Breaking News

မောင်လူရေး - စဉ်ဆက်မပြတ်တော်လှန်ခြင်း သမ္မာဝါယမ၊ တော်လှန်ရေးသမ္မာသတိ၊ စိတ်တူကိုယ်တူသမ္မာသမာဓိ

မောင်လူရေး - စဉ်ဆက်မပြတ်တော်လှန်ခြင်း သမ္မာဝါယမ၊ တော်လှန်ရေးသမ္မာသတိ၊ စိတ်တူကိုယ်တူသမ္မာသမာဓိ

(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၂


မအောင်မချင်း စဉ်ဆက်မပြတ် တော်လှန်ခြင်း = သမ္မာဝါယမ 

အမှား ဆိုတာ ရှိတာပဲ။ အမှား ဆိုတာထက် လိုအပ်ချက်ပေါ့။ မပြည့်စုံသေးတာပေါ့။ ဘယ်အလုပ်မှ တခါတည်း ပြီးပြည့်စုံတာမရှိ။ အဲဒီအမှားတွေကို ချေဖျက်ဖို့၊ တနည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ပဲ။ နောက်တခါလုပ်ရင် အရင်တခါထက် ပိုကောင်းလာ၊ ပြည့်စုံလာအောင် ကြံဆောင်ကြရမယ်။ နောက်တခါ ပိုကောင်းသထက်ကောင်းလာအောင် လုပ်ဆောင်တာဟာ သမ္မာဝါယမ။

ဒီတော်လှန်ရေး မအောင်မချင်း စဉ်ဆက်မပြတ် တွန်းလှန်နေတာ၊ တိုက်နေတာ၊ ထောက်ပံ့နေတာ၊ ကူညီနေတာ၊ အားပေးနေတာ၊ အကြံပြုနေတာ၊ ရန်ပုံငွေရှာနေတာ၊ လူသူလက်နက်စုဆောင်းနေတာ၊ နိုင်ငံရေးအမြင် ဖွင့်နေတာ၊ တော်လှန်ရေးနည်းနာ ကြံဆနေတာ၊ လေ့ကျင့်နေတာ၊ စစ်အာဏာရှင်စနစ် ခေါင်းမထောင်နိုင်စေတာ၊ လက်နက်နဲ့ လူပါးဝခြင်း ကင်းစင်စေတာ၊ အဓမ္မကောင်တွေ ပလ္လင်ပေါ် မတက်စေတာ၊ အာဏာနဲ့ လူလည်ကျတာ ရပ်စေတာ၊ ကလစ်နေတာ၊ ရတတ်သမျှ ဆန့်ကျင်နေရတာ၊ စစ်အာဏာရှင်အဆောက်အအုံမှန်သမျှ ဖြိုဖျက်ပစ်နေတာ သမ္မာဝါယမ။ 

လက်ရှိအခြေအနေမှန်ကို မျက်ခြေမပြတ်သိနေခြင်း = သမ္မာသတိ

ရန်သူရဲ့ အတိုး အဆုတ်ကို သိနေခြင်း။ ရန်သူ့အင်အားကို သိနေခြင်း။ ကိုယ့်အင်အားကို သိနေခြင်း။ ကိုယ့်အခြေအနေကို နားလည်နေခြင်း။ သူ့အခြေအနေကို မျက်ခြည်မပြတ်ခြင်း။ ကိုယ့်အခြေအနေကို မျက်ခြည်မပြတ်ခြင်း။ ကိုယ်အကျွံကို သိခြင်း။ သူ့အကျွံကို သိခြင်း။ လက်ရှိအခင်းအကျင်းအပေါ်  တစိုက်မတ်မတ် ရှိနေခြင်း။ မဟာမိတ်တွေရဲ့ သဘောထားကို သိရှိနားလည်နေခြင်း။ ရန်သူ့အထောက်အကူကို သိနေခြင်း။ ကိုယ့်အထောက်အကူကို သိနေခြင်း။ ရန်သူ့အုပ်စု စိတ်နေသဘောထားကို သိနေခြင်း။ ကိုယ့်အုပ်စုစိတ်နေသဘောထားကို သိနေခြင်း။ ကိုယ့်အားနည်းချက်ကို သိနေခြင်း။ ရန်သူ့အားနည်းချက်ကို သိနေခြင်းတို့ဟာ သမ္မာသတိ။ 

တော်လှန်ရေးအင်အားစုအားလုံးကို တော်လှန်ရေးလမ်းကြောင်းပေါ်၌သာ တစုတစည်းတည်း တည်ရှိနေစေခြင်း = သမ္မာသမာဓိ 

ထောက်ပို့တွေကို ထောက်ပို့လမ်းကြောင်းမှာ တည်တည်ငြိမ်ငြိမ် ဆက်လက်‌ထောက်ပို့နေစေခြင်း။ တိုက်နေသူတွေ တိုက်ပွဲမှာ ရဲရဲရင့်ရင့် ဆက်လက်တိုက်ပွဲဝင်နေစေခြင်း။ အလှူငွေထည့်သူတွေ ယုံယုံကြည်ကြည် ဆက်လက်ထည့်ဝင်နေစေခြင်း။ CDM သမားတွေ ခိုင်ခိုင်မာမာ ဆက်လက် ဆန့်ကျင်နေစေခြင်း။ တော်လှန်ရေး၌ ပါဝင်နေသူမှန်သမျှ စိတ်တူကိုယ်တူ ရှိနေစေခြင်းတို့ဟာ သမ္မာသမာဓိ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar