Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၇ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၇ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၂


သင်ခန်းစာများ 

ကမ္ဘာ့စီးပွားပျက်ကပ်က သင်ခန်းစာများ ပေးခဲ့သည်။ စီးပွားရေးကျဆင်းနေမှုမှသည် လုံးဝဥသုံ ငွေကြေးအကျပ်အတည်း ကပ် ဆိုက်ရခြင်း မဖြစ်ရလေအောင် စီးပွားရေးစနစ်ကို မည်သို့ဆွဲတင်နိုင်မည်ကို သိလာကြသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး အမှန်တကယ် ဖြစ်ပေါ်လာသည့်အခါ ယင်းသင်ခန်းစာများကို အသုံးချခဲ့ကြပါ၏လော။ 

ဥပမာအားဖြင့်- အိုင်ချင်ဂရင်း (Eichengreen) က နိဂုံးချုပ် သုံးသပ်ရာတွင် မူဝါဒချမှတ်သူများက ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကို ကာကွယ်နိုင်စေရန် လုံလောက်သည့် အတိုင်းအတာအထိ ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ယင်းသို့ ‘လုံလောက်ရုံ’ ဆိုသည်မှာ ကမ္ဘာကြီး ကို လုံခြုံသည့်နေရာတခု ဖြစ်စေရန် ဆောင်ရွက်ရာ၌ သိပ်နည်းလွန်းသည်ဟု သုံးသပ်သည်။ သေချာသည်မှာ ဘဏ်များတွင် ယခုအခါ ပို၍များသည့် အရင်းအနှီးနှင့် ငွေပေါ်လွယ်မှုကြားခံ (liquidity buffers) ထားရှိရန် လိုအပ်နေကြသည်။ သို့တိုင်အောင် ဘဏ်များက ကျရှုံးမှုဖြစ်ဖို့ မလွယ်လောက်အောင် သိပ်ပြီးကြီးမားနေကြပါသည်။ 

ဥရောပက သူတို့၏စီးပွားပျက်ကပ်ကို ကျော်လွှားနိုင်ခဲ့ကြသည်။ အန္တရာယ်ပြွမ်းသော ပြဿနာများကို ဆက်လက်ဖြေရှင်းဖို့ ရှိနေပါသေးသည်။ သာဓက ဆိုရလျှင် ယူရိုငွေကြေးဇုန်အတွက် ဘဏ်များ အပေါင်းအစု သမဂ္ဂ ဖွဲ့စည်းခြင်းနှင့် ယူရိုငွေကြေးဇုန်မှနေ၍ ဂရိငွေကြေး ထွက်ခွာသွားသည်မျိုး (Grexit)  မဖြစ်ရလေအောင် ကာကွယ်ခြင်း ဖြစ်သည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့စီးပွားပျက် ကပ်ကြီး၏ ဖြစ်ပေါ်စေသော နက်ရှိုင်းသည့် အကြောင်းတရားများကို လုံလောက်စွာမဖြေရှင်းရသေးကြောင်း သိသာသည်။ 

အိုင်ချင်ဂရင်း (Eichengreen) က နိဂုံးချုပ်ရာတွင် အနာဂတ်တွင် ပို၍နက်ရှိုင်းသည့် စီးပွားပျက်ကပ်များ မဖြစ်နိုင်ဟု ပြော၍ မရသေးကြောင်း ဆိုခဲ့ပါသည်။ 

စိန်ခေါ်မှုများ 

ကမ္ဘာကြီး၏ စီးပွားရေးစနစ်က အလျင်အမြန် ပြောင်းလဲနေလျက် ရှိသည်။ မာတင် ဝုဖ် (Martin Wolf) က အောက်ပါအတိုင်း လေ့လာမိသည်။ 

“ဤသို့ မမြင်သာ ငုပ်လျှိုးနေသည့် မောင်းနှင်နေသော အကြောင်းတရား ၃ ခု ဖြစ်သည့် “တံခါးဖွင့် ပွင့်လင်းမှု၊ နည်းပညာ နှင့် အသက် အရွယ်ကြီးရင့်လာကြခြင်း”တို့ကြောင့် ကမ္ဘာ့စီးပွားရေးစနစ်က ပုံစံအသစ်သို့ ရွေ့လာသည်။ နယ်စပ်များကို ဖြတ် ကျော်၍ အကြီးအကျယ်နှင့် စုစုပေါင်းအရင်းအနှီး စီးဆင်းမှုဖြစ်ပေါ်လာသည့်အခါ နိုင်ငံများအကြား ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာရသည်။ ရင်းနှီးမြှုပ်နှံမှု ပြုသည့်နေရာ နှင့် လွတ်လပ်ပွင့်လင်းလာသည့် ချေးငွေခရက်ဒစ် မြင့်တက်လာသော ကြောင့် သိသာထင်ရှားသည့် အရွေ့များ ဖြစ်ပေါ်လာရသည်။ ဤသို့အရွေ့များကြောင့် ဝင်ငွေမြင့်မားသည့် စီးပွားရေးစနစ် နိုင်ငံများတွင် ‘တနိုင်ငံချင်း စီးပွားရေးတန့်နေရမှုများ’ ဖြစ်ပေါ်လာသည်။ အမေရိကန်ပြည်ထောင်စု၏ ငွေတိုက်ဆိုင်ရာ ဝန်ကြီး လောရင့်စ် ဆမ်းမားစ် (Lawrence Summers) က ဖော်ထုတ်သတ်မှတ်ခဲ့သည့်အတိုင်း စုပေါင်းဝယ်လိုအားအရ ဖွဲ့ စည်းပုံဆိုင်ရာ အားနည်းနေသည့်ကမ္ဘာ ဖြစ်နေသည်။” 

ငွေကြေးအကျပ်အတည်း စတင်ဖြစ်ပေါ်လာသည့်အခါ အရင်းရှင်စနစ်သည် ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။ ဧရာမ ဘဏ်ကယ် ဆယ်ရေး လုပ်ငန်းဆောင်တာများ (ပြည်သူများ၏ အခွန်များဖြင့် ပေးဆပ်ခဲ့ရသည်)၊ သမားရိုးကျမဟုတ်သည့် ငွေကြေးဆိုင် ရာ မူဝါဒများ၊ အလားတူ တင်းကျပ်ချုပ်တည်းရသည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခဲ့ကြရသည်။ (သို့အတွက်ကြောင့် လူအများအပြား အလုပ်အကိုင်ပြုတ်ကြရသကဲ့သို့ လူသန်းပေါင်းများစွာ ဆင်းရဲတွင်းထဲသို့ သက်ဆင်းကြရသည်) သို့ဖြစ်ရာ အနည်းစုသော ဘောဂဗေဒပညာရှင်များက အရင်းရှင်စနစ်၏ အမှောက်ဖက်လွှမ်းသည့် ဘက်ခြမ်းကို ရေးသားဖော်ထုတ်ရန် စေ့ဆော်မှု ဖြစ်စေခဲ့သည်။ 

[Footnote: အနည်းငယ်မျှသော ဥပမာအဖြစ် Ha-Joon Chang (2010) 23 Things They Don’t Tell You about Capitalism. London: Penguin; Sedlacek, T. (2011) Economics of Good and Evil: The Quest for Economic Meaning from Gilgamesh to Wall Street. New York: Oxford University Press; Skidelsky, R. and Skidelsky, E. (2012) How Much is Enough? Money and the Good Life. New York: Other Press; Stiglitz, The Price of Inequality. စာအုပ်များ ဖြစ်ကြသည်။]  

စာအုပ်တအုပ်ကတော့ လူသိများ သည်။ ၂၀၁၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေပြီးနောက် ရောင်းအကောင်းဆုံး စာအုပ်တအုပ် ဖြစ်စေခဲ့သည်။ 

သောမတ်စ် ပစ်ကက်တီ (Thomas Piketty) ရေးသားသည့် “၂၁ ရာစုရှိ အရင်း အနှီး” (Capital in the Twenty-First Century) စာအုပ်ဖြစ်သည်။  

ကိန်းစ်က ၁၉၁၉ ခုနှစ်တွင် “ငြိမ်းချမ်းရေး၏ စီးပွားရေးဆိုင်ရာ အကျိုးဆက်များ (The Economic Consequences of Peace) ထုတ်ဝေခဲ့စဉ် ကဲ့သို့ပင်၊ ပစ်ကက်တီ၏ “၂၁ ရာစုရှိ အရင်းအနှီး” (Capital in the Twenty-First Century) စာအုပ် ထွက်ပေါ်လာပြီးနောက် တကယ့်နာမည်ကျော်တဦး ဖြစ်ပေါ်လာခဲ့သည်။ ဝင်ငွေနှင့် ဓနဥစ္စာ မညီမျှမှု၏ အန္တရာယ်ကို လူအများအာရုံစိုက်မိလာအောင် ဆွဲဆောင်ရေးသားခဲ့သူမှာ သူတဦးတည်း မဟုတ်ပါ။ 

[Footnote: ဟ-ဂျုံးချန်း (Ha-Joon Chang) ကလည်း လူတန်းစားမညီမျှမှုအကြောင်းကို သူ၏စာအုပ် “အရင်းရှင်စနစ်နှင့် ပတ်သက်၍ သူတို့မပြောကြသည့် အချက် ၂၃ ခု” (23 Things They Don’t Tell You about Capitalism) တွင် ရေးခဲ့သေးသည်။]  “စီးပွားရေးဖွံ့ဖြိုးမှုကြောင့် လူချမ်းသာများကို ပို၍ချမ်းသာစေသည်” ဟူသည့် ဆန်ကျင်ဖက်သဘောဆောင်သည့် သဘောတရားကို ပုံမှန်ဖော်ပြနေကြသော်လည်း၊ လူချမ်းသာဦးစားပေး မူဝါဒများက ပြီးခဲ့သည့် ဆယ်စုနှစ် ၃ ခုကာလတွင် ဖွံ့ဖြိုးမှုကို တွန်းတင်အားပေးရေးအတွက် မအောင်မြင် ကျရှုံးစေခဲ့ပါသည်။ ဤသို့ ဆွေးနွေးပြောဆိုမှု၏ ပထမအဆင့်တွင် — လူချမ်းသာများထံ သို့ စီးပွားရေး၏ ပိုကြီးမားသည့် မုန့်အခြမ်းကို ပေးခြင်းအားဖြင့် မုန့်ကို ပို၍ကြီးမားလာစေသည် ဟူသည်မှာ မမှန်ကန်ပါ။ဤဆွေးနွေးချက်၏ ဒုတိယအဆင့် မှာ — လူဦးရေ၏ ထိပ်ပိုင်းတွင် ပိုကြီးမားသည့် ဓနဥစ္စာကို ဖန်တီးပေးခြင်းအားဖြင့် နောက်ဆုံး လူဆင်းရဲများထံသို့ လျှံကျစီးဆင်းလာစေမည်ဟု ဆိုကြသည်။ — ဤအချက်သည်လည်း အလုပ်မဖြစ်ခဲ့ပါ’ ဟု ရေးသားခဲ့သည်။ (137–8).] 

ဂျိုးဆက်ဖ် စတစ်ဂလစ် (Joseph Stiglitz) က ၂-နှစ် စော၍ ရေးခဲ့သေးသည်။ စတစ်ဂလစ်ရေးသားသည့် “လူတန်းစားမညီမျှမှု၏ ပေးဆပ်ရသည့်တန်ဖိုး- ယနေ့မိမိတို့၏ ကွဲပြားနေသည့် လူမှုအဖွဲ့အစည်းက မိမိတို့၏ အနာဂတ်ကို မည်သို့ခြိမ်းခြောက်နေပါ သနည်း” (The Price of Inequality: How Today’s Divided Society Endangers Our Future) စာအုပ်လည်း အလားတူ ထင်ရှားခဲ့သည်။

ဤစာအုပ် နှစ်ခု၏ ခြားနားချက်မှာ စတစ်ဂလစ်အနေဖြင့် သူ၏ဝေဖန်သုံးသပ်ချက်ကို အမေရိကအတွက်သာ ကန့်သတ်၍ ပြုခဲ့ခြင်း ဖြစ်သည်။ ပစ်ကက်တီအနေဖြင့်မှာမူ ပို၍ကျယ်ပြန့်သည့် ရှုထောင့်က သုံးသပ်ခဲ့သည်။ သူက ပြီးခဲ့သည့် ရာစု ၃ ခုစာ ကာလတွင် ဝင်ငွေနှင့် ဓနဥစ္စာ ဒေတာများနှင့်ပတ်သက်၍ ဖြစ်နိုင်သမျှ များသည့်နိုင်ငံများမှ အချက်များကို စုဆောင်းခဲ့သည်။ ပစ်ကက်တီက နိဂုံးချုပ်သုံးသပ်သည်မှာ ကုဇနက်စ် မျဉ်းကွေး (Kuznets Curve) အတိုင်း အလားတူ မဖြစ်ခဲ့ပါ။ ကုဇနက်စ် မျဉ်းကွေး (Kuznets Curve) က ဆိုထား သည်မှာ စီးပွားရေးဖွံ့ဖြိုးမှုသည် ပထမပိုင်းတွင် ဝင်ငွေနှင့် ဓနဥစ္စာအရ  လူတန်းစား မညီမျှမှုကို ဖြစ်ပေါ်စေပြီး၊ နောက်ပိုင်းမှသာ ပြန်၍ နီးစပ်ပေါင်းစည်းခြင်း ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မှန်ပါသည်။ နီးစပ် ပေါင်းစည်းခြင်းက ၁၉၂၀ ခုနှစ်မှ ၁၉၇၃ ခုနှစ်အကြားတွင် ဖွံ့ဖြိုးပြီကမ္ဘာ၌ အမှန် ဖြစ်ပေါ်ခဲ့ပါသည်။ ဤသို့ဖြစ်ပေါ်လာရခြင်း မှာ ကမ္ဘာစစ်ကြီး ၂ ခု၊ ကမ္ဘာ့စီးပွားပျက် ကပ်ကြီး၏ ဆိုးကျိုး စီးပွားရေးရိုက်ခတ်မှုကြောင့် ဓနဉစ္စာ ကျုံ့လာခြင်းနှင့်အတူ ချမ်း သာသူများကို အခွန်တိုးကောက်သည့် မူဝါဒများ (progressive tax policies)၊ အားကောင်းသန်မာသည့် အလုပ်သမား သမဂ္ဂများကြောင့် လုပ်ခလစာမြင့်မားလာခြင်း.. စသည့်အချက်များ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ် ကက်တီက ယူဆသည်မှာ ၁၉၂၀ ခုနှစ်မှ ၁၉၇၃ ခုနှစ်အကြားကာလသည် သမိုင်းကြောင်းအရ ချွင်းချက်ဖြစ်သည်။ ယခုအခါ ဝင်ငွေနှင့် ဓနဥစ္စာကွာဟမှု ပြန်၍ မြင့်မားလာပြန်ပြီ ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအများတွင် အလုပ်သမားသမဂ္ဂများကလည်း သူတို့၏ ဖိအားပေးညှိနှိုင်း နိုင်သည့်အင်အား ကျဆင်းသွားသည်။ လုပ်ခလစာများက မတိုးတက် တန့်နေသည်။ သူက နိဂုံး ချုပ်သုံးသပ်ရာတွင် ချမ်းသာသူများနှင့် ကျန်လူထုများအကြား ကွာဟမှု ကြီးထွားလာခြင်းသည် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးမှုအတွက် စိတ်အနှောက်အယှက် ဖြစ်စရာဟု ဆိုပါသည်။ 

ဤကိစ္စနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်နိုင်ပါမည်နည်း။ ပစ်ကက်တီက အကြံပြုထားသည်မှာ ပညာရေးတွင်ပို၍ ရင်းနှီး မြှုပ်နှံရန်ပင် ဖြစ်သည်။ ပို၍ပညာတတ်သည့် သူများက ပို၍လစာကောင်းသည့် အလုပ်ရရှိနိုင်ကြပေမည်။ သူ၏ အဓိကအဆို ပြုချက်က မည်သို့ပင်ဖြစ်စေ ဝင်ငွေများသူများကို ပို၍မြင့်မားစွာ အခွန်ကောက်ရန် ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ဓနဥစ္စာ စတင် အခွန်ကောက်ရန် အဆိုပြုထားသည်။ ဤသို့ဆောင်ရွက်နိုင်ရန်မှာ လွယ်ကူလှသည် မဟုတ်ပါ။ သူကတဖြည်းဖြည်းချင်း ချည်းကပ်သည့်ပုံစံနှင့် ဆောင်ရွက်ရန် အဆိုပြုပြီး၊ သို့မှသာ ချမ်းသာသူတို့နှင့် ကျန်လူထုများအကြား ကွာဟနေမှုကို ကျဉ်းမြောင်းစေနိုင်မည် ဖြစ်ပါတော့သည်။ 


Peter de Haan ရဲ့စာအုပ်နိဒါန်းပိုင်း ဘာသာပြန်တာ ဒီမှာပြီးပါပြီ။

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar