Breaking News

နေသွင်နိုင်း - မြို့ကြီးပြကြီးရဲ့ ကျောရိုး

မြို့ကြီးပြကြီးရဲ့ ကျောရိုး
နေသွင်နိုင်း
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၂

စစ်ကြောရေးမှာ ခင်ဗျားကျဆုံးသွားပြီဆိုတဲ့နေ့က
စပီသောက်နေတဲ့ မြစ်ကြီးဟာ အိုးထိန်းစက်လို
လည်ပတ်စီးဆင်းတယ်
စစ်ကြောရေးမှာ ဖူးယောင်အစ်ထ ဒဏ်ရာပရဗွနဲ့
ငွေကြေးနဲ့ဖွင့်ပြီး ကြည့်ခဲ့ရတဲ့ စစ်ကြောရေးဓာတ်ပုံ
ခင်ဗျားမဟုတ်ပါဘူးလို့ ကျုပ်အော်ပြောတယ်
စစ်ကြောရေးမှာ ခင်ဗျားသိပ်ခေါင်းမာသတဲ့
ခြေသည်းခွာတယ်
လက်သည်းခွာတယ်
ဒလိမ့်နဲ့ လှိမ့်တယ်
ရန်သူဟာ ကျောက်ခဲကို အရည်ညှစ်သလို
အရိုးပေါ်အရေတင်နေတဲ့ ခင်ဗျားရဲ့ကျော
အာဏာရှင်ဖိနပ်နဲ့ကန်ကျောက်လို့
အံကြိတ်ဖို့ရာ အံလည်းမရှိတော့
လက်သီးကို ခင်ဗျားဆုပ်
အတွင်းကြေအောင် နှိပ်စက်ခံလိုက်တယ်
စစ်ကြောရင်းသတင်းမှာ ခင်ဗျားသေပြီဆိုတဲ့နေ့က
မီးတောင်ကြီးထဲပြုတ်ကျသွားသလို
ကဗျာလည်းမရ သီချင်းလည်းမရ
ခင်ဗျား​သေပြီဆိုတဲ့သတင်း 
ကင်ဆာလို ရူးသွပ်ဖွယ် ပျံ့နှံ့လာတုန်းက။

စစ်ကြောရေးမှာ ခင်ဗျားမသေသေးပါဘူးဆိုတဲ့နေ့က
သွေးပိုက်တန်းလန်းတစ္ဆေအိပ်မက်ကလန့်နိုးလာသလို
မသေသတင်းကို တီးတိုးဆိုပြန်လေတယ်
ခါတိုင်းလို စက်ဘီးလေးချောက်ချက်နင်း
လွယ်အိတ်ကလေးလွယ်
စက်ချုပ်စက်လေးပေါ် ဘဝကိုဖာထေးချုပ်တွယ်လို့
အသက်ကြီးလာရတာတဲ့အရသာနဲ့
နေဆာလှုံပြီး အရိပ်တွေအတူရှည်လာတာကို 
ငေးကြည့်ကြရဦးမယ်လို့
လေကို ချိန်စက်နေမိခဲ့ပြန်တယ်
ခင်ဗျားမသေပါဘူးဆိုတဲ့လေညင်းရဲ့တေးကို
မနက်ခင်းရဲ့ လေပြည်ညင်းတွေသယ်ဆောင်လာတဲ့နေ့က
ခင်ဗျားဟာ နတ်ဘုရားတွေရဲ့ 
မသေတဲ့မျိုးစေ့တစ်စေ့ပဲလို့
ငယ်သူချင်းတွေကို လိုက်ပြောနေမိတယ်
တလောကလုံးကြားအောင်
ခင်ဗျားမသေ​သေးပါဘူးလို့ပြောလည်း
ဒီဘုရားဟာ မသေဖူးတဲ့အိမ်က မုန့်ညင်းစေ့ကို
အိမ်ပေါက်စေ့လိုက်ရှာခိုင်းတော့တာပါပဲ။ ။

ရဲဘော် ကိုချစ်သို့
နေသွင်နိုင်း
21.11.2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar