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။

ဒေါ်လှကျော်ဇော၏ ဆောင်းပါးမှာ သည်လိုဆုံးထားပါတယ်။  

“ … ဓားသွားထက် ကလောင်သွားထက် ဆိုစကားရှိမဟုတ်လား။ ဒါကြောင့် နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးသမားများ အားလုံးအနေနဲ့ အဲဒီဥပမာလေးအတိုင်း သီချင်းရေးနိုင်သူက သီချင်းရေး၊ ကဗျာရေးနိုင်သူက ကဗျာရေး၊ ဗွီဒီယိုဇာတ်လမ်းလေးတွေ လုပ်နိုင်သူကလုပ်နဲ့ ပြည်သူ့တွေကို စည်းရုံးရေးလှုံ့ဆော်ပြီး၊ မိမိနိုင်ရာနိုင်ရာအပိုင်းများကနေ တော်လှန်ရေးကြီး အကျိုးရှိရာရှိကြောင်း ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ …” တဲ့။

စစ်အေးကာလကတည်းက အရင်းရှင်နဲ့ ကွန်မြlနစ် အားပြိုင်ကြတုန်းက စာပေအနုပညာနယ်မှာလည်း အငြင်းပွားစရာ စကားရှိခဲ့ဖူးပါတယ်။ အနုပညာသည် ပြည်သူ့အတွက်လား၊ အနုပညာသည် အနုပညာအတွက် သက်သက်ပဲလား ဆိုတာပါ။ အခုအချိန်မှာ နွေဦးတော်လှန်ရေးကာလအတွင်း အနုပညာသည် မင်းအောင်လှိုင်တို့ စစ်အုပ်စုအတွက် မဟုတ်ဘူးဆိုတာကတော့ သေချာနေပြီ ဖြစ်ပါတယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar