မင်းမင်း - ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်
မင်းမင်း - ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၂
"အေးအေးငြိမ့် စိမ့်ရေစီးတဲ့မြကန်
တိုးတိုးလေးဖွဲ့ဆို တေးသီချင်းတစ်ပုဒ်ကို
မှေးစက်မဲ့ ဆိတ်ငြိမ်ညတို့ရှိစေ"
"နီတဲ့သွေး ရဲရင့်လို့
ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ"
ငြိမ်းချမ်းရေးတိုက်ပွဲရဲ့ ပဲ့ကိုင်ရှင် တေးရေးကိုနေဝင်းကို ၄င်းနေထိုင်ရာရန်ကုန်က နေအိမ်မှာမေးမြန်းခဲ့ပါတယ်။ သီချင်းတွေကို ဆိတ်ငြိမ်တဲ့
တောတောင်တွေ ရောက်လေရာအရပ်တွေမှာ ရေးသားခဲ့တာပါ။သိပ်ပြီး ထွေထွေထူးထူး စဥ်းစားပြီးရေးခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။ ကိုနေဝင်းရဲ့တေးသီးချင်းတွေမှာ အကြောင်းအရာများဟာ နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သတ်နေပါတယ်။ သီချင်းရဲ့ စာသားတိုင်းမှာ လွတ်လပ်မှုကို အာသာငမ်းငမ်းလိုချင်နေတဲ့ လူထုကြီးကိုလည်းတွေ့မြင်နိုင်ပါတယ်။
ဒီသီချင်းပါပဲ။တလောက အညာဒေသရဲ့ လူထုလှုပ်ရှားမှုမှာ ကျောင်းသားလူငယ်များနဲ့ ဒေသခံ ပြည်သူလူထုတို့ဟာ ရန်သူ မင်းအရှေ့ကိုချီတက်ခဲ့ပြီတဲ့။ ဘန်နာကို ကိုင်စွဲထားတဲ့ရဲရင့်တဲ့ မျက်လုံး၊ကြောက်ရွံမှုကင်းစင်တဲ့ အပြုံးတွေနဲ့ တေးရေး ကိုနေဝင်းရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းစာသားဟာ ခန့်ခန့်ထည်ထည်ကြီးလေထဲမှာ တလူလူလွင့်နေခဲ့ပါတယ်။တကယ်ကိုကြောက်ရွံမှုကင်းစင်တဲ့ အညာဖြစ်ပါတယ်။
ယခုဆိုရင် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဟာလည်း တစ်နှစ်ကျော် ကာလအတွင်းကိုချဥ်းနင်းဝင်ရောက်ခဲ့ပါပြီ။ အဆုံးသတ်တိုက်ပွဲအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်နေသလို ပြည်သူလူထု တရပ်လုံးကလည်း နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို အမြန်ဆုံး အဆုံးသတ် ပြီးစေချင်ပြီဖြစ်ပါတယ်။ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးပုံအော တော်လှန်နေရတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး အဆိုအရတော့ နွေဦးတော်လှန်ရေးဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမတိုင်မီ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲမယ်လို့ အကြမ်းဖျင်း ဒီလိုပဲ နားလည်ထားပါတယ်။ ကာကွယ်ရေးဝန်ကြီးကလည်း နောက်ထပ်လေးလအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေကို မောင်းပြန်အလက် နှစ်သောင်းကျော်တပ်ဆင်ပေးဖို့ အမေရိကန်ဒေါ်လာသန်းတစ်ရာလိုအပ်တယ်လို့ဆိုထားတော့ အဆုံးသတ် နွေဦးတော်လှန်ရေးတိုက်ပွဲဟာ မလွှဲမရှောင်သာ ပေါ်ပေါက်လာမယ်လို့ လူထုကလည်း မျှော်တလင့်လင့်ရှိနေပြီဖြစ်ပါတယ်။
အခြားနိုင်ငံတွေ ငြိမ်းချမ်းသာယာနေချိန်မှာ မြန်မာနိုင်ငံမှာ သားသည်အမေနဲ့ သက်ကြီးရွယ်အိုတွေဟာ တောထဲ တောင်ထဲ နေ့ရော၊ ညပါ ပြေးလွှားနေရပါတယ်။ တစ်ချိန်က ပြည်သူလူထုကို အသက်နဲ့လဲ ကာကွယ်ပါမယ်ဆိုတဲ့ စစ်တပ်ဟာ ပြည်သူလူထုကို တွေ့ကရာနေရာမှာတင် ပစ်ခတ်သတ်ဖြတ်လို့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ သူပုန်ဖြစ်နေခဲ့တာကြာပြီ ဖြစ်ပါတယ်။
ဒီလို လူထုရဲ့ သူပုန်ကို နှိမ်နင်းရမယ့်အချိန်မှာ အချိန်အတိုင်းအတာတခု လိုအပ်ပေမယ့် ပြည်သူလူထု ငြိမ်းချမ်းရေးအတွက်တော့ ပြည်သူ့စစ် မဟာဗျူဟာကို ပြည်သူ့အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အရေးတကြီးလိုအပ်နေပြီပဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar