အင်းလေးကန်နံဘေးက ဒေသခံ PDF တချို့ အဖမ်းခံရ၊ လာမယ့် ရွေးကောက်ပွဲနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးလမ်းစဥ်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၈ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၃
အင်းလေးကန်နံဘေးက ဒေသခံ PDF တချို့ အဖမ်းခံရ၊ လာမယ့် ရွေးကောက်ပွဲနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးလမ်းစဥ်
ရှမ်းပြည်နယ် တောင်ပိုင်း ဒေသတွေ၊ ရှမ်းအရှေ့ ဒေသတွေ နဲ့ ပအိုးဝ် တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ရှမ်းတောင်ပိုင်းနဲ့ ရှမ်းမြောက်တွေမှာ NUG ရဲ့ လက်အောက်ခံ သို့မဟုတ် NUG မဟာမိတ် ဖြစ်တဲ့ PDF တပ်ဖွဲ့တွေ မရှိသလောက် နည်းပါးတာတွေ့ရပြီး အခုပထမဆုံးအနေနဲ့ အင်းလေးကန်ရဲ့ တောင်ပိုင်း အစွန်းလို့ဆိုရမယ့် အင်းတိမ်ကျေးရွာအနီးမှာ ဆယ်ဂဏန်းမျှ ရှိတဲ့ PDF တပ်ဖွဲ့တချို့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းတွေ ဖော်ပြထားကြပါတယ်။
မြန်မာနိုင်ငံမှာ အကျယ်ဆုံး တိုင်းရင်းသား ပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်လို့ဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အသီးသီးရှိကြပြီး အများစုက စစ်အာဏာသိမ်းပြီးနောက် တက်လာတဲ့ စစ်ကောင်စီနဲ့ ပိုနေမြဲ ကျားနေမြဲ မူဝါဒကို ကိုင်စွဲထားကြပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ့် လမ်းကြောင်းကို အများစုသော အဖွဲ့တွေက မရွေးချယ်ကြပါဘူး။ အဲဒီဒေသတွေမှာ ဒေသခံတွေရဲ့ PDF အဖွဲ့တွေ ပေါ်ထွက်လာတာ သိပ်မရှိကြပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာ ရွာငံနဲ့ ပင်းတယဘက်မှာ PDF အဖွဲ့အချို့ ဖွဲ့စည်းလှုပ်ရှားခဲ့ကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေနဲ့ တသီးတခြား ဖြစ်နေတာကြောင့်ရော လက်နက်နဲ့ ငွေကြေးကိစ္စ အထောက်အပံ့တွေ ရေရှည်ရဖို့ ခက်ခဲတာကြောင့်လည်း ရေရှည်မလှုပ်ရှားနိုင်ကြပါဘူး။ ခုလတ်တလော ဖမ်းဆီးခံလိုက်ရတဲ့ အင်းလေးကန်ရဲ့ အနောက်တောင်ဘက် အစွန် ဖြစ်တဲ့ အင်းတိမ် ကျေးရွာတဝိုက်မှာ လှုပ်ရှားကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
တောင်ကြီးမြို့မှာ ဆန္ဒပြမှုတွေအပြီး PDF လှုပ်ရှားမှုအချို့ရှိခဲ့ပေမယ့်လည်း ရေရှည် မရပ်တည်နိုင်ကြပဲ တဖြည်းဖြည်းနဲ့ တခြားနယ်ပယ်တွေကို ရွှေ့ပြောင်းသွားကြရတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် နယ်နိမိတ်အရ ဆို ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာတော့ ကယား ပြည်နယ်ဘက်က စစ်အာဏာသိမ်းအပြီး ဒေသအလိုက်ထွက်ပေါ်လာတဲ့ PDF အဖွဲ့တွေ ဖြစ်တဲ့ KNDF က အားကောင်းတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး နောက်ခံအခြေအနေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ လူမျိုးစုအရေးက နိုင်ငံရေးဖြစ်စဥ်တွေမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာ သိရှိနိုင်ပါတယ်။ ဝ အဖွဲ့လို့ ကိုယ်ပိုင် လက်နက်ကိုင် တပ် ၊ ရဲ၊ အုပ်ချုပ်ရေးနဲ့ ဖြစ်နေတဲ့ အဖွဲ့လိုကစလို့ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ MNDAA လို အဖွဲ့မျိုး၊ BGF အဖြစ်အသွင်ပြောင်းတာလက်ခံပြီး စစ်တပ်နဲ့ စည်းလုံးတဲ့ ဆက်ဆံရေးရှိကာ လူထုကို စစ်ဘုရင်သဖွယ် အုပ်ချုပ်တဲ့ ပအို့းဝ် အဖွဲ့၊ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးစုတွေထဲ အင်အားကြီးဆုံး လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP အဖွဲ့ ၊ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဆိုတဲ့ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏတိုက်ခိုက်နေတဲ့ အဖွဲ့တွေပါတဲ့ မဟာမိတ် စသဖြင့် အမျိုးမျိုးသော အဖွဲ့တွေက အမျိုးမျိုးသော နိုင်ငံရေး ရှုမြင်ချက်၊ လက်တွေ့အကျိုးစီးပွားတွေ အပေါ် အခြေခံကာ မူဝါဒ ချမှတ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဒေသအလိုက် ပေါ်ထွက်လာတဲ့ PDF အဖွဲ့တွေ အနေနဲ့ အဆိုပါ နိုင်ငံရေး စစ်ရေးအင်အား အစဥ်အလာ မဟာမိတ် ဖြစ်မှုတွေကို မကျော်လွန်နိုင်ကြတာ တွေ့ရပါလိမ့်မယ်။
မြန်မာ့ဒီမိုကရေစီ အရေးနဲ့ စစ်အာဏာရှင် ဖြုတ်ချရေးက အဖြူ အမဲ ခွဲခြားသလို ထင်သလောက် မရိုးရှင်းပဲ တိုင်းရင်းသား ဖက်ဒရယ်အရေး၊ လူမျိုးစု အချင်းချင်းအကြားက ဆက်ဆံရေး ပြဿနာတွေကိုလည်း တွဲလျှက် ဖြေရှင်းနိုင်ဖို့ မူဝါဒ၊ ရပ်တည်ချက်၊ မှန်ကန်တဲ့ချဥ်းကပ်မှုတွေ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ တချို့သောပြဿနာတွေက ၁၉၈၈ မှ ၂၀၂၁ ခုနှစ်မှ ပေါ်ပေါက်လာတဲ့ ပြဿနာတွေ မဟုတ်ပဲ အဲမတိုင်ခင်ကတည်းက လွတ်လပ်ရေး ရပြီးကာလတွေကတည်းက အခြေခံခဲ့တဲ့ ပြဿနာတွေ ဖြစ်လို့ ထင်သလောက် မရိုးရှင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
တဆက်ထည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအကြား လာမယ့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း မဟာဗျူဟာတွေ နည်းဗျူဟာတွေ ဆွေးနွေး သတ်မှတ်ထားကြဖို့ လိုအပ်နေတာတွေ့ရမှာဖြစ်ပါတယ်။ မကြာခင် သီတင်းပတ် အနည်းငယ်အတွင်း စိတ်လှုပ်ရှားစရာမရှိတဲ့ လွတ်လပ်မျှတစရာ အကြောင်းမမြင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာမှုတွေကို စစ်ကောင်စီဘက်က လုပ်လာစရာ ရှိပါတယ်။ စိတ်လှုပ်ရှားစရာ မရှိ၊ လွတ်လပ်မျှတစရာ အကြောင်းမရှိတာ အမှန်ဖြစ်ပေမယ့် အချို့သော နိုင်ငံရေးပါတီတွေ နဲ့ နိုင်ငံရေး အင်အားစုတွေက အခုလာမယ့် ရွေးကောက်ပွဲကို ဖြတ်သန်းချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံပြီး စစ်ကောင်စီက ကမကထလုပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဥ်ပြိုင်ချင်တဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေနဲ့ မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်ခံကြရနိုင်ခြေရှိတဲ့ မြန်မာနိုင်ငံရဲ့ ကျေးလက်နဲ့ မြို့နေ လူထုအခြေအနေတွေ အပေါ်မှာ ဘယ်လို တုံ့ပြန်ပြောဆိုမလဲ ကိစ္စတွေက အသေးစိတ် စဥ်းစားဆုံးဖြတ်ထားလို့ လိုအပ်နေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်ဆိုတဲ့ စကားက အဓိပ္ပါယ် အမျိုးသက်ရောက်စေနိုင်ပြီး အမှန်တော့ နိုင်ငံရေး ဖိအားတွေ လျော့ပါးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်တဲ့ နိုင်ငံရေးပရိယာယ် တခုလို့ဆိုရင် ပိုမှန်လိမ့်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar