Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၂ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၂ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂



ကမ္ဘာ့စီးပွားပျက်ကပ် (The Great Recession)

၂၀၀၆ ခုနှစ်တွင် FED ဥက္ကဋ္ဌ ဂရင်းစပန်း အနားယူသည်။ သူက သူ၏အမှတ်တရများကို ၂၀၀၇ ခုနှစ်တွင် “လှိုင်းကြီးလေထန် ခေတ်” (The Age of Turbulence) ဟူ၍ စာအုပ်ထုတ်ဝေခဲ့သည်။  အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးအကျပ်အတည်း မဖြစ်ပေါ်မီ တနှစ်စော၍ ဖြစ်သည်။ [Footnote: အမှန်ဆိုရလျှင် အိမ်မြေခြံကိစ္စ ငွေကြေးအကျပ်အတည်း (subprime financial crisis) သည် ၂၀၀၇ ခုနှစ် ကတည်းက စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဆောင်းရာသီ ရောက်သည့်အခါ အခြေအနေက အလွန်ဆိုးရွားလာခဲ့သည်။]  အမေရိကန်စီးပွားရေးစနစ်တွင် တစုံတရာ ရေနွေးပွက်ဆူနေပြီဟု သူက အာရုံခံစားမိပုံ ရှိသည်။ သူက ရေးသားခဲ့ရာတွင်— 

“ဘောဂဗေဒပညာရှင်များအနေဖြင့် လူသားတို့၏ သဘာဝ၏ ကျောင်းသားများအဖြစ် လေ့ လာသင်ယူရမည်ကို ရှောင်လွှဲ၍ မရနိုင်ဟု ဆိုခဲ့သည်။ စိတ်အား ရွှင်မြူးတက်ကြွမှုသည် ဘဝ၏ ပွဲမင်္ဂလာပင် ဖြစ်သည်။ … ဝမ်းနည်းဖွယ်ကောင်းသည်မှာ တခါတရံ စိတ်ရွှင်မြူးတက်ကြွမှု မြင့်တက်လာခြင်းသည် လူသားတို့အဖို့ ဖြစ်နိုင်သည့် အတိုင်း အတာထက်ပို၍ ဖြစ်စေသည်။ ထိုအချိန်တွင် လက်တွေ့ပကတိတရားက ရိုက်ခတ်ခံလာရသည့်အခါ စိတ်ရွှင်မြူးတက်ကြွမှုသည် အကြောက်တရား ဖြစ်လာစေသည်။ … ဤအချက်သည်ပင် စီးပွားရေးအရ တုံ့ပြန်မှုအများ၏ အခြေခံပင် ဖြစ်သည်။ စွန့်စားရမှု အန္တရာယ်ကို ရှောင်လွှဲ လိုခြင်းကြောင့် မိမိတို့က ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုပြုရန် လိုလားစိတ်များကို အကန့်အသတ် ဖြစ်စေပါသည်။ အထူး သဖြင့် ဇာတိမြေ အိမ်မှဝေး၍ မလုပ်ဆောင်လိုကြပေ။ အလွန်အကျူးသဘောဆိုရလျှင် ဤအချက်ကပင် မိမိတို့ ဈေးကွက်များ မှနေ၍ နောက်ဆုတ်ခွာ၍ နေစေသည်။ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုများ အလွန်အမင်း ကျဆင်းရသည်အထိ ဖြစ်စေပါသည်”။  

ပြဿနာတက်တော့မည်ကို ဂရင်းစပန်း ကြို၍မြင်ခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပါ။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် ဥရောပ ဗဟိုဘဏ် (ECB) က ဈေးကွက်အတွင်းသို့ ယူရိုငွေ ၉၅ ဘီလီယံ ထည့်သွင်းခဲ့ရသည်။ အကြောင်းမှာ ၂၀၀၇ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ပြင်သစ်ဘဏ်ကြီးဖြစ်သော BNP Paribas က သူ၏ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ၃ ခုတွင် ရင်းနှီး ထည့်ဝင်ထားသူများ ထံသို့ ပြန်၍မပေးဆောင်နိုင်တော့ကြောင်း ကြေညာချက်အပေါ် တုံ့ပြန်မှုတစိတ်တပိုင်းအရ ဆောင်ရွက်ရခြင်း ဖြစ်သည်။ သူ၏ အမှတ်ရ နောက်ပိုင်းတွင် ဂရင်းစပန်းက “ရွှင်မြူးတက်ကြွမှု” ကို “ကျိုးကြောင်းမဆီလျော်သည့် ရွှင်မြူးတက်ကြွမှု” အဖြစ်သို့ ချဲ့ထွင် ဖော်ပြခဲ့သည်။ ဤဝေါဟာရက ဘောဂဗေဒ နိုဘဲဆုရှင် ရောဘတ် ရှီးလာ (Robert Shiller) ၏ စကားကို ငှားသုံးထားခြင်း ဖြစ်သည်။   ဂရင်းစပန်းက ရေးသားခဲ့ရာတွင် ကျိုးကြောင်းမဆီလျော်သည့် ရွှင်မြူးတက်ကြွမှုကို လက်တွေ့ မျက်မြင်ကြုံတွေ့ရသည့်တိုင် သေချာ ခွဲခြားမရှင်းပြနိုင်ဟု ဆိုပါသည်။ 

၂၀၀၇ ခုနှစ်တွင် အမေရိက၌ အိမ်ခြံမြေ ဈေးကွက် ပူဖောင်းပေါက်တော့သည်။ နှစ်လယ်တွင် ဆပ်ပရိုင်း အိမ်ချေးငွေ (subprime mortgage) ဈေးကွက်  ပြိုလဲသည်။ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီးပွားပျက်ကပ် စတော့သည်။ ဝေါစထရိ၏ ငွေကြေးအကျပ်အတည်းက ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် စလာသည်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တခု ဖြစ်သည့် လီမင် ဘရားသားစ် (Lehman Brothers) ကျဆုံးရပြီးနောက် ဥရောပဘဏ် ပြဿနာများလည်း ပို၍နက်ရှိုင်းခက်ခဲလာသည်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (Great Recession) အစ ဖြစ်လာစေသည်။ 

In Box

“ဩဂုတ်လနှောင်းပိုင်းတွင် အမေရိကားဘဏ် (Bank of America) မှ ဒေါ်လာ ၂ ဘီလီယံ ထည့်သွင်းခြင်းဖြင့် တနိုင်ငံလုံးအနှံ့ အပြားရှိ ငွေကြေးများကို လုံခြုံမှုရစေခဲ့သည်။ (2007, PdH) ဗြိတိန်နိုင်ငံ၏ ပဉ္စမအကြီးဆုံးသော အိမ်ရာကိစ္စ ငွေကြေးချေးငှား သူ နော့သင်းရော့ခ် (Northern Rock) အနေဖြင့်မူ သိပ်ကံမကောင်းခဲ့ပါ။ 

ယင်းဘဏ်က… အမေရိကရှိ U.S. subprime market နှင့် တိုက်ရိုက်ချိတ်ဆက်ထားမှု ရှိမနေခဲ့ပါ။ သို့သော်လည်း အခြားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထံမှ ရန်ပုံ ငွေ အမြောက်အမြား ရယူထားသည့် အလေ့အထကြောင့် ယင်း၏ဆက်လက်ရပ်တည်နိုင်မှုနှင့် ပတ်သက်၍ ချက်ချင်း မေးခွန်း ထုတ်စရာ ဖြစ်လာကြသည်။ စက်တင်ဘာလ လလယ်တွင်၊ နော့သင်းရော့ခ် (Northern Rock) ၏ ငွေအပ်နှံထားသူများက သူ တို့၏ စုဆောင်းငွေများကို ပြန်ထုတ်ယူရန်အတွက် တန်းစီနေကြတော့သည်။ ဗြိတိသျှအစိုးရက ငွေအပ်နှံထားသူများ၏ စိုးရိမ် ထိတ်လန့်မှု ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ယင်းဘဏ်ကို ကယ်တင်ပေးရန် သဘောတူညီခဲ့သည်။”  

နောက်ပိုင်းတွင် လူးကပ်စ် (Lucas) အတွက် အမှားတွေ့တော့သည်။ ၂၀၀၃ ခုနှစ် အမေရိကန် ဘောဂဗေဒပညာရှင်များ အသင်း (AEA) တွင် သူ ကြေညာခဲ့စဉ်က ဘောဂဗေဒပညာရှင်များဖို့ စီးပွားရေးစနစ်များကို အနုစိတ် ချိန်ညှိရန် နည်းတွေ့ပြီဟု ဆိုခဲ့သည်။ 

သူက ဘောဂဗေဒပညာရှင်များ၏ အလုပ်အပေါ် အာရုံပြု အလေးထားခဲ့ပုံ မပေါ်ပေ။ ဥပမာအားဖြင့် ဂျိုးဆက်ဖ် စတစ်ဂလစ် (Joseph Stiglitz) က အသစ်သော ကျမ်းရိုးဘောဂဗေဒ ဒဿနနှင့် မလျော်ညီသည့် ကိစ္စများအပေါ် လေ့လာ ထားခဲ့သည်။ 

ယင်းလေ့လာမှုများတွင် သတင်းဆိုင်ရာ ပြဿနာများ၊ လက်ဝါးကြီးအုပ်မှု အာဏာ နှင့် လူအုပ်စုကြီးအလိုက် ရွေ့သည့် အမူအကျင့်အကြောင်းတို့ ဖြစ်သည်။ အလားတူပင် အမူအကျင့်ဆိုင်ရာ သိပ္ပံများက လေ့လာမှုများပြုပြီး စီးပွားရေး သတ္တဝါလူသား (homo economicus) တို့က စီးပွားရေးအရ ကျိုးကြောင်းဆီလျော် အမူအကျင့်ဖြင့် ပြုမူဆောင်ရွက်ကြပုံကို တွေ့ရှိခဲ့သည်။ စိတ်ပညာရှင် အေမို့စ် ဗာစကီ (Amos Tversky) နှင့် ဒယ်နီယဘ် ကာနီမန် (Daniel Kahneman) တို့က ဥပမာအားဖြင့် အသစ်သောကျမ်းရိုး ဘောဂဗေဒပညာက လူသားတို့ ကျိုးကြောင်းဆီလျော် ပြုမူမည်ဟု ယုံကြည်ထားကြသည့် အတိုင်း အမြဲတစေ အလုပ်မဖြစ်ပုံ၊ ရှုပ်ထွေးပွေလီသည့် ရွေးချယ်စရာကိစ္စများ ကြုံတွေ့လာရသည့်အခါ လူသားတို့က ဤသို့ မဆောင်ရွက်ကြပုံကို တွေ့ရှိခဲ့သည်။ 

လူးကပ်စ်အနေဖြင့် ကိန်းစ်ဝါဒီ ဟေမင် မင်းစကီး (Hyman Minsky) ကိုလည်း နားထောင်ခဲ့သင့်သည်။ ၁၉၈၆ ခုနှစ်ထုတ် သူ၏စာအုပ် “မတည်ငြိမ်သော စီးပွားရေးစနစ်များကို တည်ငြိမ်အောင် ပြုခြင်း” (Stabilizing an Unstable Economy) တွင် မည်သို့မည်ပုံ နောက်ဆုံး ဖြစ်ပေါ်လာမည်ကို တိကျစွာ နိမိတ်ဖတ်ထားခဲ့သည်။ မင်းစကီး က ယင်းကာလ (ကမ္ဘာ့စီးပွားရေး ဧရာမချိန်ညှိမှုကာလ) ကဲ့သို့သော စီးပွားရေးတည်ငြိမ်သည့် ခေတ်အကြောင်း ဆွေးနွေးထားရာ၌ ချေးငွေများကို ရန်ပုံငွေ တိုးချဲ့ ဖြည့်စွက်ခြင်းသို့ ဖြစ်ပေါ်လာစေပြီး၊ အသစ်သော ငွေကြေးပိုင်ဆိုင်မှုများ ဖြစ်ပေါ်လာစေသည်ဟု ဆိုသည်။ 

သို့ဖြစ်ရာ ရလဒ်အဖြစ် ရင်းနှီးမြှုပ်နှံမှု ခေတ်ကောင်းဖြစ်လာစေသည်။ ဤသို့ ရင်းနှီးမြှုပ်နှံမှု ခေတ်ကောင်းလာစဉ်တွင် ငွေချေးသူမြီရှင်များအကြား ပြိုင်ဆိုင်မှု တိုးမြင့်လာစေသည်။ သတိထားရမည်ဟူသော စိတ်လျော့ကျလာစေသည်။ ငွေချေးသူ မြီရှင်အများက အရင်းနှင့် အတိုး ပေးနိုင်ရုံမျှရှိသော ငွေချေးယူသူများသို့ ချေးငွေများ ထုတ်ပေးကြသည်။ ဤသို့သော ချေးငွေအမျိုးအစားက ပုံမှန်သဖွယ် ဆောင်ရွက်ချေးငှားနေကြသည်။ 

ယင်းအချိန်တွင် ဘဏ်များကလည်း လူများနှင့် လုပ်ငန်းများသို့ ချေးငွေများ ချဲ့ထွင်နေပြီး၊ အတိုးနှုန်းမျှကိုပင် ပြန်၍ မဆပ်နိုင်ကြသည့်အခါ ချေးငွေခရက်ဒစ်စနစ်က မတည်ငြိမ် ဖြစ်လာစေတော့သည်။ 

ဤသည်မှာ မင်စကီးက  သူ၏ငွေကြေးဆိုင်ရာ မတည်ငြိမ်မှု အနုမာနမှန်းဆချက် ပြုပြီး ၂၂ နှစ်အကြာတွင် အတိအကျ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူ၏သတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်။ အကြောင်းမှာ ကိန်းစ်ဝါဒီများက ထိုအချိန်က နားမထောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ 

၂၀၀၈ ခုနှစ်တွင် ငွေကြေးအကျပ်အတည်း ကြုံရသည့်အခါ ပထမဦးစွာ အမေရိက နှင့်နောက်ပိုင်းတွင် ဥရောပတခွင်လုံးနှင့် ဝင်ငွေမြင့်မားသည့် နိုင်ငံများသို့ ပြန့်နှံ့ကူး စက်လာရာ အသစ်သောကျမ်းရိုး ဘောဂဗေဒ စီးပွားရေးပညာရှင်များ ရှုံးနိမ့်ရတော့သည်။ ထိုသူများက ဖြစ်ပျက်လာမည့်အရေးကို ကြိုတင်တွက်ဆမထားနိုင်ခဲ့ကြပါ။ 

[Footnote: ဤသို့ နိမိတ်ဖတ်ပြီးနောက် ဂျွန် ကက်နက် ဂေဘရီယက် (John Kenneth Galbraith) က စီးပွားရေးအရ ကြိုတင်ခန့်မှန်း နမိတ်ဖတ်ခြင်းသည် နက္ခတဗေဒပညာကို လေးစားလာစေသည်ဟု ဟာသပြု၍ ဆိုခဲ့သေးသည်။] 

သူတို့၏မှန်းဆချက်များက တကမ္ဘာလုံး ဆိုင်ရာအမြင်အဖြစ် လက်တွေ့အသုံးမချနိုင်ကြသောကြောင့် ဖြစ်သည်။  US ကွန်ဂရက် စောင့်ကြည့်ကြီးကြပ်ရေးကော်မရှင် (Congressional Oversight Committee) က အသက် ၈၂ နှစ်ရှိပြီဖြစ်သော ဂရင်းစပန်း (aka The Maestro) ကို လွှတ်တော်သို့ ဆင့်ခေါ်၍ ငွေကြေးအကျပ်အတည်းနှင့် ပတ်သက်၍ သူ၏စဉ်းစားချက်များကို မျှဝေခိုင်းသည်။ 

ဗြိတိသျှသတင်းစာ သည် ဂါးဒီးယန်း (The Guardian) က ဤဖြစ်ရပ်ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ 

“ကော်မီတီ၏ဥက္ကဋ္ဌ ဒီမိုကရက်အမတ်တဦးဖြစ်သူ ဟင်နရီ ဝက်စ်မင်း (Henry Waxman) က ဂရင်းစပန်းကို မေးခွန်းထုတ် သည်။ ‘ခင်ဗျားရဲ့ ကမ္ဘာကြီးအပေါ်အမြင်၊ ခင်ဗျား ဒဿနအရ တွေ့ရှိခဲ့တာ မှန်မနေဘူးလို့ ဆိုတယ်။ အဲဒီကိစ္စက အလုပ်မဖြစ် ဘူးလို့ဆိုတယ်၊ ဟုတ်ပါသလား’။ 

ဂရင်းစပန်းက တုံ့ပြန်သည်။ 

‘အတိအကျ ပြောရရင် ကျနော်ရှော့ခ်ရတာ ဒီအချက်ကြောင့်ပါပဲ။ အကြောင်းကတော့ ကျနော်က နှစ် ၄၀ ကျော်ကြာ သိသာထင်ရှားတဲ့ သင်သေအထောက်အထားတွေအရ ဒီကိစ္စက အတော့်ကို အောင်မြင်စွာ အလုပ်ဖြစ်ခဲ့ပါတယ်။ 

ဝက်စ်မင်း (Waxman) က ဆက်၍ ဖိပြောသည်။ 

‘ကျနော့်မေးခွန်းက ရှင်းပါ တယ်၊ ခင်ဗျား မှားယွင်းခဲ့ပါသလား?’ 

ဂရင်းစပန်းက ‘တစိတ်တပိုင်းတော့ ဟုတ်ပါတယ်… ကျနော်က ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွား နဲ့ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေအပေါ်မှာ အကောက်အယူ မှားခဲ့တယ်။ အထူးသဖြင့် ဘဏ်တွေပါပဲ။ ဆိုလိုတာက သူတို့က သူတို့ အစုရှယ်ယာဝင်တွေ၊ သူတို့ ဘဏ်လုပ်ငန်းထဲရှိနေတဲ့ ရှယ်ယာတန်ဖိုးတွေကို အကောင်းဆုံး ကာကွယ်ပေးခဲ့ပါတယ်။ … ဒီ မိုဒယ်မှာ မှားယွင်းတယ်လို့ ကျနော်မြင်မိတာက ကမ္ဘာကြီးဘယ်လို အလုပ်လုပ်နေတယ်လို့ ဖွင့်ဆိုကြတဲ့ အရေးကြီးတဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ ဖွဲ့စည်းထားပုံအပေါ် ကျနော်မြင်မိတာပါပဲ။ ကျနော်က နှစ် ၄၀ ကျော်ကြာ သိသာထင်ရှားတဲ့ သက်သေအထောက်အထားတွေအရ ဒီကိစ္စက အတော့်ကို အောင်မြင်စွာ အလုပ်ဖြစ်ခဲ့ပါတယ်’။ 

၂၀၀၉ ခုနှစ်ထုတ် ကက်ဆီဒီ (Cassidy) ၏ “ဈေးကွက်က ဘယ်လိုကျရှုံးရသလဲ” (How Markets Fail) စာအုပ်တွင် ကျရှုံးရ သည့် အကြောင်းရင်းများကို အတော်ပြည့်စုံစွာ ဖော်ပြထားခဲ့သည်။ သူက စိတ်ကူးယဉ် ဘောဂဗေဒ (utopian economics) ဟု ကင်ပွန်းတပ်သည်။ 

ယခု ဖြစ်ပေါ်နေသည့် မတည်ငြိမ်ကပ်ဘေးများကို ကာကွယ်မှု မပေးနိုင်ခဲ့ဟု ဆိုသည်။ ကက်ဆီဒီက ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်ရမှုနှင့် ပတ်သက်၍ ဂရင်းစပန်း၏ အခန်းကဏ္ဍကို ဤသို့ ဖော်ပြခဲ့သည်။

“ဆယ်စုနှစ် ၂ ခုနီးပါး ဂရင်းစပန်းက ငွေကြေးဆိုင်ရာ အရင်းရှင်စနစ်ကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အင်စတီကျူးရှင်းတခုကို ဦးဆောင်နေခဲ့သည်။ သူ့အတွက် ဈေးကွက်စီးပွားရေးစနစ်မှာ သဘာဝအလျောက်တည်ငြိမ်သည် ဟု ပြောဆိုရန် အငြင်းထွက်ဖွယ် ဖြစ်ရုံမျှသာမက၊ ရယ်ဖွယ်ကိစ္စ ဖြစ်သည်။ … FEB ဗဟိုဘဏ်အနေဖြင့် ငွေကြေးရိုက်နှိပ်ထုတ် ဝေမှု နှင့် ဘဏ်အပ်နှံငွေများအပေါ် အာမခံပေးမှု ပေါင်းစပ်ထားပြီး၊ ကွန်ဂရက်လွှတ်တော်အနေဖြင့် ဧရာမငွေကြေးထောက်ပံ့ ပေးနိုင်သည့် အာဏာ (bailouts) အပ်နှင်းထားသည့်အတွက်ကြောင့် ငွေကြေးဆိုင်ရာ ကုမ္ပဏီများအတွက် အထူးလုံခြုံမှု ပိုက်ကွန် ဖန်တီးထားပေးသကဲ့သို့ ရှိနေစေသည်။ 

ယင်းကဲ့သို့သော ဝန်းကျင်တွင် ငွေကြေးများအလွယ်တကူ ရရှိနေစေရန် မူဝါဒ (policy of easy money) နှင့် ဥပဒေကြောင်းအရ လျှော့ချမှုပြုခြင်း (deregulation) တို့ ပေါင်းစပ်ခွင့်ပြုထားရာ လွတ်လပ်သည့် ဈေးကွက်ဟု ဆိုရုံမျှသာမဟုတ်။ ခရိုနီအရင်းရှင်စနစ် တမျိုးသာ ဖြစ်နေစေတော့သည်။”  

ဥပဒေကြောင်းအရ လျှော့ချပေးခြင်း လုပ်ငန်းစဉ်ကို သမ္မတဖို့ဒ် လက်ထက်ကတည်းက စတင်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်များ နောက် ပိုင်း သမ္မတဂျင်မီကာတာ လက်ထက်တိုင် ဆက်၍ ဆောင်ရွက်နေခဲ့သည်။ ကာတာလက်ထက်တွင် လေကြောင်းလိုင်းများ ကို ဥပဒေအရ လျှော့ပေါ့ပေးမှုများ ပြုခဲ့သည်။ အလားတူ ထရပ်ကားလုပ်ငန်းများတွင်၊ ထို့နောက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းများတွင်လည်း ဆောင်ရွက်လျှော့ပေါ့ခဲ့ကြသည်။ 

၁၉၉၉ ခုနှစ်တွင် သမ္မတ ကလင်တန်က ငွေကြေးဆိုင်ရာ ခေတ်မီစေရေး ဥပဒေ (Financial Modernization Act) ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဥပဒေအရ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ် များကို ပေါင်းစည်းမှု နှင့် ကြီးမားကျယ်ပြန့်သည့် ငွေကြေးဆိုင်ရာ အင်စတီကျူးရှင်းများ ထူထောင်ဖန်တီးခွင့်ပြုခဲ့သည်။  

၁၉၉၂ ခုနှစ်မှစ၍ ကလင်တန်၏ ဒီမိုကရက်တစ်ပါတီက စီးပွားရေးဘိဇနက်လုပ်ငန်းများနှင့် လိုက်လျောအဆင်ပြေသည့် ဦးတည်ချက်သို့ ရွှေ့လျားလာပြီး၊ နိုင်ငံရေးအရ ‘အလယ်ကွင်းမြေ’ သို့ ရွှေ့လာခဲ့သည်။ သမ္မတ ကလင်တန်၏ တတိယလမ်း မူဝါဒများတွင် ဝင်ငွေ-ထွက်ငွေ ဘတ်ဂျက်မျှတစေရေး မူဝါဒ၊ ပုဂ္ဂလိက-အစိုးရ မိတ်ဖက်ပြုမှု (private-public partnerships)၊ ဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့မှုနှင့် ငွေကြေးလုပ်ငန်းတွင် ဥပဒေအရ လျှော့ပေါ့ပေးခြင်းများ ပါဝင်ကြသည်။ 

မင်းစကီးနှင့် သူ့အပြင် အချို့သော လက်တဆုပ်စာ ဘောဂဗေဒပညာရှင် လူနည်းစုက မည်သည့်အတွက်ကြောင့် ၂၀၀၈ ခုနှစ် ငွေကြေးအကျပ်အတည်းနှင့် နောက်ပိုင်းဖြစ်ပေါ်လာသည့် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကို နိမိတ်မဖတ်နိုင်ခဲ့ပါသနည်း။ 

အဖြေ တခုမှာ အသစ်သော ကျမ်းရိုးဘောဂဗေဒပညာက ယူဆထားသလို (neoclassical assumption) ဈေးကွက်က မိမိဘာသာ ပြန်၍ထိန်းညှိခြင်းဆိုသည်က အလုပ်မဖြစ်သောကြောင့် ဖြစ်သည်။ အခြားအဖြေတခုမှာ ဘောဂဗေဒပညာက အထူးပြု ဘာသာရပ်ခွဲ အမျိုးမျိုးအဖြစ် ဖွံ့ဖြိုးတိုးတက်လာသည်။ တဦးနှင့်တဦး မျက်နှာချင်းဆိုင် မကြည့်နိုင်လောက်အောင် ကဏ္ဍ စည်းခြားကုန်ကြသည်။ 

မက္ကရိုစီးပွားရေးပညာ (macroeconomics) ရော၊ ငွေကြေးဆိုင်ရာ ဘောဂဗေဒပညာ (financial economics) နှစ်ခုစလုံးက မင်းစကီးနှင့် လားလားမျှမတူ၊ ဘဏ်များကဲ့သို့သော ငွေကြေးဆိုင်ရာ အင်စတီကျူးရှင်းများ မည်သို့မည်ပုံ အလုပ်လုပ်ဆောင်နေသည်ကို အာရုံထား အလေးပေး ကြည့်မနေကြသောကြောင့် ဖြစ်သည်။ 

ဤသည်မှာ ကြီး လေးသည့် ပယ်ချန်ထားမှု ဖြစ်တော့သည်။ ဧရာမ ကမ္ဘာ့စီးပွားချိန်ညှိမှုကာလကြီး (the Great Moderation) တွင် လွှမ်းမိုးနေ သည့် သီအိုရီအများအပြား ပေါ်ထွန်းလာခဲ့သည့် အကြောင်းမှာ ထိုကာလက အရင်းရှင်စနစ်ဖွံ့ဖြိုးရာ စီးပွားရေးစနစ်ကြီးများအတွင်း ကြီးမားသည့် စီးပွားရေးရှော့ခ်များ ရှိမနေသောကြောင့် ဖြစ်သည်။ 

ဘောဂဗေဒပညာမှာ ဓာတုဗေဒ၊ ရူပဗေဒတို့ကဲ့ သော သိပ္ပံပညာမဟုတ်သည့်အတွက် ရင်ဆိုင်ကြရုံသာ ရှိသည်။ ဟ-ဂျုံးချန်း (Ha-Joon Chang) က အတော်တိကျစွာ ဖော်မြူလာ ထုတ်၍ ဆိုခဲ့သည်။ "ဘောဂဗေဒပညာတွင် နိုင်ငံရေးမှ သီးခြားကင်း၍ ရပ်တည်ထူထောင်ထားသည့်၊ မကြာခဏဆို သလို ကျင့်ဝတ်ပိုင်းနှင့် ဆင်ခြင်တုံတရားပိုင်းတွင် သီးခြားကင်းလွတ်နေသည့် ဓမ္မဓိဌာန်ကျသည့် အမှန်တရား မရှိပါ” ဟု ဆို သတည်း။ 

လူတို့၏ အမူအကျင့်ဆိုင်ရာ ဘောဂဗေဒပညာရှင်များက ဈေးကွက်၏ ကျိုးကြောင်းဆီလျော် စဉ်းစားဆင်ခြင်နိုင်မှုအပေါ် သံသယ ရှိကြသည်။ သူတို့၏ အငြင်းထုတ်ချက်မှာ လူသားတို့သည် သူတို့၏ စွမ်းဆောင်နိုင်မှုများအပေါ် ယုံကြည်မှု ရှိနေကြ သည်။ မကြာသေးမီက ဖြစ်ရပ်လားရာများကို အခြေခံ၍ အနာဂတ်ကို တွက်ချက်ခန့်မှန်းတတ်ကြသည်။ ဤကြန်အင် လက္ခဏာ ၂ ရပ်က ကြီးလွယ် ပေါက်လွယ် ပူဖောင်းများ၏ သဘောကို ရှင်းပြနေသည်။ 

ထို့အပြင် ဆုံးရှုံးမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက ကျိုးကြောင်းမဆီလျော်ဘဲ အန္တရာယ်စွန့်စားရမှုကို ကွင်းရှောင်ရန် ကြိုးပမ်းလာကြသည်။ 

ဤအချက်က ပူဖောင်းပေါက်ကွဲသည့်အချိန်တွင် ရုတ်ချည်း ကုန်ဈေးနှုန်းများ ကျဆင်းရခြင်းကို ရှင်းပြနိုင်သည်။ သူတို့၏ အတွင်းကျကျ သိမြင်မှုက တဖန် အထူးပြုဘောဂဗေဒ ဘာသာရပ်ခွဲများအဖြစ် ထပ်၍ ပေါ်ထွန်းစေသည်။ 

ဦးနှောက်အာရုံကြောဆိုင်ရာ ဘောဂဗေဒ (neuroeconomics) ဟူ၍ ဖြစ်လာသည်။ ဦးနှောက်ဆိုင်ရာ သိပ္ပံပညာကို တိုးတက်စွာအသုံးချခြင်း ဖြစ်သည်။ စားသုံးသူများ၏ အမူအကျင့်ကို ဆုပေးသည့်ဖွဲ့စည်းပုံများ (reward structures) မှတဆင့် ဖော်ထုတ်၍ ဖြစ်နိုင်ခြေများကို ဖော်ထုတ်ခြင်း ဖြစ်သည်။ 

ဤသို့ဆုချခြင်းဖြင့် ဦးနှောက်ရှိ အာရုံခံကြောစနစ်များ (neurotransmitters) သို့ ဖြည့်ဆည်းမှု ဖြစ်စေသည်ဟု ဆိုသည်။ 


Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar