စိတ်ဝင်စားစရာ NUG Pay , ရွေးကောက်ပွဲကို ငြင်းဆန်သူများ

မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၂
စိတ်ဝင်စားစရာ NUG Pay , ရွေးကောက်ပွဲကို ငြင်းဆန်သူများ
အောက်တိုဘာလဆန်းက NUG ၏ ဝန်ကြီးဌာနက NUP Pay Wallet စမ်းသပ်ကာလ ပြီးဆုံးပြီး ပုံမှန်နှုန်းထားများနဲ့ စတင်လည်ပတ်မယ် လို့ ကြေညာပါတယ်။ မူလ စမ်းသပ်ကာလ ဇွန်ကနေ စက်တင်ဘာအတွင်း ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကို တခု ၁သောင်းနဲ့ ဝယ်ယူရင် ၃ထောင်ဖိုး ဝန်ဆောင်မှု နှုတ်ယူပါတယ်။ အခုကတော့ ပိုက်ဆံအိတ်တလုံးကို ၅၀၀၀ အိတ်ဖိုးနှုတ်ပါတယ်။ ကျန်တဲ့ ၅၀၀၀ ကျပ်ကတော့ ကိုယ်ကြိုက်တာ သုံးဖို့ပေါ့။ လက်ရှိမှာ အင်ဒရွိုက်ဖုန်းတွေနဲ့ မိုဘိုင်းအက်ပ် NUG Pay ကို အင်စတောလုပ်နိုင်ပြီး မကြာခင် အက်ပဲဗားရှင်းရမယ်လို့ သိရပါတယ်။
မူလက မြန်မာပြည်၊ စင်ကာပူ၊ ထိုင်းနဲ့ အာရှနိုင်ငံက သုံးစွဲသူတွေကို ဦးတည်ထားတာ လူ ၅သောင်းလောက် မှန်းထားခဲ့ရာက သုံးစွဲသူ ၁သိန်းကျော်ပြီ လို့ သူတို့ အစီရင်ခံစာထဲမှာ ဆိုပါတယ်။ သူတို့ဝယ်သုံးတဲ့ ဒီဂျစ်တယ်ကျပ် သန်း ၃၀၀၀ (၃ ဘီလျံ) ရှိနေပြီတဲ့။ မြန်မာပြည်တွင်းက မြန်မာကျပ်ငွေကို ဒီဂျစ်တယ်ကျပ် (DMMK) ပြောင်းစွဲထားတာ ကျပ် ဘီလျံကျော်တယ်လို့ ပြောသံကြားပါတယ်။ DMMK နဲ့ နွေဦးတော်လှန်ရေး အသိုင်းအဝိုင်းတွင်းမှာ လုံခြုံစိတ်ချစွာ ငွေကြေးလှည့်လည်ခြင်း၊ ပြောင်းလဲ သုံးစွဲခြင်းအတွက် ရည်ရွယ်တယ်လို့ ရေးထားပါတယ်။ လက်ရှိမှာ DMMK ပြောင်းပြီး Bond, EoD share နဲ့ မြေကွက်တွေ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုးမခက စမ်းသပ်သုံးစွဲကြည့်တော့ နည်းပညာသိကျွမ်းဖို့ အဆင့်အလတ်တန်း ရှိဖို့ လိုပါတယ်။ လက်ရှိ ကျပ်၊ ဒေါ်လာ၊ ယန်း၊ စက္ကူငွေကြေးကို အေးဂျင့်ကနေ DMMK ပြောင်းလဲဖို့ ငွေလွှဲတာ လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ဒီဂျစ်တယ်ငွေအိတ်ထဲ DMMK ပြောင်းသိမ်းပြီးရင်တော့ K pay, Wave တို့လို APP ကနေ မိတ်ဆွေတွေ၏ အကောင့်အမည်ကို သိရှိတာနဲ့ ချက်ခြင်း လွှဲလို့ ရပါပြီ။
Case Study ကတော့ ပြည်တွင်းက PDF ကို NUG Pay လက်ခံတယ်ဆိုတာနဲ့ ကိုယ့်ငွေကို တိုက်ရိုက်ပို့ပေးလို့ ရပါတယ်။ ဟိုက PDF ကတော့ သူတို့ အေးဂျင့်ကနေ ငွေသားထုတ်ချင်ထုတ်နိုင်ပေမယ့် သူတို့က ရတဲ့ DMMK ကို လက်ခံတဲ့ သူတို့၏ supplier တွေကို ငွေပေးချေတာ လုပ်လိုက်ကြတာ တွေ့ရပါတယ်။ NUG အစိုးရ၏ ငွေကြေးဘဏ္ဍာရေးစနစ်ကို ယုံကြည်တယ်ဆိုရင် သူတို့၏ DMMK ငွေကြေးက အောင်မြင်နိုင်ပါတယ်။ သူတို့ DMMK အဖြစ် ပြောင်းလဲတိုင်းကို လက်ရှိ ဒေါ်လာပေါက်စျေးနဲ့ ထားတဲ့ Tether Digital Coin နဲ့ ကျောထောက်နောက်ခံထားပါတယ်တဲ့။ သို့သော် ချဲထိုးတဲ့အလုပ်နဲ့ နှိုင်းရင်တော့ ထိုးသားတွေ ထိုးထားတဲ့ ငွေသားကို ဒိုင်တွေက သိမ်းထားတာမို့ ဒိုင်က မလျော်တော့ရင်တော့ လူတိုင်း နစ်နာ မှာ ဖြစ်ပါတယ်။ သို့သော် NUG အစိုးရကို စစ်ကောင်စီထက် ပိုမိုပြီး ယုံကြည်မှု ထောက်ခံမှု ရှိကြောင်း ပြသဖို့ကတော့ သည် ငွေကြေးစနစ် ကျယ်ပြန့်တိုးပွားမှုနဲ့ တိုင်းတာကြည့်ရမှာ ဖြစ်တယ်လို့ ဆိုရပါမယ်။
နောက် ခေတ်စားနေတဲ့ သတင်းတခုကတော့ ၂၀၂၃ ကလည်း နီးလာပြီမို့ မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်မှုနဲ့ မျော်လင့်ချက်ကို အားလုံးက စောင့်ကြည့်လာကြပါတယ်။ NLD ကတော့ ရွေးကောက်ပွဲဝင်ဖို့ မရှိသလောက်ပါပဲ။ ၂၀၁၀ တုန်းကလို NLD မပါတဲ့ ဦးသိန်းစိန် စစ်ဝန်ကြီးချုပ်လုပ်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဦးသိန်းစိန်သမတကြီး ပြန်ဖြစ်သလိုမျိုး စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကလည်း NLD မပါတဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ သမတပြန်ဖြစ်ပြီး ထွက်ပေါက်ရှာမလား မသိပါဘူး။ သူတို့ အရှင်ထွက်တဲ့ အပေါက်ဖြစ်တဲ့ ကြံ့ဖွံ့ပါတီမှာ အခုကတည်းက နေရာအပြောင်းအလဲ ခေါင်းဆောင် အပြောင်းအလဲတွေ လုပ်နေကြပြီ ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ ၂၀၂၃ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နဲ့ အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။
ရွေးကောက်ပွဲဆိုလို့ အမေရိကန်ပြည်ထောင်စုကတော့ ရွေးကောက်ပွဲကို အသုံးချပုံနဲ့ ရှုမြင်ပုံ မြန်မာတွေနဲ့ ကွာတယ် ဆိုရပါမယ်။ ၂၀၂၀ မှာ ဒေါ်နယ်ထရန့် ရွေးကောက်ပွဲ ရှုံးတော့ အမေရိကန်ရွေးကောက်ပွဲ မသမာမှုလို့ စွတ်စွဲပြီး ၂၀၂၁ ဇန်နဝါရီ ၆ မှာ မင်းမဲ့စရိုက်လူအုပ်ကြီးကို မြှောက်ပေးပြီး လွှတ်တော်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်တဲ့အခါ အိမ်ဖြူတော်က ဆင်းချိန်မှာ သမတသစ် ဂျိုးဘိုင်ဒင် သမတကျမ်းကျိန်ပွဲကို မတက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ယခု ၂၀၂၂ ကြားကာလလွှတ်တော်အမတ်များ ရွေးကောက်ပွဲမှာ ထရန့်နောက်လိုက် နိုင်ငံရေးသမားတွေက ထရန့်ကဲ့သို့ ရွေးကောက်ပွဲရှုံးလို့ကတော့ မဲ မသမာလို့ပဲလို့ ကြိုတင် ကြွေးကြော်နေကြပါပြီ။ သူတို့နိုင်ရင် ရွေးကောက်ပွဲက မျှတပြီး သူတို့ရှုံးရင် မတရားမှုလို့ လုပ်ကြံအကောက်ဉာဏ်ဆင်ကြသူ နိုင်ငံရေးသမားတွေ၏ ရွေးကောက်ပွဲကို အသုံးချပုံ ရှုမြင်ပုံ ဖြစ်ပါတယ်။ မြန်မာအာဏာရှင်တွေကတော့ ရွေးကောက်ပွဲမဲနိုင်ဖို့အရေး သူတို့ကို အနိုင်ယူမယ့်သူကို အရင်ဖယ်ရှားပြီးမှ ဝင်ပြိုင်ချင်ကြပါတယ်။ အမေရိကန်လက်ယာစွန်းတွေကတော့ မနိုင်လို့တော့ လိမ်လို့ဘဲဆိုပြီး ရွေးကောက်ပွဲစနစ်ကို အသရေဖျက်ကြဖို့ အကွက်ဆင်ကြပါတယ်။
မြန်မာပြည်နဲ့ အမေရိကန်ပြည်သူတွေအတွက် မေးခွန်းကတော့ ရွေးကောက်ပွဲကို သမာသမတ်ကျကျ တရားမျှတသန့်ရှင်းအောင် မလုပ်နိုင်ကြဘူး၊ လက်ခံဖို့လည်း ဆန္ဒမရှိကြတဲ့ လူအုပ်စုတွေအတွက် အာဏာနဲ့ ပါဝါကို ရယူဖို့အရေး ဘာလိုမျိူးစနစ်နဲ့ အရှုံးအနိုင် ဆုံးဖြတ်ချင်ကြပါသလဲ။ အစွန်းရောက်၊ လက်နက်အားကိုး၊ လူမိုက်အားကိုးပြီး နိုင်ငံရေး စီးပွားရေး လူမှုရေး စနစ်များ အားလုံးကို ချုပ်ကိုင်လိုသူ လူနည်းစုတွေကို လူထုအင်အားနဲ့ တွန်းလှန်ကြဖို့ သီးမခံကြဖို့သာ လိုတယ် ထင်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar