Breaking News

သီအိုဇော် - ကမ္ဘာကျော် ဘောလုံးသမားဘဝမှ ဆီနိတ်တာ၊ သမ္မတ ဖြစ်လာကြသူများ


သီအိုဇော် - ကမ္ဘာကျော် ဘောလုံးသမားဘဝမှ ဆီနိတ်တာ၊ သမ္မတ ဖြစ်လာကြသူများ

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၂


အခုကျင်းပနေတဲ့ ‘ကာတာ’ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အကြောင်း တွေးမိရင်းနဲ့ ကမ္ဘာကျော် ဘောလုံးသမား အဖြစ်ကနေ ထိပ်တန်းနိုင်ငံရေးသမား ဖြစ်သွားကြတဲ့ ကမ္ဘာကျော် ဘောလုံးသမားနှစ်ဦး အကြောင်းကို ရေးချင် စိတ်လေး ပေါ်လာပါတယ်။ 

ကမ္ဘာကျော်တယ်ဆိုတာတော့ ဟုတ်ပါပြီ၊ ‘လိုင်ယွန်နယ် မက်ဆီ’တို့၊’ခရစ်တီယာနို ရော်နယ်လ်ဒို’တို့လောက်ရော နာမည်ကြီးကြရဲ့လား ဆိုရင်တော့ အဖြေရ နည်းနည်းကျပ်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ခေတ်ကာလချင်း မတူကြတာကို ထည့်စဥ်းစားရမှာ ဖြစ်တဲ့အတွက်ပါ။ အသေအချာ ပြောနိုင်တာတခုကတော့ ဒီဆောင်းပါးမှာ ဖေါ် ပြ မယ့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတဖြစ်လဲ နိုင်ငံရေးသမားနှစ်ယောက်လုံးကလည်း ‘မက်ဆီ’နဲ့ ‘ရော် နယ်လ်ဒို’တို့ ချီးမြှင့်ခံရတဲ့ ဘောလုံးလောကရဲ့ အမြင့်ဆုံးဘောလုံးသမားဆုတွေ ရယူခဲ့ကြဖူးတယ် ဆိုတာကိုပါ။ တိုက်စစ်မှူး ’ဆီနိတ်တာ’ဆိုရင် ‘မက်ဆီ‘၊’ရော်နယ်လ်ဒို’တို့ မရခဲ့ဘူးတဲ့၊ သူတို့နှစ်ဦး အရူးအမူးကိုင်မြှောက်ချင်တဲ့ ဆုဖလားမျိုးကိုတောင်  ဆွတ်ခူးခဲ့ဖူးတယ်ဆိုရင် သူတို့တတွေဟာ တကယ်ထင်ရှားတဲ့ ထိပ်တန်း ဘောလုံးသမားများ ဆိုတာကို လက်ခံလို့ ရလောက်ပါပြီ။

ပဟေဠိလေးတွေနဲ့ စလိုက်ပြီးတဲ့နောက်မှာ ဒီဘောလုံးသမားနှစ်ဦးက လက်ရှိ ဆီနိတ်တာနဲ့ သမ္မတ တာဝန်များကို ထမ်းဆောင်နေကြသူတွေ ဆိုတာလေးနဲ့ ထပ်သဲလွန်စပေးလိုက်ချင်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ သက်တူ ရွယ်တူ ၁၉၆၆ ခုနှစ်ဖွားတွေ ဖြစ်ပြီး ၊လူမျိုးမတူ မွေးရပ်ဇာတိနိုင်ငံ ကွဲပြားကြသူတွေပါ။

‘ဆီနိတ်တာ’ရဲ့အကြောင်း အရင်စပြောပြီးမှ သမ္မတအကြောင်းကို ဆက်ချင်ပါတယ်၊ ‘ဆီနိတ်တာ’က ’ဘရာဇီးလ်’ နိုင်ငံ ‘ဖက်ဒရယ်ဆီးနိတ်’ရဲ့ ရွေးကောက်ခံအမတ်ဖြစ်တဲ့ ‘ရိုမာရီယို’(Romário de Souza Faria) ပဲဖြစ်ပြီး သူ့ခေတ် သူ့အချိန် က’ဘရာဇီးလ်’ ဘောလုံးအသင်းရဲ့ နံမည်ကြီး တိုက်စစ်မှူးတဦးဖြစ်လို့  ပြန်သတိရကြမယ် ထင်ပါတယ်။ ’ဘရာဇီးလ်’ ဘောလုံးအသင်းလို့  ဆိုလိုက်တာနဲ့ ခေတ်အဆက်ဆက်၊ သူတို့ရဲ့ ဘောလုံးစွမ်းရည်ကို အသိအမှတ် မပြုပဲ မနေနိုင်ခဲ့ကြရအောင် ထင်ရှားတဲ့ အသင်းဖြစ်သလို ‘ရိုမာရီယို’ ကစားစဥ်ကာလကလည်း ’ဘရာဇီးလ် ’အ သင်းရဲ့ ရွှေခေတ်လို့  ဆိုနိုင်ပါတယ်။

’ဖီဖာအကောင်းဆုံး ကစားသမား’(The Best FIFA Men’s Player)ဆုကတော့ မက်ဆီ’နဲ့ ရော်နယ်လ်ဒို’တို့ အလှည့် ကျယူခဲ့ကြတယ်လို့ ပြောစမှတ်ပြုရလောက်အောင် ဖြစ်ခဲ့တော့ မှတ်မှတ်ရရ ရှိကြမှာပါ၊ ‘ရိုမာရီယို’တို့ ခေတ်မှာ ဒီဆုဟာ (FIFA World Player of the Year)လို့ နံမည်ခေါ်တွင်ခဲ့ပြီး ‘ရိုမာရီယို’က ၁၉၉၄ခုနှစ်အတွက် ဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ‘ပီလီ’ ပါဝင်ကစားခဲ့ပြီး ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ၁၉၇၀ခုနှစ် နောက်ပိုင်းမှာ ဒီဆုဖလားနဲ့ အတန်ကြာ ဝေးနေခဲ့ပေမယ့် ‘ရိုမာရီယို’တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့တဲ့ ’ဘရာဇီးလ်’ဘောလုံးအသင်းဟာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ဆုဖလားပြန်လည်ရရှိခဲ့ပြီး၊ ‘ရိုမာရီယို’ကိုင်မြှောက်နိုင်ခဲ့တဲ့ ဒီကမ္ဘာ့ဖလားချန်ပီယံဆုဟာ ‘မက်ဆီ’နဲ့ ရော်နယ်လ်ဒို’ မရရှိဖူးခဲ့တဲ့ဆု၊ သူတို့ရဲ့ အိပ်မက်တခုလည်း ဖြစ်ပါတယ်။ 

ဒီကမ္ဘာ့ဖလားပွဲမှာ ပြိုင်ပွဲတခုလုံးအတွက် အကောင်းဆုံး ကစားသမား ‘ရွှေဘောလုံး’ဆု (Golden Ball)ကိုလည်း  ‘ရိုမာရီယို’က ထပ်မံရရှိခဲ့ပါသေးတယ်။ နောက်ပိုင်းကာလတွေမှာ လျှမ်းလျှမ်းတောက်ဖြစ်လာမယ့် ‘ရော်နယ်လ်ဒို’ (Ronaldo Luís Nazário de Lima)ဟာ ကမ္ဘာ့ဖလားပွဲမှာ ပါလာခဲ့ပေမယ့် ‘ရိုမာရီယို’ကသာပဲ ပွဲစဥ်တလျှောက် ပုံမှန် ကစားခွင့် ရခဲ့တာပါ။ဒီလောက်ဆိုရင် အဲဒီခေတ်ကို မမီခဲ့သူများလည်း ဒီဆုတွေရယူခဲ့စဥ်က ‘ဘာစီလိုးနား’ အ သင်းရဲ့ တိုက်စစ်မှူးတဦးလည်းဖြစ်သူ  ‘ရိုမာရီယို’ အကြောင်းကို ခန့်မှန်းနိုင်ပြီလို့ ထင်ပါတယ်။ အခုအချိန်အထိ ကမ္ဘာ့‌ စျေးအကြီးဆုံး ဘောလုံးသမားတယောက်ဖြစ်သူ ‘နေမာ’က ‘ဘာစီလိုးနား’မှာ ကစားခဲ့စဥ်က ‘ရိုမာရီယို’ ဝတ်ဆင်ခဲ့တဲ့ နံပါတ် (၁၁) ကို တလေးတစား အမှတ်တရ ရွေးချယ်ဝတ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ် အောက်တိုဘာလရွေးကောက်ပွဲမှာ အောက်လွှတ်တော်(Chamber of Deputies)နေရာအတွက် စတင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာတော့ (၈၁) နေရာရှိတဲ့ ဆီးနိတ်(Federal Senate)မှာ ဆီနိတ်တာ ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ်မှာ ‘လစ်ဘရယ်’ပါတီ (Partido Liberal)သို့ ကူးပြောင်းခဲ့ပြီး မကြာသေးမီက သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ ‘ဘရာဇီးလ်’သမ္မတ ‘ဘော်လ်ဆိုနာရို’နဲ့ ပါတီတူ ဖြစ်သွားပါတယ်။ လက်ရှိမှာ ‘ဘရာဇီးလ်’ ဆီးနိတ် လွှတ်တော်ရဲ့ ဒုတိယ-ဒု ဥက္ကဋ္ဌ ရာထူးကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားကနေ သမ္မတဖြစ်သွားသူကတော့ လက်ရှိ ’လိုင်ဘီးရီးယား’နိုင်ငံရဲ့  သမ္မတဖြစ်သူ  ’ဂျော့ချ်ဝီးယား’(George Weah)ပါပဲ။သူက မက်ဆီ’နဲ့ ‘ရော်နယ်လ်ဒို’တို့ရရှိဖူးတဲ့ ‌’ဖီဖာအကောင်းဆုံး ကစားသ မား’ဆုနဲ့ ‘ဘလွန်းဒေါ’(Ballon d’Or) ‘ရွှေဘောလုံး’ဆု (၂)ဆုလုံးကို ၁၉၉၅ခုနှစ်အတွက် ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ တ နှစ်တည်းမှာ ဒီဆု(၂)မျိုးလုံးကို ရရှိဖူးတဲ့ဘောလုံးသမားများက ‘မက်ဆီ’၊ရော်နယ်လ်ဒို’(ပေါ်တူဂီ)၊’ရော်နယ်လ် ဒင် ညို’၊ ‘ရော်နယ်လ်ဒို’ (ဘရာဇီးလ်) အစရှိတဲ့ လက်ချိုး‌‌ရေတွက်လို့ရသူ ကမ္ဘာ့ထိပ်တန်း ကစားသမား အကျော်အ မော်များ ဖြစ်ကြပါတယ်။ 

အာဖရိကတိုက်မှ နံမည်ကြီးဘောလုံးသမားများစွာ ပေါ်ထွက်ခဲ့တဲ့အနက် ’ဂျော့ချ်ဝီးယား’ဟာ အထက်က ဖေါ် ပြ ခဲ့တဲ့ ဆုရကမ္ဘာကျော် ဘောလုံးသမားများနဲ့ တန်းတူစာရင်းဝင်တဲ့ တဦးတည်းသော အာဖရိကတိုက်သား ဆုရက စားသမား ဖြစ်ပါတယ်။သူဟာ အဲဒီအချိန်က’အေစီမီလန်’ရဲ့ တိုက်စစ်မှူးဖြစ်ပြီး ‘မိုနာကို’၊‘ပီအက်စ်ဂျီ‘၊ ’ချယ်လ် ဆီး’ နဲ့ ‘မန်ချက်စတာစီးတီး’ တို့လို နာမည်ကြီးအသင်းများမှာလည်း ကစားခဲ့ဖူးသူပါ။

’ဂျော့ချ်ဝီးယား’ရဲ့  ဥရောပတိုက်ကလပ်အသင်း ကစားသမားဘဝအစက ဘောလုံးဝါသနာရှင်တိုင်းနဲ့ မစိမ်းတဲ့ ‘အာဆင်နယ်’ မန်နေဂျာဟောင်း ‘အာဆင်ဝင်းဂါး’နဲ့ စခဲ့တာလို့ ပြောရမှာပါ။အဲဒီအချိန်က ‘မိုနာကို’မန်နေဂျာ ဖြစ် တဲ့ ‘အာဆင်ဝင်းဂါး’က ’ဂျော့ချ်ဝီးယား’ကို ‘မိုနာကို’အသင်းမှာ ကစားဖို့ခေါ်ယူခဲ့တာပါ။ ’ဂျော့ချ်ဝီးယား’က အသား အရောင်ခွဲခြားမှု အမြင့်မားဆုံးအချိန်မှာ သူကြုံတွေ့ရတဲ့ ‘အာဆင်ဝင်းဂါး’ရဲ့ သူ့အပေါ်ဆက်ဆံရေးကို ချီးကျူးပြော ဆိုလေ့ရှိပြီး သားအဖဆက်ဆံရေးပမာ ရင်းနှီးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘုရားကလွဲလို့ သူ့ဘဝမှာ ‘အာဆင် ဝင်းဂါး’နဲ့သာ မဆုံဖြစ်ခဲ့ရင် ဘောလုံးကြယ်တပွင့် ဖြစ်လာမယ်မထင်ဘူး ဆိုတဲ့အထိ ပြောကြားခဲ့ဘူးပါတယ်။

‘ဂျော့ချ်ဝီးယား ‘ဘလွန်းဒေါ’ဆုရခဲ့စဥ်က ဒုတိယနေရာရရှိသူက ‘ကလင်းစ်မန်း’(‘Jürgen Klinsmann’)ဖြစ်ပြီး သူ ကတော့ နောက်ပိုင်းမှာ ဂျာမနီဘောလုံးအသင်း၊ယူအက်စ်အေဘောလုံးအသင်းနဲ့ ‘ဘိုင်ယန်မြူးနစ်’ အသင်း တို့မှာ လည်း နည်းပြလုပ်ခဲ့တော့ ငယ်ရွယ်သူ ဘောလုံးဝါသနာရှင်များလည်း သူ့ကိုပိုမှတ်မိနိုင်မယ် ထင်ပါတယ်။‌ ’ဖီဖာ အကောင်းဆုံး ကစားသမား’ဆုကို အဲဒီ ၁၉၉၅ခုနှစ်အတွက် သူရရှိတဲ့အခါမှာလည်း သူ့အောက်မှာ အီတလီ နံမည် ကြီး ဘောလုံးသမား ‘မယ်လ်ဒီးနီ’(Paolo Maldini)၊ ‘ကလင်းစ်မန်း’၊‘ရိုမာရီယို’တို့ အစဥ်အလိုက်ရှိခဲ့တယ် ဆိုရင် တော့ ’ဂျော့ချ်ဝီးယား’ရဲ့ ဘောလုံးစွမ်းရည်နဲ့ အောင်မြင်မှုအရှိန်အဝါကို ပိုအကဲဖြတ်နိုင်ပြီထင်ပါတယ်။ 

’ဂျော့ချ်ဝီးယား’ ဘောလုံးကစားခြင်းက အနားယူပြီးတဲ့နောက်မှာ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို အကျဥ်းချုပ်ဖေါ်ပြရရင်တော့ ၂၀၀၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလောင်း၊ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းများအဖြစ် ဝင်ရောက် အရွေးခံခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၄ ခု နှစ်မှာ ဆီနိတ်တာအဖြစ် ရွေးကောက်ခံရပြီး ၂၀၁၇ ခုနှစ်ရွေးကောက်ပွဲမှာတော့  (၂၅)ကြိမ်မြောက်‘လိုင်ဘီးရီး ယား’ သမ္မတဖြစ်လာခဲ့ပါတယ်။

’ဂျော့ချ်ဝီးယား’က ကမ္ဘာ့ဖလားပွဲ ကစားခွင့် မကြုံခဲ့ရပေမယ့် အခု’ကာတာ’ ကမ္ဘာ့ဖလားပွဲကို ကြည့်ရှုဖို့ ရောက် ရှိနေပါတယ်။သူအဓိကအားပေးချင်တာက ‘ယူအက်စ်အေ’ အသင်းဖြစ်ပါလိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ သူမကစားဖူးခဲ့တဲ့ ကမ္ဘာ့ဖလား‌ပွဲ ဘောလုံးပြိုင်ပွဲကို သူ့ရဲ့သား ‘တင်မိုသီဝီးယား’(Timothy Weah)က အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြု ကစားမှာ ဖြစ်တဲ့အတွက်ပါ။

‘ရိုမာရီယို’နဲ့ ’ဂျော့ချ်ဝီးယား’တို့ ထိပ်သီးဘောလုံးသမားဘဝနဲ့ ဘောလုံးကစားနေစဥ်က နောင်တချိန်မှာ ထိပ်တန်း နိုင်ငံရေးသမား‌များ ဖြစ်လာကြလိမ့်မယ်လို့ မှန်းဆခဲ့ကြသူများ ရှိခဲ့ပါရဲ့လား။ကာယကံရှင်များကိုယ်တိုင်လည်း တိုက်စစ်မှူးများ အဖြစ်ကစားနေခဲ့စဥ်က ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေးလောကထဲ ခံယူချက်အပြည့်နဲ့ တွန်းတွန်း တိုက်တိုက် ထဲထဲဝင်ဝင် ရှေ့တန်းက ပါဝင်လာကြရလိမ့်မယ်လို့ တထစ်ချ ယုံကြည်မျှော်လင့် ခဲ့ကြပါသလား။ စိတ်ဝင်စားစရာ  မေးခွန်းများဖြစ်ပါတယ်။ 

ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်တဲ့ ဘောလုံးသမားဆိုတာ ဘယ်နိုင်ငံမှာမဆို အတော် နည်းနိုင်ပါတယ်။အထူးသဖြင့် ‘ရိုမာရီယို’နဲ့ ’ဂျော့ချ်ဝီးယား’တို့လို့ ထိပ်တန်းဘောလုံးသမားတဖြစ်လဲ ထိပ်တန်း နိုင်ငံရေးသမားများဆိုရင် ပိုရှားပါလိမ့်မယ်။ သူတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊အနိုင်မခံ အရှုံးမပေး ယှဥ်ပြိုင် စိတ်ဓါတ်တွေက သူတို့တိုင်းပြည်အတွက် ကြိုးစားအားထုတ်မှုတွေမှာ  အထောက်အကူကြီးစွာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ကျော်ကြားမှုကြောင့် နိုင်ငံရေးလောကကို စိတ်ပါဝင်စားလာတဲ့ မျိုးဆက်သစ်များလည်း သူတို့တိုင်းပြည် များမှာ ပိုတွေ့ မြင်လာနိုင်ပါတယ်။

နိုင်ငံတကာက ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စကအစ LGBT အရေးအထိ ဝေဖန်ငြင်းခုံစရာများမကင်းတဲ့ ‘ကာ တာ’ ကမ္ဘာ့ဖလားပွဲမှာ ဖီဖာဘောလုံးအဖွဲ့ချုပ်က ယှဥ်ပြိုင်ကစားကြမယ့် (၃၂) သင်းကို ဘောလုံးအကြောင်းကိုသာ အာရုံစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။ဒီလေယူလေသိမ်းဟာ သိပ်အထူးအဆန်းတော့ မဟုတ်ဘူးလို့လည်း ဆို ရပါမယ်၊ ၂၀၁၄ခုနှစ် ခရိုင်းမီးယားကျူးကျော်စစ်ပွဲကို ဥပေက္ခာပြုပြီး ၂၀၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားပွဲကိုတောင် အောင်အောင်မြင်မြင် ကျင်းပခဲ့ကြတာ တွေ့ခဲ့ကြရတဲ့အတွက်ပါ။ ဒါပေမယ့် အခုတကြိမ် ယူကရိန်း ကျူးကျော်မှု မှာတော့ ရုရှားဘောလုံးအသင်း FIFA နဲ့ UEFA ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့် ပိတ်ပင်ခံရတာမျိုး ရှိလာ ပါတယ်။ ဘောလုံးကို နံပါတ်တစ်  အားကစားလို့ သတ်မှတ်အားပေးကြတဲ့ ရုရှားနိုင်ငံအတွက် အမှန်တကယ် ထိ ခိုက်စေတဲ့ အပြစ်ဒဏ်လို့ ဆိုနိုင်ပါတယ်။

အားကစားနဲ့ နိုင်ငံရေး ခွဲခြားရှုမြင်သင့်/မသင့် ဆိုတာက နိုင်ငံတကာအရေးကိစ္စ ဖြစ်ပေါ်ပြောင်းလဲတိုင်း သာမက ဒီဘက်ကာလလို လူ့အခွင့်အရေးကိစ္စကို အလေးအနက် ပိုထားလာကြတဲ့ အချိန်မှာ အငြင်းအခုံ အဖြေရှာမှုတွေ မ ပြတ် ရှိနေဦးမှာပါ။ အားကစားဟာ ကျယ်လောင်တဲ့အသံရှိသလို မျိုးဆက်တိုင်းအပေါ်  ဩဇာတိက္ကမကြီးပါတယ်။ ပြောင်းလဲနေတဲ့ စံတန်ဖိုးနဲ့ လိုက်လျောညီထွေရှိတဲ့ ဆုံးဖြတ်ချက်တွေ တစထက်တစ ပိုမြင်လာရသလို၊ ပိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့ တွန်းအားတခု ဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်ထားချင်ပါတယ်။

သီအိုဇော်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar