Breaking News

ကျိုက်မရောမြို့နယ် တိုက်ပွဲအတွင်း အရပ်သား ၃ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ၊ ခင်ဦးမြို့နယ်ထဲက မီးရှို့ခံနေရတဲ့ ကျေးရွာတွေ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂


ကျိုက်မရောမြို့နယ် တိုက်ပွဲအတွင်း အရပ်သား ၃ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ၊ ခင်ဦးမြို့နယ်ထဲက မီးရှို့ခံနေရတဲ့ ကျေးရွာတွေ

တနေ့က ဖြစ်ပွားတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရဲစခန်းကို တိုက်ခိုက်မှုမှာ ၂ ဖက် လက်နက်ကိုင် အဖွဲ့တွေ သေဆုံးမှုရှိသလို ကျေးရွာက အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ရာဘာခြံတွေရှိပြီး အခုလိုမိုးကုန်ရာသီမှာ ရာဘာအစေးခြစ်ကြတဲ့ရာသီဖြစ်ပြီး ရာဘာခြံထဲမှာ နံနက်စောစောပိုင်းကနေ လင်းပြီးချိန်ထိ ရာဘာခြစ်လေ့ရှိရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်စဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ သတင်းတွေထဲ ဖေါ်ပြထားပါတယ်။ 

အခုတိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ကေအန်ယူအဖွဲ့ စိုးမိုးတဲ့ဒေသတွေဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ ကေအန်ယူရဲ့ ဘက်ကလည်း သွားလာလှုပ်ရှားလေ့ရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒေသခံတွေက စိုက်ပျိုးရေး နဲ့ ရာဘာခြံတွေ လုပ်ကိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်အကြား  တပ်မဟာအလိုက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေရှိနေခဲ့တာ ဖြစ်ပြီး တပ်မဟာ ၅ ဖာပွန်မူတြော်ဒေသမှာ စစ်ကောင်စီစခန်းတွေကို သိမ်းယူတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ယမန်နှစ် ကုန်ပိုင်းမှာတော့ လေးကေကော် ဒေသမှာ စစ်ကောင်စီဝင်ရောက် စစ်ဆေးဖမ်းဆီးရာက မြဝတီခရိုင်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာခဲ့ပြီး ၊ သထုံခရိုင်၊ ကျိုက်ထို ဘီးလင်း၊ ညောင်လေးပင်၊ ကျောက်ကြီး၊ တပ်မဟာ ၆ ရဲ့နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးနဲ့ အခုနောက်ပိုင်း ကျိုက်မရောဧရိယာတွေ အထိ ကျယ်ပြန့်လာတာဖြစ်ပါတယ်။ ကေအန်ယူအဖွဲ့ထဲမှာ တပ်မဟာအလိုက်  လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှု အနည်းအများ ကွာခြားနေခဲ့တာဖြစ်ပြီး အခုလပိုင်းမှာတော့ တပ်မဟာ အားလုံးနီးပါးမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ အနေအထားတွေ့ရမှာ ဖြစ်ပါတယ်။ 

ကေအန်ယူလက်နက်ကိုင်အဖွဲ့ဟာ အန်ယူဂျီ အစိုးရအဖွဲ့ရဲ့ အခြေစိုက်ဖို့နေရာ လုံခြုံရေး စတဲ့ ထောက်ပံ့မှုတွေ ပေးထားတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ကေအန်ယူ အဖွဲ့တွင်းမှာတင် အန်စီအေ နဲ့ပတ်သက်တဲ့ သဘောထား ပျော့ပျောင်းတဲ့အမြင်ရှိသူ တင်းမာတဲ့အမြင်ရှိသူတွေ ကွဲပြားနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့  လက်နက်ကိုင်တိုက်ပွဲတွေ ချက်ချင်း ဖြစ်ပွားတာ မဟုတ်ပဲတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့ တတွဲတည်း ဒုက္ခသည်ပြဿနာကလည်း တွဲလျက်ပါရှိလာတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ စစ်ဘေးရှောင်ရတဲ့ ဒုက္ခသည်အရေအတွက်လည်း တောက်လျှောက်တိုးမြင့်လာနေပြီး ၄င်းတို့ရဲ့ စားဝတ်နေရေး အမိုးအကာ၊ ဆေးဝါး အကူအညီတွေ ရဖို့ အခက်အခဲလည်း တွဲလျက်ဆိုသလို ဖြစ်ပေါ်လာတာပါ။ တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ဒေသအများစုမှာ လူသားချင်းစာနာမှုအကူအညီတွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်မရတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ် တင်မကပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကချင်ပြည်နယ်တို့လိုမှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပေမယ့် ဒုက္ခသည်ကူညီရေး အစီအစဥ်တွေ ကူညီခွင့်မရပဲ ပဋိပက္ခဒေသတွေကို ပိတ်ဆို့ဖြတ်တောက်ရေးတွေ လုပ်ဆောင်တာကို စစ်ရေးအရ အောင်နိုင်ဖို့ အသုံးချနေတာဖြစ်လို့ အဲဒီဒေသက ဒေသခံတွေအဖို့ စစ်ပွဲကြောင့်အသက်သေဆုံးရနိုင်တဲ့ အန္တရာယ်အပြင် ဆေးဝါးကုသမှုလိုအပ်တဲ့အခါ လက်လှမ်းမမှီတာ၊ ဆေးဝါးတွေ ဖြတ်တောက်ခံရလို့ လက်နက်ကြောင့်မဟုတ်ပဲ စစ်ပွဲရဲ့ အကျိုးဆက်ကြောင့်အသက်ဆုံးရှုံးနိုင်တာ၊ အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့တာကြောင့် ဝင်ငွေမရရှိနိုင်တာ မီးရှို့ခံရတာတွေက စစ်ပွဲရဲ့ အကျိုးဆက်တွေကြောင့်လည်း  ထိခိုက်ဆုံးရှုံးရမှုတွေက စာရင်းမတင်နိုင်လောက်အောင် များပြားတာ တွေ့ရပါတယ်။ 

အထက်က လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ဒေသခံတွေရဲ့ လူသားချင်းစာနာမှု အကူအညီမရနိုင်တဲ့ အခြေအနေတွေနဲ့ တဆက်ထည်း တင်ပြမယ့်သတင်းက စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်က ကျေးရွာတွေ ကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ပြီးမီးရှို့တာတွေ လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း ချင်းပြည်နယ်တို့မှာ ကျေးရွာတွေ လူနေအိမ်တွေကို မီးရှို့တဲ့နည်းလမ်းနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတဲ့ ထောက်ပံ့အားပေးတဲ့ အာခံမှုကို စွန့်လွှတ်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂နှစ်နီးပါးအတွင်း နေအိမ်ပေါင်းသောင်းနဲ့ချီ ဆုံးရှုံးခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်ကတော့ အဆိုပါနေအိမ်မီးရှို့မှုတွေကို လုပ်ဆောင်တယ်လို့ တကြိမ်တခါမျှ ဝန်မခံပါဘူး။ 

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီရာနဲ့ချီတဲ့ ရွာတွေ ပြန်လည်မတည်နိုင်လောက်အောင် လုပ်ဆောင်ခဲ့တဲ့ မဝေးသေးတဲ့ ရာဇဝတ်မှုတွေလိုပဲ အခုအခါ အခြားသော ပြည်နယ်တွေ တိုင်းတွေမှာ စစ်ကောင်စီတပ်တွေက ကျင့်သုံးနေကြတာပါ။ နေအိမ်တွေ ရိက္ခာတွေနဲ့ အချို့သော အဖြစ်အပျက်မှာ အသက်ကြီးသူတွေ နေအိမ်က ထွက်ပြေးဖို့ ခက်ခဲသူတွေပါ မီးထဲမှာ အသက်ဆုံးရှုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ 

အခု မျက်မှောက် ပဋိပက္ခဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခသမိုင်းမှာ အသက်အိုးအိမ် ဆုံးရှုံးမှု အများဆုံး ပြည်တွင်းစစ်ပွဲတခုဖြစ်ပြီး ဘယ်လောက်ထိ ဆက်လက်ဖြစ်ပွားနေဦးမလဲဆိုတာတော့ ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar