စိုးမိုးနယ်မြေတွေဆီ၊ မြေပြင်ထိ ဆင်း၊ ပါတီအရေခွံလဲ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၄ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၂
စိုးမိုးနယ်မြေတွေဆီ၊ မြေပြင်ထိ ဆင်း၊ ပါတီအရေခွံလဲ
သတင်းတွေမှာ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးမြောက်၊ ကချင်ပြည်နယ်ဘက်က ခုခံစစ်တွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီကလည်း သူတို့ ထိန်းချုပ်ရာလမ်းကြောင်း ဒေသတွေကနေ ပြည်သူတွေကို ပိတ်ဆို့ ဖြတ်တောက်တာတွေ လုပ်ထားပါတယ်။
ချင်းပြည်နယ် ၊ မတူပီမြို့အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို CDF-Matupi က စက်တင်ဘာလ ၁၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီးနောက် နောက်တစ်နေ့ကစပြီး မတူပီမြို့အဝင်အထွက်ကို စစ်တပ်က ပိတ်ဆို့ခဲ့ပါတယ်။အဝင်အထွက်ကို အောက်တိုဘာ ၄ ရက်နေ့အထိ ပိတ်ထားသောကြောင့် ရွာကနေ မြို့ကို တက်လာသောရွာသားများ ပိတ်မိသူများလည်းရှိသလို မတူပီမြို့ကို မည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဝင်ခွင့်မပေးထားကြောင်း သတင်းများမှာ ဖတ်ရပါတယ်။
စိုးမိုးနယ်မြေများ ခြေကုတ်ယူနိုင်ဖို့ တွန်းလှန်နေချိန်မှာ ကျေးလက်အဆင့် မြို့နယ်အဆင့် ပအဖ၊ ပကဖ ထူထောင်ဆောင်ရွက်တာတွေကို သတင်းတွေမှာ တွေ့နေရပါတယ်။ သတင်းတခုမှာ - ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှကျေးရွာပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာ CDF တွန်းဇံက ကြားကာလ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံရေးအခြေအနေကို အသိပေးဖော်ပြပါတယ်။ သူတို့က အဆက်အစပ်မရှိတဲ့ တသီးတခြား တနယ်စီကို စိုးမိုးထားတာမဟုတ်ဘဲ နယ်မြေတစ်ဆက်တစ်စပ်တည်းရှိသော တွန်းဇံမြို့နယ်၏နယ်မြေထက်ဝက် ကျော်ကိုစိုးမိုးကြီးစိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ CDF တွန်းဇံက ဖော်ပြပါတယ်။ အဲသည်နယ်မြေတွေမှာ စစ်ကောင်စီကလည်း ထိုးဖောက်လှုပ်ရှားတာတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေက မြို့တွေဘက်ကို တိမ်းရှောင်ဖို့ ကြိုးစားပေမယ့် စစ်ကောင်စီစိုးမိုးနယ်မြေတွေမှာ ခိုလှုံခွင့် မရကြတာ တွေ့ရပါတယ်။ စစ်ဘေးရှောင်တွေကို အကူမပေးတဲ့အပြင် လက်ခံခြင်း မပြုတာတွေ ရှိနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အသစ် (၃၀၀) နီးပါး နမ္မတူမြို့နယ်မှ ကုန်းကယားကျေးရွာ နှင့် ဆင်လီကျေးရွာတို့မှ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာကြတယ်လို့ သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် နမ္မတူမြို့ကို ပြောင်းလာသော မြို့နယ်ထွေအုပ်အသစ်တစ်ဦးက လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စစ်ရှောင်များအားလုံးကို နေရပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်ဟု ဖော်ပြထားပါတယ်။
သတင်းတခုမှာတော့ NUG ရဲ့ ၇၀ ကြိမ်မြောက် အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ခုခံတော်လှန်စစ်ကို မြေပြင်မှာ လက်တွေ့ဆင်နွှဲနေရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပကဖတွေကို နိုင်နိုင်နင်းနင်း ထိတွေ့ဆက်ဆံဖို့ လိုတဲ့အကြောင်းနဲ့ လိုအပ်တဲ့အထောက်အပံ့တွေကိုလည်း အချိန်အခါ မလင့်စေဘဲ၊ တတ်နိုင်သမျှ ကြိုးစားပြီး စီမံထောက်ပံ့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မြေပြင် PDF တွေအချင်းချင်း နားလည်မှုတွေ မကွဲလွဲအောင်၊ နိုင်ငံရေးအရ Timing တိုက်ထားကြဖို့လည်း ဝန်ကြီးများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါလို့ ပြောသွားတာ ဖတ်ရပါတယ်။
မြေပြင်မှာ အခြေခံ ပကဖတွေ၊ ပအဖတွေ ရှိနေသလို နယ်မြေခံ လိုကယ်ပီဒီအက်ဖ်တွေ နဲ့ NUG-ERO တို့၏ "ပီဒီအက်ဖ်တပ်ရင်းတွေ” လည်း ဖြန့်ကြက်ရှိနေကြတာကြောင့် အခုချိန်မှာ ထိထိရောက်ရောက် ချိတ်ဆက်ကြဖို့ မြေပြင်နဲ့ မကင်းကွာဖို့ ပြောလာတာ ခပ်စိတ်စိတ် ကြားလာရပါတယ်။ စိုးမိုးဖို့ ပြင်ဆင်လာတဲ့ နယ်မြေတွေမှာ စစ်ကောင်စီ၊ သွေးသောက်၊ ပြူ၊ ထွေအုပ်၊ ဆယ်အိမ်ခေါင်း ရာအိမ်ခေါင်းတွေ၊ ကြံ့ဖွံ့တွေ မဘသတွေကို ပစ်မှတ်ထားပြီး ထွက်ခွာကြဖို့ ဖိအားတွေ ပေးနေသလို အပြန်အလှန် လက်တုံ့ပြန်တာတွေ ရှိနေတာလည်း ငြင်းမရတဲ့ အချက် ဖြစ်ပါတယ်။
နောက်သတင်းတခုကတော့ ခေါင်းဆောင်သစ်ရွေးချယ်မယ့် ကြံ့ခိုင်ရေးပါတီညီလာခံကို ဒီကနေ့မှာ အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ် … တဲ့။ လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီတာဝန်က ဘာလို့ အနားယူရသလဲဆိုတာနဲ့ပတ်သက်လို့ အချက်၄ ချက်ကို ဒီကနေ့ အစည်းအဝေးမှာ ပြောသွားခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေက ပြောကြောင်း ဘီဘီစီက ဖော်ပြပါတယ်။
အဲဒီအချက်တွေထဲမှာ ရွေးကောက်ပွဲ အနိုင်မရခဲ့တာ ၊ ပါတီဝင်တွေ သတ်ဖြတ်ခံရတာ နဲ့ ပါတီဝင်အချို့ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေကို အကာအကွယ်မပေးနိုင်တာ ၊ ၇ နှစ်အကြာ ခါးနာဝေဒနာကို ခွဲစိတ်ခဲ့ပြီး ဆရာဝန်က အနားယူခိုင်းတာတို့ကို ပြောသွားပြီး သူဟာ ပါတီနဲ့ပတ်သက်လို့ ငွေရေးကြေးရေးနဲ့ အဂတိကိစ္စတွေနဲ့ပတ်သက်လို့ အရှုပ်အရှင်းမရှိဘူးလို့ ပြောသွားခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့က ခရိုနီကယ်မှာ ရေးခဲ့သလို ကြံ့ဖွံ့ပါတီဟာ စစ်ကောင်စီ၏ အာဏာအလွှဲအပြောင်းထွက်ပေါက်အတွက် အသုံးချစရာ ဖြစ်မယ်လို့ သမ္မတဖြစ်ချင်နေသူ မင်းအောင်လှိုင်က မျှော်လင့်နေသလား တပ်အပ်မသိကြပါ။ ထို့အတူ မြေပြင်မှာ ကျန်ရစ်တဲ့ စစ်ကောင်စီ လက်ခုပ်ထဲက အခြား မည်ကာမတ္တ နိုင်ငံရေးပါတီတွေ၊ အပစ်ရပ်စာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ အချိူ့တွေကို စစ်ကောင်စီက သူတို့အလိုကျ နောက်လိုက်ဖို့ ချုပ်ကိုင်ဖို့ ခြေလှမ်းပြင်ထားတာ အခု နှစ်ကုန်ခါနီး ပိုစိတ်စိတ် ဖြစ်လာပါတယ်။ မဘသဘုန်းကြီးတွေနဲ့ သာမန်ပြည်သူတွေကို မှိုင်းတိုက်ဖို့ကလည်း သိပ်မထိရောက်တော့ အကြပ်မိနေတဲ့ စစ်ကောင်စီဟာ တဖက်က စစ်မီးကို မြှင့်ရင်းက တဖက်ကလည်း လူထုနဲ့ နိုင်ငံတကာကို နည်းမျိုးစုံနဲ့ လှည့်ပတ်ကစားပြနေသလိုပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar