Breaking News

ကိုအောင်မှိုင်း - ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စစ်တပ်ထဲ ဝင်တာလား

ကိုအောင်မှိုင်း - ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စစ်တပ်ထဲ ဝင်တာလား

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၃


စစ်တပ်ထဲဝင်တာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့လား ဆိုတဲ့ လူထုရဲ့မေးခွန်းကို နေ့ စစ်တပ်ထဲမှာရှိတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ ဖြေရပါလိမ့်မယ်။ ဒီမေးခွန်းကိုပဲ လက်ရှိ စစ်တပ်ထဲမှာ ရှိနေသူတွေရော တချိန်က စစ်တပ်ထဲမှာ စစ်မှုထမ်းခဲ့သူတွေရော အချင်းချင်းလည်း မေးခွန်းထုတ်နေ တဲ့ မေးခွန်းလို့ ပြောရမှာ ဖြစ်ပါတယ်။ 

သာမန် ရာဇဝတ်မှု ကျူးလွန်ရင်တောင် လူ့အဖွဲ့အစည်းအနေနဲ့ ရွံ့ရှာစက်ဆုပ်ကြလေ့ရှိပါတယ်။ 

အခုလို စစ်ရာဇဝတ်မှုတွေကို ရက်ရက်စက်စက် ဗြောင်ကျူးလွန်နေတာတွေကတော့ ကျနော်တို့လူအဖွဲ့အစည်းတင်မကဘဲ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေကိုယ်တိုင်ကိုကပါ စက်ဆုပ်ရွံရှာမုန်းတီးကြပါတော့တယ်။ ကမ္ဘာ့သမိုင်းမှာ အခုလိုစစ်ရာဇဝတ်မှုတွေကို ဘယ်လူ့အဖွဲ့အစည်းကမှ သူကောင်းပြုလေ့မရှိတာကလည်း ထင်ရှားတဲ့ သမိုင်းဆိုင်ရာမှတ်တမ်းတင်မှု ဖြစ်ပါတယ်။

ဗမာပြည်မှာ စစ်မှုထမ်းဖူးတယ်လို့ ပြောလိုက်တာနဲ့ ကနေ့နိုင်ငံတကာမှာ ခင်ဗျားကို လူသတ်သမား ဆိုတဲ့ သံသယအကြည့်နဲ့ကြည့်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ခင်ဗျားကိုယ်တိုင်လုပ်လုပ် မလုပ် လုပ် ခင်ဗျား ပါဝင်ပါတ်သက်ခဲ့တဲ့ အဖွဲ့အစည်းရဲ့ ဆိုးမွေကို ခင်ဗျားခံရမှာကလည်း မလွဲပါဘူး။ ဒီအခြေအနေကို ပြောင်းလဲဖို့ တာဝန်အရှိဆုံးက စစ်တပ်ထဲမှာ ရှိနေကြတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စစ်ထဲဝင်တာမဟုတ်ဘူးလို့ ခံယူကြသူတွေ ယုံကြည်ကြသူတွေက လှည့်ပြောင်းကြရမှာ အဓိကဖြစ်ပါတယ်။ 

အဲဒီလို ယုံကြည်ကြသူတွေကိုယ်တိုင်လည်း ရာဇဝတ်ဂိုဏ်းကြီး ဖြစ်နေတဲ့ လက်ရှိစစ်တပ်ကို စွန့်ခွာပြီး လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေကြသူ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ ထောင်ချီရှိနေပြီ ဖြစ်ပါတယ်။ 

သိရသလောက် ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ စစ်သည်တွေကိုယ်တိုင် ပါသလို ကြည်း၊ ရေ၊ လေ တပ်တွေက စစ်သည်တွေ အစုံ ပါဝင်ကြပါတယ်။ စစ်တပ်ထဲက ပညာရှင်တွေအနေနဲ့ကတော့ အခုလို သတ်မှတ်ခံရမှာ ဆက်ဆံခံရမှာကို လက်ခံလိုစိတ် မရှိကြတာ အခိုင်အမာ တွေ့နေရပါတယ်။

ဒီမေးခွန်းအဖြေဟာ ကနေ့ မြန်မာပြည် နိုင်ငံရေးနဲ့ ဆက်စပ်နေသလို နိုင်ငံတွင်း သွေးချောင်းစီး သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်၊ ရွာတွေ မီးရှို့နေသူတွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ 

လူထုတရပ်လုံးက နားလည်တာက စစ်တပ် ဆိုတာ လူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ဆိုတဲ့ ရိုးရှင်းလှတဲ့ အသိတွေပဲ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ ငါ လူ ၅ ယောက် သတ်ပစ်လိုက်တယ် လို့ မြိန်ရေယှက်ရေ ပြောနေကြတဲ့ စစ်သား ဆိုတဲ့ လူသတ်သမားတွေ ကိုယ်တိုင်ရဲ့ Video ကလစ်တွေကို ကြည့်လိုက်ကြရတဲ့အခါ လက်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အခိုင်အမာ သက်သေအထောက်အထားနဲ့ အတည်ပြုပေးလိုက်သလိုပါပဲ။ ဒီကလစ် နိုင်ငံတကာကို ရောက်လာတဲ့အခါ ချက်ချင်းပဲ ဗမာစစ်တပ်ဟာ ရာဇဝတ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ လူသတ်ဂိုဏ်းတခုအဖြစ် အသိအမှတ်ပြုလိုက်ကြတော့တာပါပဲ။

စစ်ဗိုလ်ချုပ်တွေ တချိန်လုံး လိမ်ညာခဲ့တာတွေဟာ ကနေ့ နည်းပညာ ခေတ်ကြီးမှာ အားလုံး ဘူးပေါ်သလို ပေါ်ကုန်တော့တာပေါ့ဗျာ။ ဘုန်းကြီးဆိုးတွေနဲ့ ပေါင်းပြီး ဗုဒ္ဓတရားအတုတွေ ဖန်တီးလို့ မရသလို တိုင်းရင်းသား ခေါင်းဆောင် အမည်ခံ စစ်တပ်လက်ဝေခံ ကိုယ်ကျိုးစီးပွားသမားတွေနဲ့ တိုင်းပြည် ငြိမ်းချမ်းရေးအတုတွေကို ဖန်တီးလို့မရပါဘူး။ 

ဒီလိုပဲ ပါတီအမည်ခံ စစ်တပ် ခါးပိုက်ဆောင်တပ်တွေနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်လို့မရပါဘူး ဆိုတာကတော့ ထင်ရှားလာပါတယ်။ အဓိကကတော့ လူထုဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ယုတ်မာရိုင်းစိုင်းမှုတွေ၊ လိမ်ညာမှိုင်းတိုက်မှုတွေကို လက်မခံကြတော့သလို ရွံရှာမုန်းတီးသွားကြပါပြီ။ 

အခြားလူ ပြောစကားအရမဟုတ်ဘဲ ကိုယ့်မျက်စိအောက်က အဖြစ်အပျက်တွေကပြ ကိုယ့်အသိကို ပြဋ္ဌာန်းလိုက်ကြတာပါ။ စစ်တပ်ဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာ ကိုယ်မျက်စိနဲ့ မြင်တယ်။ 

တခါတရံ ကိုယ်ကိုယ်တိုင် ခံစားရတယ်။ တခါတရံ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်ဆွေမျိုးသားချင်းတွေ ပက်ပက်စက်စက်အသတ်ခံနေကြရတယ်။ စစ်တပ်ဟာ အဆိုးဝါး ဆုံး စစ်ရာဇဝတ်မှုတွေကို နေ့စဥ်နဲ့အမျှ ကျူးလွန်နေကြတာကို ကြားနေ မြင်နေ သိနေကြရတာပါ။ ကနေ့ ကမ္ဘာကြီးဟာ ရွာလေးတရွာလို့ တင်စားနေရချိန်မှာ မြန်မာနိုင်ငံ ဆိုတာကတော့ သိပ်ကိုကျဥ်းလွန်းတယ်လို့ပဲ ပြောရတော့မှာပါ။ လက်ကိုင်ဖုန်း တချက် ကလစ်လိုက်တဲ့ သတင်းဟာ ကမ္ဘာ့ခေါင်းကြီး သတင်းတခု ဖြစ်သွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ငါနဲ့ ငါ့မိသားစု အကျိုးစီးပွားအတွက် လူတထောင် သတ်မယ်၊ လူတသောင်းသတ်မယ်၊ လူတသိန်း သတ်မယ် ဆိုတာကို ကမ္ဘာကြီးက ခွင့်ပြုမယ်ထင်ရင်တော့ ရူးသွပ်ခြင်းပြ ဖြစ်ပါလိမ့်မယ်။ 

တကယ်တော့ ဗိုလ်မင်းအောင်လှိုင်ဟာ ရူးသွပ်သွားခဲ့ပြီလို့ပဲ ဆိုချင်ပါတယ်။ သူ့တွက်ကိန်းအပြင်က တိုက်ခိုက်လာတဲ့ ခုခံမှုတွေကို ဘယ်လိုမှ မတားဆီးနိုင်တော့ဘူးဆိုတာ သူ သိနေပါတယ်။ လူတွေ သတ်နိုင် သလောက် သတ်ရင်း သူ အာဏာရမလားဆိုတဲ့ မျှော်လင့်ချက်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေကို ကနေ့ရောက်နေပြီဆိုတာ တတိုင်းပြည်လုံး သိသလို တကမ္ဘာလုံးသိနေပြီလို့ ပြောနိုင်ပါတယ်။

လတ်တလောက တိုင်းပြည်ကိုကာကွယ်ဖို့ ပြည်သူလူထုပိုက်ဆံတွေနဲ့ ဝယ်ယူထားတဲ့ လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ လူထုကိုသတ်ဖို့ အသုံးပြုနေတဲ့အတွက် လူထုက အခိုက်အတန့် နာကျင် ခံစားနေကြရတာပါ။ လူထုက အနိုင်တိုက်မှာပါ။ လက်နက်ကြီးတို့၊ လေယာဥ်တို့ ဆိုတာတွေဟာ အကန့်အသတ် ရှိပါတယ်။ လူထုဆိုတာ အကန့်အသတ်မရှိပါဘူး။ 

သေချာတာက ဗိုလ်မင်းအောင်လှိုင် စစ်ရှုံးသွားခဲ့ပါပြီ။ ဗိုလ်မင်းအောင်လှိုင်ဟာ စစ်တရားခံဖြစ်ပါတယ်။ 

ရာဇဝတ်မှု ကျူးလွန်ဖို့ စစ်တပ်ထဲဝင်တာ မဟုတ်ဘူးဆိုရင်တာ့ လူထုနဲ့အတူပူးပေါင်းပြီး၊ လူတွေ အစုလိုက်အပြုံလိုက်သတ် အာဏာထူထောင်လိုတဲ့ အာဏာရူးတယောက်ကို တားဆီးကြဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါကြောင်း အကြံပြုလိုက်ပါတယ်။

ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar