Breaking News

စိုးလူမောင် - ရိုး မ ရ နံ့

ရိုး မ ရ နံ့  
စိုးလူမောင်
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂

* ရိုးမဟာ
 သူ့သဏ္ဌန် သူ့ဟန်ပန်
 သူ့ဋ္ဌာန်နဲ့သူ
 လူ့သမိုင်းမှန်ကူကွက်ထဲ
 အနက်ရှိုင်းဆုံး
 လှိုင်းတခုဖြစ်ခဲ့ဖူးရဲ့ ။

* တောင်ပေါ်စပ်က
  ငှက်မျိုးစုံအော်သံ
  ချိုးကူသံ၊ ဝဲပျံ ပျားသံများ
  နားဆတ်ဆတ် နှစ်ချို့များစွာ ။

* ခုများ
 တောင်ခိုးတောင်ငွေ့ပါးရှား
 နိုင်လွန်သားတောအုပ်သစ်ပင်
 ရသကင်းမဲ့နေတဲ့
 တောကြီးတန်းကွန်ရက်
 ချွေးစက်သွေးစက်မျက်ရည်တွေ
 တောင်ယာလယ်လုပ်၊ ဓားမခုတ်
 ကျွဲပခုံးတို့ထက်
 စစ်ပဒေဿရစ်လက်သစ်တို့
 သွေးစုတ်ညစ်ပတ်
 အသံကောင်းဟစ်ခဲ့ကြ၊
 တောပြုန်း တောင်ပြုန်း
 လယ်ဆုံးယာဆုံး
 လယ်ပျက်ယာပျက်၊ ဘဝပျက်
 လယ်ပစ် ယာပစ်
 ဘဝပစ်သွားကြ
 နှစ်တို့ချီကြာမြင့်ခဲ့ပြီ ။

* ဟိုတချိန်က
 မြရာပင် မြရာတော
 သစ်ရာပင် သစ်ရာတော
 တခါတလေ
မျှစ်စို့ထူထူပေါတဲ့ဝါးတောအုပ်
တချို့ငှက်ပစ်ရင်း၊ ပျားဖွတ်ရင်း
ကျော့ကွင်းထဲဆင်းလာတဲ့
တောဝက်တကောင်
အမဲလိုက်ခွေးဟောင်သံ
အကူအညီနဲ့
ဦးလေးရင်ရဲ့ဟင်းစားဟာ
မီးခိုးတလူလူ
တရွာလုံးသင်းပျံ့မွှေးကြိုင်သွားလေရဲ့။

* ရိုးမအခြေနဲ့ အလှမ်းမဝေး
အုတ်ဖိုမြို့တောဘူတာလေးဟာ
တပ်မခွန်ခွန်တံဆိပ်နဲ့
အသစ်စက်စက်ဂျီသရီးမောင်းပြန်များ
စစ်ရောင်ဖိနပ်စိမ်းတွေ
စစ်ရထားတွဲကထွက်ကျလာလိုက်တာ
ဘူတာဝန်းကျင်တရပ်လုံး
နေရာချင်းထပ် ပျားပန်းခပ် ။

* « နင်  ဗကပ
            ဗကပ ဒေါက်တိုင်
            ဗကပ ဒလျှိူ  «
   ဦးလေးရင် ဟာ
  အစိမ်းပုတ်တို့ဖြန့်ကျက်
  ရက်နစ်ဆယ်အလွန်
  လှံစွပ် ဓားသွားထက် 
အသက်ကိုစတေး ၊
^ မသိဘူး»ဘူး ငြင်းချက်များနဲ့ ့
  အညတြ ရိုးမတပ်သား
  ကြားရသူရွာသားတိုင်း
«တောက်»ခေါက်သံတွေနဲ ့
 မျက်ရည်လည် ။

* ဦးလေးရင်ဟာ
  ဦးလေးဟိုလိုပဲ၊ ကိုယ်ကျိုးမငဲ့
ရွာကျိုးအတွက် ဇောင်းပေးလုပ်
တောင်ယာလယ်လုပ်ကျွမ်း
တောလိုက်လဲကျွမ်းတယ်၊
အိမ်ဆိုင်လေးနဲ့ တတုံးထွန်
လယ်သမားဖြစ်တယ်၊
အလုပ်အားရင်စာအုပ်ကိုင်တယ်
တခါတလေ ညအမှောင်
ထီးထီး ထွက်ခွာတတ်တယ်
ဦးလေးရင်ကိုမုန်းတဲ့ရွာသား မရှိ။

* ၆၄ ရင်ဘတ်နဲ့ဦးလေးရင်
 ရဲရဲမြင်တာက
 စစ်ဓနရှင်တွေအပေါ်
 ပြတ်သားခါးသီးခြင်းပဲ ။

*နှစ်ငါးဆယ်ကျော်ခဲ့ပြီ ဦးလေးရင်
တချက်တချက် လွမ်းတသတာကလွဲလို့
ဦးလေးရင်အတွက်
ဆုမတောင်းပန်းမကပ်
ဒီကျေးလက်ဇာတ်လမ်းတွေ
ဟောင်းဆွေးမသွားသေး
ကျုပ်တို့သွေးကြောထဲမှာ
တစစ်စစ်။

* တဆစ် တနှံ တစေ့
  တဆစ်ကတရုံဖြစ်
  တနှံက တနံတလျားဖြစ်
  တစေ့က တတောဖြစ်
  သစ်ဆန်းညီညွတ်ကြ
  ငါတို့ချစ်တဲ့ငါတို့လေ
  ငါတို့ရှုမယ်၊
  ငါတို့ချစ်တဲ့ငါတို့မြေ
  ငါတို့ပြန်ယူမယ်။

* အဖိုးအခပေးလွန်းကြီးမားခဲ့တဲ့
  ပဲခူးရိုးမ
  ပြန်လည်နိုးထလင်းလက်ကြ
 ပြန့်ကြဲရာအရပ်ကဦးညွှတ်ကြ
 ရှင်သန်ခြင်းနိယာမသစ်မှာ
 ရိုး မ မြစ်တွေ ဖျာထွက်
 စီးဆင်းမယ်၊စီးဆင်းကြစေမယ် ။     ။

 စိုးလူမောင်

** ပဲခူးရိုးမ ရွှေတလေးချောင်းဖျားဒေသ မစေ့စပ်စတမ်းတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသော ဗိုလ်မင်းဒင်နဲ့အတူ ရဲဘော်မူကာဂျီ၊ ဗိုလ်မျိုးအံ့တို့မြုပ်နှံရာနေရာသို့ တခုတ်တရရောက်ရှိခဲ့လျက် .....
ရိုးမ၊ အရှေ့ခြမ်း၊ အနောက်ခြမ်း တနံတလျားတို့တွင် ကြီးမြတ်စွာကျဆုံးသွားခဲ့ကြသော ရဲဘော်ကြီး/ငယ်အပေါင်းအား အလေးထား အလေးနီလျက် .....အမှတ်ပြု ရေးသားခြင်း တစုံမျှသာ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar