နှင်းခါးမိုး - သမီးလေး
သမီးလေး
နှင်းခါးမိုး
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၃
ရီပါသမီးလေး ရီလိုက်ပါ။ သမီးရဲ့အရယ်အပြုံးမှာတောင် သမီးရဲ့ဒဏ်ရာဟာ နက်ရှိုင်းလွန်းလှပါတယ်။ လူဖြစ်ဖြစ်ချင်း မြင်ခဲ့ဖူးတဲ့ နံရံလေးဘက်ကြီးတွေအကြောင်း တချိန်မှာ အသေအချာသမီးသိလာမယ်။ အဲဒီအခါ သမီးအပြုံးမှာ နာကျင်မှုနဲ့ ပိုတောက်ပလာအုန်းမယ်။ အမေ့ရင်ခွင်မှာနေခွင့်ရခဲ့တဲ့ ၂၇ ရက်တာဟာ သမီးဘဝမှာ အနွေးထွေးဆုံးဖြစ်ချင်ဖြစ်မယ်။ သားတယောက်လုံးကို စွန့်ပစ်ခဲ့ရပြီးမှ တဝက်သာပြန်ရတာကိုပဲ ဂုဏ်ယူကျေ နပ်နေတဲ့ သမီးဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့ နောက်ဆုံးအင်အားတွေကိုညှစ်ထုတ်ထားတဲ့ မေတ္တာလက်မောင်းတွေကလည်း သန်မာပါတယ်သမီးလေးရဲ့။
တချို့က လူ့လောကကြီးကို ပေးဖို့လာတယ်။ တချို့က လူ့လောကကြီးဆီ ယူဖို့လာတယ်။ ဘာကိုမှအလကားမရတဲ့လောကကြီးမှာ မတန်တဆပေးရတာတွေလည်းရှိတယ်။ သမီးဖေဖေက သူပေးနိုင်တာထက် ပိုပေးခဲ့တဲ့သူပဲ။ သမီးမေမေကတော့ အမှန်တရားအတွက်ဆို ချစ်သူလက်ကို ဘယ် တော့မှမလွှတ်တဲ့သူပေါ့။ ဒါပေမဲ့ သူ့ခြေလှမ်းတွေကို ဘယ်အရာက ဆွဲ ထားခဲ့သလဲ။ ကြောက်စိတ်တော့ မဟုတ်တာသေချာရဲ့။ ခုန်မချနဲ့နော် ခုန်မချနဲ့နော်တဲ့။ နောက်ကဆွဲကိုင်ထားတဲ့လက်က ကြမ်းတမ်းသလောက် ထိတ်လန့်တုန်ယင်နေတာ သူသတိထားမိတယ်။ ဟိုးအောက်ဘက်မှာ နောက်ဖေးလမ်းကြားထဲ လဲပြိုနေတဲ့ရုပ်ခန္ခာတွေ၊ ရဲဘော်တွေ၊ သူငယ် ချင်းတွေ၊ ပြီးတော့ ချစ်သူ။ ပေါက်ကရမလုပ်နဲ့နော်၊ ဒီကလေးကို တို့ရအောင် မွေးကြမယ်။ ပြန်ကြားယောင်လိုက်တဲ့စကားသံမှာ အားကုန်ပြီးပုံလဲမတတ်။ သူ့ကိုလှေကားကျဉ်းလေးအတိုင်း တလကြမ်းဆွဲခေါ်ချသွားကြတယ်။
အိမ်ရောက်တော့ ကလေးက အောက်ကိုချလို့မရဘူး။ လက်ပေါ်မှာ အမြဲချီထားရတယ်။ အဲဒီ ၂၇ ရက်စလုံး အထဲမှာ သူ့အမေက ရင်ခွင်ထဲအမြဲပိုက်ထားပုံရတယ် တဲ့။ အထဲမှာ ရောဂါဘယတွေနဲ့၊ လစ်လျုရှုခံထားရတဲ့ဆေးဝါးကုသမှုနဲ့၊ မွေးကာစအသွေးအသားနုနုလေးအတွက် ကြမ်းတမ်းလွန်းတယ်မဟုတ်လား။ ကလေးကိုခေါ်ထုတ်သွားတော့ သူ့နှလုံးသားကို သူ့ခန္ဒာကိုယ်ထဲက ဆွဲထုတ်သွားသလိုပဲလေ။
နို့ဘူးကို ပထမလုံးဝလက်မခံဘူး။ တွန်းကန်အော်ဟစ်နေတာ။ နောက်တရက်ကျတော့ ငိုလိုက် မောပြီးအိပ်သွားလိုက်နဲ့၊ နောက်ဆုံးအရမ်းဆာလွန်းတော့မှ နို့ဗူးကို တပ်လို့ရတယ် တဲ့။ အမေ့နို့မဝပေမဲ့ အမေ့ရဲ့အင်အားသတ္တိမျိုးနဲ့ ဆက်လက်ရှင်သန်ပစ်လိုက်စမ်းပါသမီးလေးရေ။ လောကကြီးကို ချစ်ခြင်းမေတ္တာနဲ့ စိတ်သတ္တိရှိသူတွေက ပြောင်းလဲပစ်ကြစမြဲဆိုတာ အမြဲတမ်းသတိရပါ။
အောင်မြင်တဲ့အိမ်ထောင်ရေးနဲ့ သားသမီးလေးတွေရဲ့ အချစ်ဆုံးမေမေတယောက်လည်း အဲဒီနေ့က အိမ်ပြန်ရောက်မလာခဲ့ဘူး။ ပီဘိနုနယ်တဲ့လူ ငယ်လေးတွေ တိုက်ခေါင်မိုးပေါ်က ခုန်ချသွားကြတယ်။ မိဘတွေဟာ ရေခဲတိုက်လိုက်ရ၊ အချုပ်ခန်းလိုက်ရ၊ အရေးပေါ်ဆေးရုံလိုက်ရ။ အခြေအနေလေးမှသိခွင့်မရ။ ကိုယ်ချစ်တဲ့မိန်းမအလောင်းကို ကိုယ်ခိုးကြည့်ရ။ တတိုင်းတပြည်လုံးမှာ အဲဒီနေ့က ကြယ်တွေကြွေတာပေါ့လေ။ ဘာအတွက် သူတို့ပေးဆပ်သွားကြတာလဲ။ ရဲရင့်လိုက်ကြတာ။ အလွတ်ကြီးခုန်ချသွားတာ၊ အလွတ်ကြီးခုန်ချသွားကြတာ တဲ့။ နောက်တခါတော့ အမိမခံဘူး။ အသေခံပစ်လိုက်မယ် ဆိုပဲ။ ချောမောပြည့်စုံတဲ့မိန်းကလေးတယောက်ကို သူတို့ ဘယ်လိုဒဏ်ရာတွေ ပေးခဲ့ကြတာလဲ။
လူငယ်တွေမှာ အနာဂတ်ရှိတယ်။ အဲဒီအနာဂတ်အတွက် ဘာတွေပေး ဆပ်ရမလဲ။ အလွတ်ကြီးခုန်ချရမယ်ဆိုလဲ သူတို့ဟာ သစ်ရွက်လိုမကြွေဘူး။ ကြယ်လို အလင်းတန်းကြီးနဲ့ ထိုးဆင်းပျံသန်းသွားကြတာ။ ဒီလိုတောက်ပတဲ့ပုံပြင်တွေနဲ့ သမီးလေးတို့ကြီးပြင်းကြမယ်။ သမီးလေးတို့ခေတ်ဟာ လှပခဲ့တယ်ဆိုရင် အဲဒါ ဒီနွေဦးကြယ်လေးတွေရဲ့ ကိုယ်ပိုင်အလင်းကြောင့်ပဲ။ ဂြိုဟ်သေကြီးတွေဆိုတာကတော့ သူတို့ကြောင့်ကြွေပေးခဲ့ရတဲ့ကြယ်ကလေးကို ရေတွက်ရင်း၊ အတိတ်ရဲ့ကမ္ပည်းကျောက်ပြားပေါ်မှာ ပန်းလေးတွေချ မီးတိုင်လေးတွေညှိထွန်းရင်း ပုံပြင်တွေနဲ့ထုဆစ်ထားတဲ့ကျောက်ရုပ်တွေနောက်မှာ တိတ်ဆိတ်စွာကျန်ရစ်ခဲ့တဲ့ သင်္ချိုင်းစောင့်ကြီးတွေပေါ့။ သူတို့ဆီမှာ သမီးလေးတို့ရဲ့ငိုသံတွေကို ဘုရားကျောင်းမှာ သံပြိုင်ဆိုဖို့ သီချင်းတွေအဖြစ် သိမ်းဆည်းထားကြလေရဲ့။
ရီလိုက်စမ်းပါသမီးလေးရယ်။ သမီးလေးရဲ့ရီသံနဲ့ အတိတ်တွေကို ဟိုစကြဝဠာအဆုံးထိရောက်အောင် တွန်းထုတ်ပစ်လိုက်ချင်လို့ပါ။ ခုနက အတိတ်သင်္ချိုင်းစောင့် ဂြိုဟ်သေကြီးတွေပါ အဝေးဆုံးရောက်ချင်ရောက်သွားပါစေ။ သမီးလေးတို့ပိုင်စိုးတဲ့ကမ္ဘာမှာ တိုက်တွေကိုမြင့်မြင့်ဆောက်ပါ။ ခေါင်မိုးပေါ်မှာ ကြယ်လေးတွေအတွက် ဥယာဉ်လှလှ အိမ်လှလှလေးတွေနဲ့ပေါ့ကွယ်။
နှင်းခါးမိုး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar