Breaking News

မြို့ပြ၏ နယူးနော်မယ်နဲ့ ပြောက်ကျား၏ အရွေ့



မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၅ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၂


မြို့ပြ၏ နယူးနော်မယ်နဲ့  ပြောက်ကျား၏ အရွေ့

ကဗျာဆရာ ကြည်ဇော်အေး နဲ့ ကာတွန်း ရာဇာသာစည်တို့ ဒီရက်ပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်။ ခေတ်ကို ထင်ဟပ်တဲ့ ကဗျာတွေ၊ ကာတွန်းတွေ ရေးသားကြသူတွေ ကွယ်လွန်ကြတာမို့ စာပေအသိုင်းအဝိုင်းက ဝမ်းနည်းစွာ မှတ်တမ်းပြုကြပါတယ်။ အရွယ်ကောင်းတုန်းမှာ ကျန်းမာရေးအခြေအနေအရ မမျှော်လင့်ဘဲ ကွယ်လွန်ရတာမို့ နှမြောကြရပါတယ်။ 

မြန်မာပြည်မှာက မြို့ရော နယ်ပါ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း ဆုတ်ယုတ်နိမ့်ပါးနေတာမို့ သာမန်ပြည်သူလူထုအတွက် အများကြီး ဒုက္ခရောက်နေကြပါတယ်။ နောက်ဆုံးအချိန်ကျမှသာ ဆေးရုံဆေးခန်းရောက်ကြရပြီး ဆုံးရှုံးရတာ များတယ်လို့ ဆိုနိုင်ပါတယ်။

ဒေါ်လာနဲ့ မြန်မာငွေလွှဲစျေးက အခုရက်ပိုင်းအတွင်း ငြိမ်သက်နေတယ် ဆိုကြပါတယ်။ စစ်ကောင်စီက ဒေါ်လာငွေကို ထိန်းချုပ်ဖို့ စတင်ကြိုးစားပြီးနောက် ကျပ် ၂၀၀၀ စျေးကနေ ကျပ် ၃၀၀၀ ကျော် ဖြစ်ခဲ့ပြီး ယခုကတော့ ကျပ် ၂၆၀၀ နဲ့ ၂၈၀၀ ကြားထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပြောကြပါတယ်။ ငွေစျေးကစားသူတွေ၏ တွန်းတိုက်မှုတွေကြောင့်ကလည်း နောက်တပူဆင့်တာမို့ ကျပ် ၃၀၀၀ ကျော် မြင့်ခဲ့ရတာဖြစ်ပြီး တကယ်တန်း ကျပ် ၃၀၀၀ ကျော်နဲ့ အရောင်းအဝယ်မဖြစ်လို့ စျေးတွေ ပြန်ကျဆင်းရတယ်လို့ သတင်းသမားတချို့က မှတ်ချက်ပေးပါတယ်။ မြန်မာပြည်က ငွေဖောင်းပွမှု၊ ကုန်စည်ရှားပါးမှုအပြင် စစ်ကောင်စီလက်အောက် ကုန်စည်ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ကန့်သတ်တားဆီးခံထားရတွေကြောင့် ပြည်တွင်းစျေးကွက်မှာ အကုန်လုံး စျေးကြီးမိတာ ဖြစ်ပါတယ်။ 

မြန်မာပြည်တွင်းက စားသုံးကုန်ဟာ ပြည်တွင်းမှာတင် ၁၀၀% နီးပါး လည်ပတ် ဝယ်ရောင်း စားသုံးနိုင်တာမို့ ပြည်ပသွင်းကုန် နဲ့ နိုင်ငံခြားငွေကို မရှိမဖြစ် ကုန်ပစ္စည်းများက မှီခိုစရာ မလိုပါဘူး။ သို့သော်လည်း ယခုချိန်ထိ မြို့ပြလူနေမှု စတိုင်မှာ တော်လှန်ရေးကာလမတိုင်ခင်ကအတိုင်း ပုံမှန်စားသောက်သွားလာ ဖောက်ကားမှု ဟန်ချက်မပျက်နေထိုင်သူ လူတန်းစားက ခုထိမလျော့သေးတာမို့ သူတို့စျေးကွက်က အားကောင်းနေတာ ဖြစ်ပါတယ်။ အလယ်အလတ်နဲ့ အခြေခံလူတန်းစားမှာကတော့ ချိုးခြံချွေတာ နေထိုင်နေရပြီး အလုပ်အကိုင် ရှားပါးမှု စားဝတ်နေရေး အကျပ်အတည်းကို နေ့စဉ် ခါးဆီးခံနေရပါတယ်။

မြန်မာပြည်တွင်းမှာ NLD အစိုးရလက်ထက်ကဲ့သို့ အခွန်အခ ကောက်ခံမှု စည်းကြပ်မှုတွေ မရှိတော့တာကြောင့်ရယ် အစိုးရ၏ လုပ်ငန်းလည်ပတ်မှုများ ပုံမှန်မရှိတော့တာကြောင့် စစ်ကောင်စီ၏ အစိုးရလုပ်ငန်းများလည်ပတ်နေမှုဟာ ယခင်စစ်အစိုးရများလက်ထက်ကအတိုင်း လာဘ်ပေး လာဘ်ယူ ကြားပေါက်ဝင်ငွေတွေနဲ့ လည်ပတ်နေတာ ဖြစ်နေပါပြီ။ 

ဝန်ထမ်းလစာဆိုတာကလည်း CDM တွေ၏ လစာများ ထုတ်မပေးတဲ့နောက်မှာ ဌာနဆိုင်ရာတွေ၏ ဝန်ထမ်းဘတ်ဂျက်တွေလည်း ပွင့်လင်းမြင်သာမှုတွေ မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။ လက်ရှိဘဏ်လုပ်ငန်းတွေက လည်ပတ်နေတဲ့ ငွေကြေးဆိုတာကလည်း ပုဂ္ဂလိကလုပ်ငန်းများ ပြင်ပဝန်ထမ်းများ မိသားစု ပို့ငွေ သွင်းငွေများနဲ့ ကုန်စည်လည်ပတ်မှုများကနေ အဓိကစီးဆင်းနေတာ ဖြစ်နေပါပြီ။ 

စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ်က ဒေါ်လာဝင်ငွေကို ပြန်ပေးဆွဲ လုယက်တာနဲ့ သူတို့ဝန်ဆောင်မှုတွေအပေါ် စည်းကြပ်မှုတွေ စျေးနှုန်းများ မြှင့်တင်တိုးကောက်တာတွေ ၊ စိတ်ထင်တိုင်း တောင်းဆိုတဲ့ အခကြေးငွေတွေ တိုးပွားမြင့်မားလာပြီး အထိန်းအကွပ် မရှိတော့တဲ့ အလားအလာကို တွေ့နေရပါတယ်။ ယခင် စစ်အစိုးရတွေလက်ထက်မှာတုန်းက အပြင်မှာ စျေးသက်သာနေပြီဖြစ်တဲ့ မိုဘိုင်းဖုန်းစနစ်ကို ပြည်တွင်းမှာ ဈေးအဆမတန်မြှင့်ပြီး ထိန်းချုပ်အမြတ်ထုတ်ခဲ့တာမျိူးတွေလို စစ်ကောင်စီကလည်း ခြေလှမ်းတွေ ပြင်ဆင်နေပုံရပါတယ်။ 

နောက်ဆုံးသတင်းကတော့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ရန်ကုန်မြို့တော်ဆင်ခြေဖုံးက မြို့သစ်တွေမှာ ဗုံးခွဲတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်လာကြောင်း သူတို့ကိုယ်တိုင်က သတင်းထုတ်ပြန်လာပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်သူများ၊ စစ်ကောင်စီကို ဆက်ကြေးပေး အခွန်ဆောင်သူများ၊ ဒုစရိုက်လုပ်ငန်း အားပေးသူ လုပ်ကိုင်သူများကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ သူတို့က ပြောပါတယ်။ 

Myanmar Spring ၏ သတင်းထဲမှာ - ယနေ့ (အောက်တိုဘာ ၅ ရက်) ည ၇ နာရီ ၅၂ မိနစ်ခန့်က ရာအိမ်မှူးအောင်ကျော်စော ပိုင်ဆိုင်သော 'ရွှေမြင့်မိုရ်'အဖျော်ယမကာ စတိုးဆိုင်ရှေ့ ဖောက်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူးပိုင် ယာဥ်တစ်စီး ပျက်စီးသွားသည်ဟု ဆိုထားပါတယ်။ အထက်ပါတိုက်ခိုက်မှုကို တောင်ဒဂုံပြောက်ကျားတပ်ဖွဲ့ SDGF နှင့် ဒို့ရိုးရာ ပြောက်ကျားတပ်ဖွဲ့ စသည့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ လုံခြုံရာသို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားတယ်လို့ ရေးထားပါတယ်။ ယခင်တလကျော်ခန့်က စစ်ကောင်စီ သတင်းပေးများ လက်ချက်နဲ့ ပြောက်ကျားအဖွဲ့အချို့ ဖြိုခွဲ နှိမ်နင်းခံခဲ့ရပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ သူတို့ ပြန်လည် နိုးထလာပြီလို့ ဆိုနိင်ပါတယ်။

ကျေးလက်ကနေ တွန်းလှန်ပြီး မြို့ပြကို ဝိုင်းကြမယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွတ် ပြောကြားခဲ့သလိုဆိုရင် မြို့ပြက ပြောက်ကျားဗျူဟာတွေကို NUG ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေက ဘယ်လိုလက်တွဲ ဆောင်ရွက်နေသလဲ၊ ဘယ်လိုသဘောထားချမှတ်ထားသလဲဆိုတာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်နေပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar