Breaking News

စစ်ကိုင်းတိုင်းက လက်နက်ကိုင် အဖွဲ့တွေရဲ့ နောက်အဆင့်တဆင့် လှမ်းတက်နိုင်ခြေ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၂


စစ်ကိုင်းတိုင်းက လက်နက်ကိုင် အဖွဲ့တွေရဲ့ နောက်အဆင့်တဆင့် လှမ်းတက်နိုင်ခြေ 

စစ်အာဏာသိမ်းမှုအပြီး စစ်ကိုင်းတိုင်းမှာ အစောဆုံး ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ တချို့ဟာ ယမန်နှစ် ဧပြီလ ဝန်းကျင်က ဖွဲ့စည်းခဲ့တာဖြစ်လို့ ခုဆိုရင် တနှစ်ခွဲကျော်ကာလ သက်တမ်းရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်လာပြီး နောက်အကျဆုံးပေါ်ပေါက်လာတဲ့ ဒေသအလိုက် လက်နက်ကိုင်အဖွဲ့တွေသည်ပင်လျင် တနှစ်နီးပါး သက်တမ်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တနှစ်တာကာလအတွင်း ဒေသတွင်းမှာ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းငယ်တွေ အနေနဲ့ တနှစ်တာကာလကို ပြန်လည်သုံးသပ် သင်ခန်းစာယူစရာတွေ ရှိသလို နိုင်ငံရေးအရလည်း စုစည်းမှု ရှိအောင်လုပ်ဆောင်ကြဖို့ လက်နက်ကိုင် တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ NUG မှာ တာဝန်ရှိလိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေမှာ ဒေသအလိုက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ အမိန့်ပေးစနစ်တခု ပေါ်ထွက်လာဖို့လည်း အရေးတကြီး လိုအပ်နေလိမ့်မယ်လို့ ယူဆရပါတယ်။ 

လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်ထွက်လာပြီး နိုင်ငံရေးအရ မစုစည်းနိုင်ခဲ့ရင် အချိန်ကာလကြာလာသည်နှင့် အမျှ တရွာတပုဒ်ဆန်း ဆိုသလို ကိုယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုယ် လက်နက်ကိုင် တိုက်ခိုက် အုပ်ချုပ်တာမျိုး ဖြစ်လာပြီး ဒေသတွင်းက အခြားသောအဖွဲ့အစည်းတွေ အခြားသော ဒေသကဒေသခံတွေနဲ့ အကြားမှာ နားလည်မှု လွဲမှားတာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီကို စုပေါင်းဗျူဟာနဲ့ ခုခံ တိုက်ခိုက်ခြွေယူနိုင်ဖို့မှာလည်း စုစည်းလုပ်ဆောင်မှု တွေ လိုအပ်သလို လက်နက်စုဆောင်းရေး၊ ရံပုံငွေရှာဖွေရေးတွေ အထိ စုပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေ တည်ဆောက်ထားဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေက နိုင်ငံရေး အခြေခံပေါ်မှာ တည်ဆောက်ကြရမယ့် သဘောဖြစ်ပြီး တနည်းအားဖြင့် တူညီတဲ့နိုင်ငံရေး ရည်မှန်းချက်တွေရှိဖို့  နိုင်ငံရေး အယူအဆတွေ ကျင့်သုံးရမယ့် နည်းလမ်းတွေက အစ ညှိနှိုင်းလုပ်ဆောင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်လိုက်ပြီးနောက်မှာ ကာလတို တခု လပိုင်း တနှစ် နှစ်နှစ်လောက်သာ စဥ်းစားပြင်ဆင်လို့မရတော့ပဲ ကာလရှည်အတွက် နိုင်ငံရေးလမ်းစဥ်၊ အဖွဲ့အစည်း ဆက်လက်ရှင်သန် နိုင်ရေး၊ ဒေသခံလူထုအနေနဲ့လည်း ရေရှည်မှာ ဆက်လက် အသက်ရှင်ထောက်ခံနိုင်ဖို့ သူတို့ရဲ့ အသက်မွေးမှုတွေ စတာတွေကိုပါ ထည့်သွင်းစဥ်းစားပြီး လုပ်ငန်းစဥ်တွေ ချမှတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ပြည်တွင်းစစ်တွေမှာ တနှစ်အတွင်း နှစ်နှစ်အတွင်း အနိုင်အရှုံး အဖြေပေါ်တာမျိုး နည်းပြီး ကာလအားဖြင့် ၅ နှစ် ၁၀ နှစ်အထိကြာရှည်မှ အဖြေပေါ်တဲ့ ပြည်တွင်းစစ်တွေလည်း ရှိကြတာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ပါဝင်မှု လက်နက် ငွေကြေး ပုံအောထောက်ခံမှုမရှိတဲ့ ပြည်တွင်းစစ်တွေက အချိန်ကြာနိုင်ပြီး နိုင်ငံတကာ စွက်ဖက်မှု ထောက်ပံ့မှုရှိတဲ့ ပြည်တွင်းစစ်တွေက အချိန်တိုကောင်းတိုပေမယ့် အခြားသော ရည်ရွယ်ချက်တွေပါဝင်လာရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိ လက်နက်ကိုင်တိုက်ပွဲက ဆယ်စုနှစ် ၇ ခုကျော်လာပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ လွတ်မြောက်ရေး ကိုယ်ပိုင်ပြဌါန်းခွင့် ရရေး အတွက် လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပေါ်လာတာကတော့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးဆိုတဲ့ ပြည်မလို့ သတ်မှတ်ခေါ်ဆိုကြတဲ့ မြန်မာလူမျိုးအများစုနေထိုင်ကြတဲ့ ဒေသတွေက ခုခံတိုက်ခိုက်မှု ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ကာ ဘုံရန်သူကို တိုက်ခိုက်မှုဖြစ်ပြီး ဒီမိုကရေစီ ပန်းတိုင်ထားတဲ့ ခုခံစစ် အနိုင်ယူဖို့ ပန်းတိုင်ထားတဲ့ စစ်ပွဲဖြစ်ပါတယ်။ 

ရေရှည်စစ်ပွဲဖြစ်လာတဲ့အခါမှာ စစ်ပွဲရဲ့ လတ်တလော အနိုင်အရှုံးတွေတင်မဟုတ်တော့ပဲ ရေရှည်အဖွဲ့အစည်းပုံစံ ဖွဲ့စည်းမှုတွေ၊ ရေရှည်တိုက်ပွဲကို ကြံ့ကြံ့ခံနိုင်မယ့် နိုင်ငံရေး စည်းရုံးမှုတွေ ၊ ဒေသခံတွေရဲ့ ရေရှည်ထောက်ခံမှုရဖို့ နိုင်ငံရေး စည်းရုံးမှု ဒေသခံတွေရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းတွေ ကိုပါ ထည့်သွင်းစဥ်းစားပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ 

ခြုံပြောရရင်တော့ တနှစ်ကျော်ကြာ လျှောက်ခဲ့တဲ့ ခရီးလမ်းကို ပြန်သုံးသပ်ကြည့်ပြီး ရှေ့လျှောက်လှမ်းရမယ့် လမ်းအတွက် လိုက်ဖက်ညီတဲ့ လမ်းစဥ်တွေ လက်တွေ့ကျင့်သုံးမှုတွေ လုပ်ဖို့ လိုအပ်လိမ့်မယ် လို့ယူဆပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar