Breaking News

နေသွင်နိုင်း - ရေနဲ့တောက်လို့မရတဲ့အခါ မီးလိုပွင့်ပြနေရမယ်

ရေနဲ့တောက်လို့မရတဲ့အခါ
မီးလိုပွင့်ပြနေရမယ်
နေသွင်နိုင်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၃

လူယောက်ျား လူမိန်းမများ
ဘရာစီယာကြိုး ပင့်တင်
နှုတ်ခမ်းနီခြယ် မပျက်
 သူ့အိပ်ရာကိုယ့်အိပ်ရာ အလှည့်ကျအိပ်ရင်း
ရုပ်ရှင်ရုံထဲ နိုင်ငံတော်အလံကို ဇစ်ဆွဲ အလေးပြုနေကြချိန်
လူငယ်တယောက်
အိပ်မက်ကို ဈေးကြီးကြီးပေးဝယ်ဖို့
စစ်တလင်းကို ထွက်ခဲ့တယ်။

လူငယ်ဘာဝ
 တရားမျှတမှုကို အသည်းပေါက်အောင်ချစ်ကြ
ညတွေရဲ့ငယ်ထိပ်မှာ လူငယ်လို့ရေးပြီး
ကြက်ဥ မကျက်တကျက်ထဲ 
ပွန်းစတားပုံတွေ နွားနို့နဲ့ထည့်ပြုတ်
 ကိမုချိလို တက္ကသိုလ်နံရံမှာ သုက်ရည်ကိုပန်းထုတ်လို့
လူငယ်လို့ အော်ရင်း နေချင်သားပါ ဆရာရယ်တဲ့။

မရေးဖြစ်ခဲ့တဲ့ စာရွက်အလွတ်တချို့ 
ပွဲက မပြီးသေး 
မီးက သေခဲ့ကြတော့
ရန်သူ့ဦးခေါင်းကို ခူးဆွတ်ဖို့
တောလိုက်ထွက်ခဲ့တဲ့ လူငယ်
ကံ့ကော်၊ စိန်ပန်းတွေ ကျောပိုးအိတ်လေးထဲခေါက်သိမ်း
ချစ်သူကို အလွမ်းတေးနဲ့ ထားခဲ့တယ်။

ကြည့်စမ်း.....
အမေအိုတယောက် ခြံတံခါးဝမှာ လက်ပြကျန်ရစ်လို့
မြွေဆိပ်သင့် စုံလုံကန်းတိုင်းပြည်ကြီးမှာ
သားလည်း သား
ကျားလည်း ကျား
ဓါးလည်း ဓါးဟဲ့
ရွှေအိုးထမ်းပြန်လာမယ့်သားအတွက် လက်ခမောင်းခတ်
သမိုင်းကို သွေးနဲ့ဆေးကြောပြမတဲ့
မြစ်လို ကူးလို့မရတော့တဲ့အခါ
မုန်တိုင်းကို ဓါးဝင့် ပွင့်တောက်ပြလေသူ။

တစ် -နေရာယူ
နှစ်-အဆင့်သင့်
သုံး- မောင်းပြန်တလက်နဲ့ ဒေါင်းမာန်ခတ်တယ်
အပျိုရည်ပျက်သွားတဲ့ ပန်းကလေးတွေရဲ့
ရနံ့သေတောအုပ်မှာ
ရန်သူ့အသားကို အသားပြားလို လှီးထုတ်
စီစီဖတ်ရဲ့ကျောက်တုံးကြီးကိုတောင်ထိပ်ပေါ် တွန်းတင်
တောင်တန်းကြီးတွေကို ရွှေ့ပစ်မယ့်လူငယ်
မ အေ လိုးကို ငါကိုင်တုပ်လို့
အချစ်နဲ့ စစ်မှာ 
စစ်ကိုရွှေချ ခမ်းနားပြခဲ့ပြီ။

အမေ့နားကပ် ကျည်တကတ်
ချစ်သူ့ဆွဲကြိုး ကျည်ဆန်ဖိုးတဲ့
ရေငတ်ရ
အစာငတ်ရ
သေနတ်ငတ်ရ
ဗုံးငတ်ရ
တော်လှန်ရေးကို သူတောင်းစားလို လျှောက်လို့ 
အညာက ပြည်သူ့ကာကွယ်​ရေးစစ်သား လူငယ်တယောက်
ရန်သူ့သွေးကို ရေဆာသလို ဆာလောင်နေရတယ်။

လူငယ်တယောက်ရဲ့အိပ်မက်ကို မှန်စီရွှေချမရတော့
ရွှေဘိုသားဟာ ရွှေဘိုဓားဖြစ်ကြောင်း
အလောင်းဘုရားရဲ့သွေးနဲ့
သမိုင်းပဲ ရေးတော့မတဲ့ ။

ဓားကို ဓားအိမ်ထဲက ဆွဲနုတ်သလို ပြတ်သားမှုနဲ့
နိုင်ငံသစ်ရဲ့အသွေးအသား
မြစ်လို စီးလို့မရတော့
ပင်လယ်လို စီးဆင်းခဲ့လိုက်တယ် ။

ခွေးတွေသေမှာ မနှမြော
မင်းသေမှာနှမြောလို့
ပြည်သူ့နှလုံး မင်းသိမ်းကြုံးပြီး
ခွေးမျိုးသုဥ်းအောင် တိုက်ပေတော့
စာသင်ခန်းထဲ ဓမ္မကို ငါသင်တော့
လက်သီးချီကြွ အားရခဲ့သလိုမျိုး
အဓမ္မသားတွေကို ချပေတော့
သမိုင်းတခေတ် ဓားဖြစ်ရမယ့်အချိန်မို့
အားသစ်နဲ့သာ မိုက်ပေတော့။

ဘဝက
ရေနဲ့တောက်လို့မရတဲ့အခါ
 မီးလိုပွင့်ပြနေရမယ် ငါ့ကောင်ရေ။

ငါဟာ သခင်ကိုယ်တော်မှိုင်းလည်း မဟုတ်
မင်းဟာ အောင်ဆန်းလည်း မဟုတ်
ပန်းတထုပ်ထဲမှာ
မင်းရဲ့သမိုင်းတအုပ်ကို ငါတွေ့ရှိခဲ့ရတယ်။

မင်းဟာ ငါထိုင်ကန်တော့ရမယ့် လူငယ်
မင်းဟာ ငါအလေးပြုရမယ့် လူငယ်
မင်းဟာ ငါဦးညွှတ်ရမယ့် လူငယ်
ဆရာ့ထက် တပည့်က သေနတ်စောင်းထက်တော့
မင့်းတယောက်နဲ့တင် ငါ့မှာသေလို့ရပါတယ်။ ။

နေသွင်နိုင်း
(ပြည်သူ့ကာကွယ်ရေးစစ်သား ချစ်တပည့် ညီငယ် ဇေယျာသို့)
Fri , 6 Jan , 2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar