Breaking News

နေ့စဥ်သတင်းတွေထဲ မြင်နေရတဲ့ ရင်နာစရာ နေအိမ်တွေ မီးရှို့ခံရခြင်းများ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၃၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၂


နေ့စဥ်သတင်းတွေထဲ မြင်နေရတဲ့ ရင်နာစရာ နေအိမ်တွေ မီးရှို့ခံရခြင်းများ

နေ့စဥ် သတင်းတွေထဲ ဖတ်ရှုတဲ့အခါ ဘယ်ရွာမှာ နေအိမ် ဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတဲ့ သတင်းတွေက အထူးအဆန်းမဟုတ်တော့တဲ့ သဖွယ် ဖတ်ရသူ ကြားရသူကို ခံစားရစေပါတယ်။ ယမန်နှစ် လက်နက်ကိုင် ခုခံမှု စခါစအချိန်က ထူးဆန်းခဲ့ပေမယ့် အခုအခါမှာ မထူးဆန်းတော့တဲ့ သဖွယ် ပါနေကျသတင်း မြင်နေကျ သတင်း သဖွယ်ဖြစ်လာတာပါ။ သတင်းဖတ်သူ ၊ နားဆင်ရသူအဖို့ သတင်းတပုဒ်သာဖြစ်ပေမယ့် မိမိတို့နေအိမ် မီးထဲပါသွားသူအဖို့က တဘဝစာ နာကျင်ရခြင်းဖြစ်ပါတယ်။ 

နေ့စဥ်ဖြစ်နေတာကြောင့် မထူးဆန်းသလို ဖြစ်လာနေပေမယ့် နေအိမ်တလုံးချင်းစီရဲ့ ဘဝတွေ မိသားစုဝင် ၅ ယောက် ကနေ ၁၀ ဦး ဒိထက်မကတဲ့အရေအတွက်လည်း ဖြစ်ကောင်းဖြစ်မယ့် မိသားတစုလုံးရဲ့ ဘဝတွေ နာကျင်ခံစားကြရ၊ ထိခိုက်ပျက်စီးကြရတဲ့ အဖြစ်အပျက်မျိုးဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အထက်ပိုင်းက အရေအတွက် အများဆုံး မီးရှို့ခံကြရတာ ဖြစ်ပြီး ချင်းပြည်နယ်ကလည်း ယမန်နှစ်က ထန်တလန် တမြို့လုံးနီးပါး မီးရှို့ခံခဲ့ကြရကာ မြို့အနေနဲ့ မီးရှို့ခံရတဲ့ ပထမဆုံးသော မြို့ဖြစ်ခဲ့တာပါ။ 

နေအိမ်တွေ မီးရှို့ဖျက်ဆီးတာဟာ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ သတ်မှတ်ပေမယ့်လည်း လောလောဆယ် အနေအထားမှာ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ရုံသာတင်ထားနိုင်ပြီး တားဆီးနိုင်ခြင်း အရေးယူနိုင်ခြင်း မရှိတဲ့အနေအထား ဖြစ်ပါတယ်။ 

နေအိမ်မီးရှို့ခြင်းကို စစ်ကောင်စီဘက်က အဓိကလုပ်ဆောင်နေတာ ဖြစ်ပြီး ကျေးရွာတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ထောက်ခံတာ ၊ အားပေးတာ ၊ ကူညီတာတွေကို ရပ်တန့်အောင် ခြိမ်းခြောက်တာ ဖိအားပေးတာ ဒဏ်ခတ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်ကောင်စီက ဘယ်တုန်းကမှ လူနေအိမ်မီးရှို့တယ်လို့ ဝန်မခံခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက နေ့စဥ်လိုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

နေအိမ်တွေမီးရှို့ရာမှာ ပစ်မှတ်ထားပြီး ရွေးရှို့တာမျိုး ရှိသလို တရွာလုံး တကွက်လုံး လောင်ကျွမ်းအောင် ရှို့တာတွေလည်း ရှိတာဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီကို တက်ကြွစွာထောက်ခံတဲ့ နေအိမ်၊ မိသားစုတွေထဲက ပီဒီအက်ဖ် တပ်ဖွဲ့ဝင်အဖြစ် ပါဝင်တဲ့နေအိမ်၊ ပီဒီအက်ဖ်တွေကို တက်ကြွစွာထောက်ခံတယ်လို့ သတင်းအချက်အလက်ကို ကျေးရွာသားတွေကိုပဲ စစ်မေးကာ ပစ်မှတ်ထားရှို့တာမျိုးလည်း ရှိနေခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုမှုတွေ အရသိရပါတယ်။ အချို့ ကျေးရွာတွေမှာတော့ ပစ်မှတ်ထားရွေးချယ် ရှို့တာမျိုးမဟုတ်ဘဲ ကျေးရွာရဲ့နေအိမ် အများစုကို မီးရှို့ဖျက်ဆီးတာမျိုး ဖြစ်ပါတယ်။ 

နေအိမ်မီးရှို့ခံရတဲ့အခါ နေထိုင်စရာ နေအိမ်ပဲ ဆုံးရှုံးတာမဟုတ်ဘဲ ရိက္ခာအဖြစ်နဲ့ စုဆောင်းထားတဲ့ စပါး၊ ပဲ နှမ်းတို့လို ဝမ်းစာနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ အဝတ်အစား၊ အသုံးအဆောင် ၊ ဆိုင်ကယ်တို့လိုမျိုးတွေပါ ပါဝင်တာကြောင့် အမိုးအကာတင်မက လူနေမှုဘဝတွေ နဲ့ သက်ဆိုင်တာတွေပါ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့စစ်အာဏာသိမ်းပြီးကစတင်လို့ ယခုနှစ် စက်တင်ဘာလအထိ စစ်ကိုင်းတိုင်း တခုထဲမှာ နေအိမ်  ၂ သောင်းကျော် မီးရှို့ခံထားရပြီးဖြစ်ကာ အားလုံးနီးပါးက စစ်ကောင်စီတပ်တွေက လုပ်ဆောင်တာလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ 

မီးရှို့တာဟာ နေအိမ်တွေတင် လောင်ကျွမ်းသွားတာ မဟုတ်ဘဲ ဒီဒေသက လူတွေရဲ့ ဘဝတွေကိုပါ ဖျက်ဆီးလိုက်တဲ့ သဘောဖြစ်ပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်၊ ရိက္ခာတွေ တချို့နေရာမှာ စိုက်ပျိုးရေး လုပ်ငန်းသုံးကျွဲနွားတွေပါ သေဆုံးခဲ့ကြရတာက စစ်ကောင်စီရဲ့ အဆုံးစွန်သော ရက်စက်မှုကို ပြသခဲ့တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar